စစ်ကောင်စီ ကြုံတွေ့နေရတဲ့ အခြေအနေက အာဏာရှင်တို့ရဲ့ နောက်ဆုံးအချိန်

“မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ မြန်မာ့သမိုင်းမှာ တကယ့်ကို အဆိုးဝါးဆုံးသော အာဏာရှင်အဖြစ် အမှိုက်ခြင်းတောင်းထဲကို စွန့်ပစ်ခံရမယ့်သူတွေ ဖြစ်ပါတယ်”
ရန်နိုင် – Wiper
မင်းအောင်လှိုင်က လူတတ်ကြီးလုပ်ပြီး မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့တဲ့နောက်မှာတော့ ခုချိန်မှာ အဖက်ဖက်က ထိုးနှက်ချက်တွေနဲ့ ကိုယ့်အမြှီးကိုယ်ပြန်မျိုနေတဲ့ မြွေလိုပဲ အချိန်ကြာလေ ပျက်စီးလေ ဖြစ်နေပြီ။ ပြည်သူတွေကတော့ အခက်ခဲကြားက အားကောင်း မောင်းသန်နဲ့ အကြမ်းဖက်စစ်တပ်ကို အဖက်ဖက်က ထိုးနှက်နိုင်နေဆဲဖြစ်ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးဟာ အရှိန်ကောင်းကောင်းနဲ့ အားကောင်းမောင်းသန်ဖြစ်လာတာကို အားလုံးတွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။
 
နွေဦးတော်လှန်ရေးကာလ တလျှောက်လုံးမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းဆန့်ကျင်သူ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ခဲ့ပေမယ့် တော်လှန်ရေးက နောက်ဆုတ်မသွားပဲ ပိုမိုအားကောင်းလာခဲ့တယ်။ တော်လှန်ရေးကြောင့် ပြည်တွင်းစစ်ရဲ့ တရားခံက အကြမ်းဖက်စစ်တပ်ပဲဆိုတာ ပြည်သူတွေ ထင်ထင်ရှားရှား သိလာကြတယ်။ အကြမ်းဖက်စစ်တပ်က မြန်မာ့နိုင်ငံရေးမှာ အမှိုက်တခုလို ဖြစ်နေပြီ ဆိုတာကို ရှင်းရှင်းလင်း သိလိုက်ကြရတယ်။ သမိုင်းတလျှောက် နိုင်ငံကိုဖျက်ဆီးနေတဲ့ စစ်အာဏာရှင်တွေ လုံးဝကင်းစင်သွားဖို့ လိုအပ်နေပြီဆိုတာကို တနိုင်ငံလုံးက လက်ခံလိုက်ကြပြီ။
 
“မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ မြန်မာ့သမိုင်းမှာ တကယ့်ကို အဆိုးဝါးဆုံးသော အာဏာရှင်အဖြစ် အမှိုက်ခြင်းတောင်းထဲကို စွန့်ပစ်ခံရမယ့်သူတွေ ဖြစ်ပါတယ်” လို့ မြန်မာ့နိုင်ငံအရေး စစ်ရေးအနေအထား တွေကို တစိုက်မတ်မတ်အကြံပြုရေးသားနေတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ အီဂေါဗလာဇီဗစ်က ဒီဗီဘီ သတင်းဌာနမှာ ဆွေးနွေးဖော်ပြထားခဲ့တယ်။ မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တစ်စုရဲ့ မြန်မာ နိုင်ငံရေးမှာ အမှိုက်တခုဖြစ်နေပြီဆိုတာကို နိုင်ငံရေးလေ့လာသူတွေတင်မဟုတ်ပဲ ပြည်သူတွေအားလုံးပါ သိနေကြပြီ။ စစ်တပ်မရှိဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့တော်လှန်နေတာကြောင့် အချိန်ကြာလေ စစ်တပ်အတွက် လုံးပါးပါးလာတဲ့ အခြေနေတခုကိုရောက်နေရပြီ။

မင်းအောင်လှိုင်နဲ့ လက်ပါးစေမျးကို မြန်မာပြည်တွင်းကလက်မခံသလို ပြည်ပနိုင်ငံတွေကလည်း တူတူတန်တန် အသိအမှတ်မပြုခဲ့ပေ။ အာဏာသိမ်းပြီး ၃ နှစ်ကျော်လာတဲ့အထိ စစ်ကောင်စီရဲ့ကိုယ်စားလှယ်အဖြစ် စေလွှတ်သူတွေကို ကုလသမဂ္ဂညီလာခံက လက်မခံခဲ့ပေ။ အာဏာသိမ်းမှုနဲ့အတူ လူအခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာ့စစ်တပ်ကို အသိအမှတ်ပြုလက်ခံလိုခြင်းမရှိတာကြောင့် ယခင်ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံရဲ့အမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံမှာလဲ ပြန်လည်ရွေးချယ် တင်မြောက်ပေးခဲ့ပြန်တယ်။ အာဏာသိမ်း (၃) နှစ်ကျော်လာပြီးတဲ့အထိ ASIAN မှာ အကြမ်းဖက်စစ်တပ်ကို ဖယ်ကျဉ်ထားသလို ဥပရောပနိုင်ငံတွေကလည်း အဘက်ဘက်က ပိတ်ဆို့ပြီး မြန်မာအကြမ်းဖက်စစ်တပ်ကို ဖယ်ကျဉ်ထားခဲ့ကြတယ်။
 
ဥရောပသမဂ္ဂ(EU) ကလည်း မြန်မာစစ်တပ်အပေါ် ပိတ်ဆို့ကန့်သတ်ထားတာတွေကို လာမယ့် ၂၀၂၅ ဧပြီ ၃၀ ထိ သက်တမ်းထပ်မံတိုးမြှင့်လိုက်ကြောင်း ၂၀၂၄ ဧပြီ ၂၆ က ကြေငြာခဲ့ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေ အပါအဝင် လူပုဂ္ဂိုလ် ၁၀၃ ဦး၊ အဖွဲ့အစည်း ၂၁ ခု တို့ရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားတာ‌တွေ ငွေကြေးနဲ့ စီးပွားရေးဆိုင်ရာ အရင်းအမြစ်တွေကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ လွှဲပြောင်းပေးအပ်တာ၊ အကျိုးဖြစ်ထွန်းအောင် ကူညီတာစတဲ့ လုပ်ရပ်တွေအားလုံးကို တားမြစ်ထားတယ်။ ဒီစာရင်းထဲမှာပါတဲ့သူတွေကိုလည်း အီးယူနိုင်ငံတွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားခဲ့တယ်။ တိုက်ရိုက်အကျိုးစီးပွား ရှိနေတဲ့ တရုတ်နိုင်ငံ နဲ့ ပုလင်းတူဗူးဆို့နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံတို့က ကျားကန်ပေးထားလို့သာ ခုချိန်ထိ ရပ်တည်နေနိုင်တာပဲ။
 
ပြည်သူတွေအတွက် အာဏာသိမ်းလို့ တနိုင်ငံလုံး စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အစစအရာရာ အဖတ်ဆယ်မရတော့ပေမယ့် အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးဆိုတာကတော့ အားကောင်းနေတုန်းပဲ။ လက် ၃ ချောင်းနဲ့တိုက်ခဲ့တဲ့ တိုက်ပွဲတွေ၊ လူပင်လယ်ကြီးနဲ့ ဆန္ဒထုတ်ဖော်မှုတွေ၊ အချိန်ကိုက် သံပုံးတီးတဲ့ တိုက်ပွဲတွေနဲ့ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်မောင်းထုတ်နေခဲ့ကြတယ်။ အာဏာသိမ်းစစ်တပ်က နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်နေလည်း ပြည်သူတွေကတော့ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ပွဲ ဝင်နေဆဲပါပဲ။ အကြမ်းဖက်စစ်တပ်အတွက်တော့ လက်နက်ကိုင်တော်လှန်ရေးနည်းအထိ မြင့်ဆုံးမားဆုံး တော်လှန်ရေးကို ပြည်သူများရဲ့ ထောက်ခံကူညီပေးမှုနဲ့ လူတန်းစားပေါင်းစုံ ပါဝင်နေကြပါတယ်။
 
လက်နက်မဲ့ပြည်သူတွေကို အကြမ်းဖက်စစ်တပ်ရဲ့ ပြည်ပကျူးကျော်စစ်ကို ကာကွယ်ဖို့တည်ဆောက်ထားတဲ့ စစ်တပ်ကြီးနဲ့ စစ်လက်နက်၊ နည်းပညာ အလွန်အကျွံသုံးပြီး သတ်ဖြတ်နိုမ်နင်းလာတာကြောင့် ပြည်သူတွေကလည်း လက်နက်ကိုင်တိုက်ပွဲဝင်လာကြရတော့တယ်။ ပြည့်သူ့ကာကွယ်ရေးတပ်မတော် ဆိုတာကလည်း စစ်တပ်ရဲ့ပြည်သူတွေအပေါ် ရက်စက်သတ်ဖြတ်မှုတွေကို မုန်းတီးလာတဲ့ပြည်သူတွေရဲ့ ဘက်ပေါင်းစုံကထောက်ပံ့ပေးတဲ့ ခွန်အားတွေ၊ ငွေကြေးတွေ နဲ့ ပေါ်ပေါက်လာတာပဲဖြစ်တယ်။ ပြည်သူတွေက မွေးပေးထားတဲ့ ပြည်သူ့ဘက်မှာရပ်တည်ပေးတဲ့ သိက္ခာရှိတဲ့ လက်နက်ကိုင် အင်အားစုတခုပဲဖြစ်တယ်။ နောက်တခုက ပြည်သူ့အတွက် ဒေသအကျိုးအတွက် စစ်အာဏာရှင်လက်အောက်က လူထုလွတ်မြောက်ရေးအတွက် အခြားသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများလည်း ပေါ်ပေါက်ခဲ့ပါတယ်။
 
ပြည်သူတွေကလည်း မိမိဒေသမှာ စစ်ပွဲဖြစ်ရင်တောင် မညီးညူပဲ နိုင်အောင်တိုက်ဖို့နဲ့ စစ်ခွေးတွေ ကျဆုံးတဲ့သတင်းကို အားရဝမ်းသာ Love React တွေပေး၊ Like တွေ Share တွေနဲ့ တော်လှန်ရေးရဲဘော်တွေကို အားတက်စေခဲ့ကြတယ်။ အားကောင်းလွန်းတဲ့ Social Media ဖြစ်တဲ့ Facebookကို ပိတ်ချလိုက်ရုံသာမက VPN တွေကိုလည်း အသည်းအသန်လိုက်ပြီး Ban နေရတဲ့အထိ ပြည်သူတွေက Social Media ပေါ်မှာလည်း အားပေးကြမ်းခဲ့ကြတယ်။ Facebook ပေါ်မှာ ပြည်သူတွေရဲ့ အားကောင်းလွန်းလို့ D-Day ခေါ်တဲ့ အသုံးအနှုန်းဆိုလည်း စစ်ကောင်စီက ကြောက်လန့်ခဲ့ရတယ်။ အသံတိတ်သပိတ်ကိုလည်း နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ခဲ့သလို၊ ပန်းသပိတ်၊ လျှပ်တပြတ် လူထုလှုပ်ရှားမှု သပိတ်တွေကိုလည်း ကြောက်လန့်နေပြီး နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်နေခဲ့တယ်။ လူမဆန်နဲ့ ဖမ်းဆီး နှိပ်စက်မှုတွေနဲ့ ၃ နှစ်ကျော်တဲအထိ ဆန္ဒပြသူတွေကို ဖိနှိပ်ခဲ့ပေမယ့်လည်း ပြည်သူတွေက နောက်တွန့်သွားလေ့မရှိပဲ နည်းလမ်းပေါင်းစုံနဲ့ရှာကြံပြီး ဆန္ဒပြတော်လှန်နေကြဆဲပဲ။
 
CDM လှုပ်ရှားမှုတွေ Boycott ဆိုတဲ့စစ်တပ်ထွက်ကုန်တွေ အသုံးမပြုတဲ့ သပိတ်မှောက်လှုပ်ရှားမှုတွေနဲ့ အာဏာသိမ်း စစ်ကောင်စီကို အကျပ်ရိုက်အောင်လုပ်ဆောင်နိုင်ခဲ့ကြတယ်။ ပြည်သူတွေရဲ့ Boycott ကြောင့် စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ မြန်မာဘီယာက က ၇၀% နှုန်းလောက်ထိကျဆင်းခဲ့ပါတယ်။ အာဏာသိမ်း ၃ နှစ်ကျော်လာတဲ့အထိ မြန်မာဘီယာလို စစ်တပ်ရဲ့ထုန်ကုန်တွေကို ပြည်သူတွေက သပိတ်မှောက် Boycott လုပ်နေကြဆဲဖြစ်တယ်။
 
ဒါတွေအပြင် CDM လှုပ်ရှားမှုမှာ ပါဝင်နေဆဲဖြစ်တဲ့ နိုင်ငံဝန်ထမ်းတွေက ဘယ်လိုအခက်ခဲကြုံနေပါစေ ယုံကြည်မှုနဲ့ ပါဝင်နေကြဆဲဖြစ်တယ်။ CDM ကြောင့် စစ်ကောင်စီက Black List သွင်းထားသူတွေကို ဖြေလျှော့ပေးလိုက်ကြောင်း ဇူလိုင် ၁၂ က စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ “သူတို့ကိုမကြိုက်လို့ ဆန့်ကျင်ထားတာလေ။ သူတို့လက်အောက်ကို ဘာလို့ပြန်ဝင်မှာလဲ။ စိတ်တောင် မကူးဘူး” ဆိုပြီး CDM လုပ်နေတဲ့ ပြည်သူတွေကတော့ ခုချိန်ထိ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန် နေဆဲပဲ။ တော်လှန်ရေးအပေါ် ခိုင်မာတဲ့ရပ်တည်ချက်တွေက CDM သူရဲကောင်းတွေရဲ့ လေးစားစရာ စိတ်ထားတွေပဲဖြစ်ပါတယ်။
 
ခုချိန်မှာ ရန်ကုန်လိုမြို့ကြီးတွေမှာ မီးမှန်ဖို့ထက် အလှည့်ကျလာတဲ့မီးကို မှန်မှန်လာဖို့သာဆုတောင်းနေ ရလောက်အောင် အခက်ခဲတွေကြုံနေကြရပါတယ်။ ဒီလိုအခက်ခဲတွေ၊ စစ်ကောင်စီရဲ့ နည်းလမ်းပေါင်းစုံနဲ့ နှိပ်ကွပ်မှုတွေကြောင့်သာ မြို့ပေါ်နေပြည်သူတွေက ငြိမ်နေကြရပေမယ့် အကြမ်းဖက်စစ်တပ်ကို ဆွမ်းကြီးလောင်းရမယ့် ရက်တွေကိုတော့ စိတ်ထဲကစောင့်နေကြဆဲပါပဲ။ စစ်တပ်ဆန့်ကျင်စကားတွေကို အရင်လို ကျယ်ကျယ်လောင်လောင် အသံမပြုရဲပေမယ့် အာဏာရှင်ပြုတ်ကျဖို့ဆိုတာ လက်နက်ကိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တာဝန်ချည်းမဟုတ်ပဲ ပြည်သူအားလုံးပါဝင်တိုက်ပွဲဝင်ရမယ်ဆိုတာကို လေးလေးနက်နက် သိနေကြတယ်။
 
လက်နက်မကိုင်ပဲ ရတဲ့နည်းနဲ့ ဆန့်ကျင်တိုက်ပွဲဝင်ပြီး စစ်တပ်ကို စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးတွေမှာ အမြဲတမ်းအခက်ခဲကြုံအောင် နှောင့်ယှက်နိုင်နေခဲ့ကြတယ်။ စစ်တပ်က အတင်းအကျပ်လုပ်နေတဲ့ ရွေးကောက်ပွဲတွေကို မပူးပေါင်းတဲ့လုပ်ရပ်တွေ၊ ပျော်ပွဲရွှင်ပွဲ ရက်တွေကို သပိတ်မှောက်ပြီး တိတ်ဆိတ်အောင် လုပ်နိုင်တာတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် အားကောင်းလွန်းတဲ့ လှုပ်ရှားမှုတွေပဲဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် နိုင်ငံတကာမျက်နှာစာတွေမှာလည်း အကြမ်းဖက်စစ်တပ်ကြောင့် မြန်မာပြည်သူတွေ ဒုက္ခဆင်းရဲကြုံနေရတာတွေကို ထင်ရှားစေခဲ့ကြတယ်။
 
အာဏာသိမ်းပြီးကတည်းက ၂၀၂၄ မေလ အထိ ကျပ်ငွေ ဘီလျံ ၃၀၀၀၀ ကျော် ရိုက်နှိပ် ထုတ်ဝေခဲ့တယ်လို့ NUG ဖော်ပြခဲ့ပါတယ်။ စစ်အာဏာရှင်လက်ထက်မှာ ငွေကြေးအသစ်တွေရိုက်နှိပ်ထုတ်သုံးစွဲခဲ့တာကြောင့် ကျပ်ငွေဈေးနှုန်း အဆမတန် မြင့်တက်လာခဲ့တယ်။ ဒေါ်လာဈေးတက်၊ ရွှေဈေးတွေ တက်နေပြီး ကုန်ဈေးနှုန်းတွေလည်း အဆမတန်တက်နေသလို စစ်ကောင်စီအလိုကျလည်ပတ်နေတဲ့ ဘဏ်တွေကြောင့် ငွေကြေးစီးဆင်းဖို့ခက်ခဲနေတယ်။ ကိုယ်တိုင်အပ်ထားတဲ့ ငွေကြေးကိုပဲ ပြည်သူတွေ လွယ်လွယ်ကူကူ ပြန်ထုတ်လို့မရလောက်အောင် စစ်ကောင်စီရဲ့ အလိုကျလည်ပတ်ပေးနေကြတယ်။ ပြည်သူတွေရဲ့ ငွေကြေးနဲ့ လည်ပတ်နေရတဲ့ ဘဏ်တွေကလည်း ပြည်သူတွေမျက်နှာထက် စစ်ကောင်စီအလိုကျပြည်သူတွေအပေါ် မျက်နှာလွှဲခဲပစ် တုန့်ပြန်နေကြတာကြောင့် ငွေကြေးပမာဏများများနဲ့ လည်ပတ်နေရတဲ့ စီးပွားရေး လုပ်ငန်းတွေ ရပ်သွားရတယ်ဆိုပြီး လုပ်ငန်းရှင်နဲ့ စီးပွားရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။
 
စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အရမဟုတ်ဘဲ ငွေထုတ်ယူသူတွေ များလွန်းတဲ့အတွက် ဘဏ်တွေက ကိုယ်ပိုင်မူနဲ့ ကန့်သတ်လိုက်တယ်လို့ DBV သတင်းမှာ ဖော်ပြထားပါတယ်။ အခုလို စစ်အာဏာရှင်တွေ ဖိနှိပ်လို့ ပြည်သူတွေခက်ခဲနေချိန် ကျရှုံးတော့မယ့်အကြမ်းဖက်စစ်တပ်ရဲ့ ညွှန်ကြားချက်တွေ အမိန့်တွေကို လိုက်ပါလုပ်ဆောင်ပေးပြီး ပြည်သူတွေကို မထောက်မညှာဆက်ဆံနေတဲ့ ဘဏ်လုပ်ငန်းတွေအနေနဲ့ကလည်း ပြည်သူတွေ စီးပွားရေးကျပ်တည်းပြီး တော်လှန်ရေးအပေါ် အားလျော့အောင် စစ်ကောင်စီနဲ့ပူးပေါင်းနေကြပြီလား။ စစ်အသုံးစရိတ်များလွန်းပြီး စစ်ကောင်စီကလုပ်ငန်းရှင်တွေကို အကျပ်ကိုင်တာကြောင့် ပြည်တွင်းမှာလည်း ပြည်တွင်းစီးပွားရေးတွေ ဘဏ်တွေကလည်း လည်ပတ်ဖို့ခက်ခဲနေရပြီ။ စစ်ကောင်စီကလည်း တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တွေရဲ့ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေကြောင့် မန္တလေးမြို့ထိ ခံစစ်ပြင်နေရပြီ။
 
စစ်ကောင်စီကို တိုင်းရင်းသားတော်လှန်ရေးတပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တော်လှန်ရေးတပ်တွေက လက်နက်ကိုင် တိုက်ပွဲဝင်နေကြသလို လက်နက်မကိုင်ဘဲ အာဏာဖီဆန်သူ ပြည်သူတွေကလည်း အဘက်ဘက်က ညီညီညာညာ တိုက်ပွဲဝင်နေတာကြောင့် စစ်ကောင်စီရဲ့အဖြစ်က “ကိုယ့်အမြီးကိုယ် ပြန်မြိုနေတဲ့ မြွေလိုပဲ” ထွေးထုတ်လို့လဲ မရတော့တဲ့အချိန်မှာ ဆက်မြိုပြီးပဲ အသေခံသွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ။
#RedNewsAgency
By Editor