“ကျနော့်ဘေးက ရဲဘော်က ပွဲချင်းပြီး ကျသွားတယ်။ ခြံစည်းရိုး အတွင်းထိဖောက်ဝင်သွားတဲ့အထဲက ရဲဘော်တချို့က လေယာဉ်လာကြဲတော့ ကားအောက်ကို ဝင်ဝပ်လိုက်ကြတယ်။ အဲ့မှာ ထောင်ထားတဲ့ မိုင်းထိပြီး ဒဏ်ရာအပြင်းထန်ရကုန်ကြတယ် ကျနော်အပါဝင် ၅ ယောက်ပေါ့။ ငါ့ ခါးပြတ်သွားပြီ ငါတော့သေတော့မယ်လို့ အတွေးများနေတုန်း”
****************************
Ernesto Ba Chan
တိုက်ပွဲစဖြစ်တဲ့ရက်ကတည်းကစလို့ တရက်မပြတ် အသားဟင်းကို အမျိုးစားမထပ်အောင် စားခဲ့ရတယ်။ ရိက္ခာပို့ပေးတဲ့ အရပ်သားလူငယ်တွေဟာ ကျနော်တို့ ပစ်နေတဲ့ ဧရိယာထဲအထိ ရိက္ခာထုပ်ထမ်းပို့ပေးတယ်၊ ကျည်တွေဗုံးတွေကြားလူနာတွေ DB တွေလာထမ်းကြတယ်၊ ချက်ပြုတ်တဲ့လူတွေက ချက်ပြုတ် ထောက်ပံ့တဲ့ လူထောက်ပံ့ ပို့ဆောင်သူပို့ဆောင်နဲ့
တကယ်ကို နိုင်ရာနေရာကနေ အစွမ်းကုန်ပါဝင်ကြတာပါပဲ။
တစ်ကိုယ်စာ ကတုပ်ကျင်းထဲမှာ ဆေးလိပ်ရှိတယ် ဖက်ကြမ်းရော အဖြူရော၊ လစ်ပိုကဒ်ရှိမယ် ကွမ်းယာထုပ်ရှိမယ်၊ တခြားစားစရာတွေရှိမယ် ပစ်တာက တစ်ရက်လုံး တညလုံးပါပဲ နားလိုက် ပစ်လိုက်ပေါ့။
မနက်မိုးလင်းတာနဲ့ ရေသန့်နဲ့ မျက်နှာသစ်တယ် ရေသန့်ဗူးဆိုတာ ကဒ်လိုက် ကဒ်လိုက် ပြီးတာနဲ့ ပစ်ကြတာပါပဲ မောတဲ့လူက နောက်ပြန်ဆုတ် ဆေးလိပ်လေးဘာလေးသောက် စကားလေးဘာလေးပြော လေယာဉ်လာကြဲရင် ဝပ်ကြပေါ့။ ကျနော်တို့ဆို စခန်းထဲကို လစ်ပိုဗူးတွေနဲ့ ကောက်ထုပြီး သောက်ဖူးလား ခွေးတွေဆိုပြီး အော်ပေးကြတာ။


