RNA_မတ်(၄)၊၂၀၂၆ခုနှစ်။
အာဏာသိမ်းစစ်တပ်၏ ၂၀၂၆ ခုနှစ် မတ်လ (၂) ရက်နေ့တွင် အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသူ/သားများကို လွတ်ငြိမ်းခွင့်ပြုခဲ့ရာတွင် မတ်လ (၄) ရက်နေ့အထိ အကျဉ်းထောင် (၃၉) ခုမှ နိုင်ငံရေး အကျဉ်းသူ/သား (၄၄၀၃) ဦး လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကထုတ်ပြန်သည်။
မတ်လ (၄)ရက် ည(၈နာရီ) အထိ စုံစမ်းအတည်ပြုချက်အရ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ၏ အရေအတွက်များမှာ အင်းစိန်အကျဉ်းထောင်မှ ကျား (၃၅၀)ဦး နှင့် မ (၁၈)ဦး (ဆက်လက်အတည်ပြုရန်ရှိ)၊ ဟင်္သာတအကျဉ်းထောင်မှ ကျား(၁၀၀)ဦး နှင့် မ (၂၀)ဦး၊ ဒိုက်ဦးအကျဉ်းထောင်မှ ကျား(၁၇၇)ဦး နှင့် မ(၆၂)ဦး၊ အိုးဘိုအကျဉ်းထောင်မှ ကျား အချုပ်(၁၀)ဦး၊ မအချုပ် (၇၈)ဦး နှင့် ကျား (၆၇၀)ဦး၊ မ(၁၇၄)ဦး တို့အပါအဝင် (၄၄၀၃) ဦးလွတ်မြောက်ခဲ့သည်ဟု အတည်ပြု ထုတ်ပြန်ထားသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)နှင့် ပုဒ်မ ၅၂(က) တို့ဖြင့် တရားစွဲဆို ထောင်ချခံထားရသော အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးမှ အကျဉ်းသား/အကျဉ်းသူ ၇၃၃၇ ဦးကိုရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟုဆိုကာ စည်းကမ်းသတ်မှတ်ချက်ဖြင့် အာဏာသိမ်းစစ်တပ်က လွတ်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
#RedNewsAgency #RNA #REDNEWS



