လက်နက်ကိုင် အာဏာရူးတွေကြောင့် ပြိုလဲခဲ့ရသော နိုင်ငံတော် 

“စစ်ကောင်စီဟာ ခေတ်အဆက်ဆက် အာဏာရှင်စစ်ခေါင်းဆောင်တိုင်း နင်းနေကြအကွက်ဖြစ်တဲ့အစည်းအဝေးသို့ တက်ရောက်၍ တိုင်ပင်ဆွေးနွေးကာ လိုအပ်သည်များကို မှာကြားခဲ့ပါတယ်ဆိုတဲ့ TV မှာ သတင်းကြေငြာ ဝါဒဖြန့်ကောင်းရုံ အဆင့်ကိုကျင့်သုံးနေပြီး လက်တွေ့မှာ အလုပ်မဖြစ်နိုင်တဲ့ကိစ္စတွေကို ဟန်ပြလို့ ကောင်းနေကြတုန်းပါပဲ။ စီးပွားရေးကဏ္ဍ ကျဆုံးမှုတွေအတွက် စစ်ကောင်စီက တာဝန်ယူဖြေရှင်းပေးနေပုံတွေကလည်း ကြောက်ခမန်းလိလိ အံ့အားသင့်လောက်အောင် ညံ့ဖျင်းနေဆဲပဲ ဖြစ်ပါတယ်”

ကေဂျီ – Wiper

စစ်တပ်အာဏာသိမ်းပြီး ၃နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ် မေလ ကုန်ရက်ပိုင်းအတွင်း နိုင်ငံရဲ့သမိုင်းမှတ်တမ်းတစ်လျှောက်မှာ ငွေကြေးတန်ဖိုး စံချိန်တင် ကျဆင်းမှုနဲ့ ပြည်တွင်းရွှေဈေးနှုန်းစံချိန်တင် မြင့်တက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောခဲ့တဲ့ ဦးမော့လာနေပါပြီဆိုတဲ့ နိုင်ငံ့စီးပွားရေးရဲ့ အခြေအနေမှန်ဟာ ပျက်ကပ်ဆိုက် လဲပြိုသွားနိုင်လောက်တဲ့အဆင့်ကို ရောက်ရှိနေပြီ ဖြစ်တဲ့အကြောင်း သိသိသာသာ ထွက်ပေါ်လာခဲ့ပါပြီ။ အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့က အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ ၁၃၃၁ သာရှိပြီး၊ အခေါက်ရွှေ တစ်ကျပ်သား ၁၃၂၂၀၀၀/ ဆယ့်သုံးသိန်းကျော်လေးသာ ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရွှေတစ်ကျပ်သားကို ၅၉ သိန်းနီးပါး၊ ကျပ်ငွေဈေးဟာလည်း တဒေါ်လာကို ၅၀၁၀ ဝန်းကျင်အထိ စံချိန်တင်ထိုးတက်ခဲ့ပါတယ်။

နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှု ဒဏ်တွေအပေါ်မှာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ခြင်းမရှိတဲ့အတွက် ကုန်ဈေးနှုန်းဟာ အဆမတန်ကြီးမြင့်လာခဲ့ပြီး အခြေခံလူတန်းစားတွေကို ဒုက္ခအကြပ်တည်းရောက်စေခဲ့ပါတယ်။ အာဏာသိမ်းပြီး ၃နှစ်ကျော်အတွင်း စစ်ကောင်စီဟာ မြန်မာကျပ်ငွေ ဘီလီယံ ၃ သောင်းနီးပါး ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်းကလည်း ငွေကျပ်တန်ဖိုးကို ကျဆင်းစေတဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်ခဲ့ကြောင်းကို NUG ဝန်ကြီး ဦးတင်ထွန်းနိုင်ရဲ့ ပြောဆိုမှုမှာ တွေ့ရှိရပါတယ်။ ၂၀၂၂တုန်းက စစ်ကောင်စီကထုတ်ပြန်တဲ့ ပထမ ၆ လတာ ပြည်ထောင်စုဘတ်ဂျက်မှာ ကာကွယ်ရေးအသုံး စရိတ်က ကျပ်သန်းပေါင်း ၁,၇၄၆,၈၆၈,၉၈၉ ရှိခဲ့ပြီး ပညာရေးအသုံးစရိတ်နဲ့ ကျန်းမာရေးအသုံးစရိတ် ၂ခုရဲ့ စုစုပေါင်းအသုံးစရိတ်က ကျပ်သန်းပေါင်း ၁,၆၆၅,၉၉၃,၄၄၀ ပဲရှိတာကြောင့် ကာကွယ်ရေးအသုံးစရိတ်က ပိုများခဲ့တာကို တွေ့ရပါတယ်။ 

အာဏာမသိမ်းခင် အရပ်သားအစိုးရ လက်ထက် ၂၀၁၈၁၉ ဘဏ္ဍာနှစ်က ကျပ်ဘီလီယံ ၃၂၀၀ ကျော်၊ ၂၀၁၉၂၀ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလီယံ ၃၃၀၀ ကျော်၊ ၂၀၂၀၂၀၂၁ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလီယံ ၃၄၀၀ ကျော်ကို နိုင်ငံတော် ကာကွယ်ရေးအသုံးစရိတ်အဖြစ် စစ်တပ်ကအသုံးပြုခဲ့ပါတယ်။ ၂၀၂၂၂၀၂၃ ဘဏ္ဍာနှစ်မှာ ကာကွယ်ရေးအသုံးစရိတ် ခေါင်းစဉ်နဲ့ စစ်သုံးစရိတ် ကျပ်ဘီလီယံ ၃,၇၀၀ ကျော်သုံးစွဲခဲ့ပြီး ၂၀၂၃၂၄ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနကနေ ကျပ်ဘီလီယံ ၅,၆၀၀ ကျော် သုံးစွဲဖို့ စစ်ကောင်စီက ခွင့်ပြုခဲ့တယ်လို့ ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေမှာ ဖော်ပြထားတာကိုလည်း ၂၀၂၃ ဧပြီလ ဒုတိယအပါတ်မှာ တွေ့ရှိခဲ့ရပါတယ်။ 

စစ်ကောင်စီရဲ့ အဆင်ခြင်မဲ့လုပ်ရပ်တွေဟာ လက်တွေ့မှာ ထိရောက်မှုရှိခဲ့သလားဆိုတာရဲ့ အဖြေကတော့ စစ်ကောင်စီအတွက် လက်ရှိအချိန်မှာ ကိုင်တွယ်ဖြေရှင်းရခက်ခဲတဲ့ ပြဿနာတစ်ခုပိုတိုးလာစေပြီး တိုင်းပြည်မှာ စီးပွားရေးပျက်ကပ် ဖြစ်ပေါ်လာခဲ့တာဟာ ခိုင်မာတဲ့သက်သေတစ်ခု ဖြစ်လာခဲ့ပါပြီ။ စီးပွားရေးထိခိုက်ကျရှုံးမှုအပြင် စစ်ရေးမှာလည်း နယ်မြေစိုးမိုးနိုင်စွမ်းတွေ ကျဆင်းနေပြီး သိသိသာသာအရေးနိမ့်နေဆဲ ဖြစ်ပါတယ်။

စစ်ပညာနဲ့ မဆိုင်တဲ့ အခြားသော ပညာရပ်နယ်ပယ်တွေမှာ မိုးကျရွှေကိုယ်တွေကို အမိန့်ပေးစေခိုင်းသူအဖြစ် ဦးစီးဆောင်ရွက်စေခဲ့တဲ့ အာဏာရှင်ရဲ့ စနစ်ဟာ သတင်းအချက်အလက် စီးဆင်းမှုမြန်ဆန်တဲ့ ၂၁ ရာစုမှာ နိုင်ငံကို အဆိုးရွားဆုံး ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီရဲ့ အစည်းအဝေးကို မတ်လ ၁၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ပြီး (/၂၀၂၃) အစည်း အဝေးမှာ ချမှတ်ခဲ့တဲ့ ၁၀ ချက်ကို အကောင်ထည်ဖော်ကြမယ်လို့ ဆိုခဲ့ပြီးကာမှ လပိုင်းရက်ပိုင်းအတွင်း နိုင်ငံရဲ့ကုန်ဈေးနှုန်းဟာ ထိန်းမနိုင်သိမ်းမရ ထိုးတက်လာတာမျိုးကို တွေ့နေရပါတယ်။ စစ်ကောင်စီဟာ ခေတ်အဆက်ဆက် အာဏာရှင်စစ်ခေါင်းဆောင်တိုင်း နင်းနေကြအကွက်ဖြစ်တဲ့အစည်းအဝေးသို့ တက်ရောက်၍ တိုင်ပင်ဆွေးနွေးကာ လိုအပ်သည်များကို မှာကြားခဲ့ပါတယ်ဆိုတဲ့ TV မှာ သတင်းကြေငြာ ဝါဒဖြန့်ကောင်းရုံ အဆင့်ကိုကျင့်သုံးနေပြီး လက်တွေ့မှာ အလုပ်မဖြစ်နိုင်တဲ့ကိစ္စတွေကို ဟန်ပြလို့ ကောင်းနေကြတုန်းပါပဲ။ စီးပွားရေးကဏ္ဍ ကျဆုံးမှုတွေအတွက် စစ်ကောင်စီက တာဝန်ယူဖြေရှင်းပေးနေပုံတွေကလည်း ကြောက်ခမန်းလိလိ အံအားသင့်လောက်အောင် ညံ့ဖျင်းနေဆဲပဲ ဖြစ်ပါတယ်။

မေလကုန်ပိုင်းမှာ စစ်ကောင်စီဟာ ဟွန်ဒီငွေလွှဲလုပ်ကိုင်သူ ၁၂ ဦးကို ဖမ်းဆီးတာတွေ၊ ဘဏ်စာရင်းနှင့်ငွေစာရင်းအကောင့် ၇၄ ခုကို ပိတ်ပင်လိုက်တာတွေ၊ ရန်ကုန်မြိုတွင်းနဲ့ မန္တလေးမြိုတွင်းက ရွှေကုန်သည်နဲ့ ဒေါ်လာဝယ်ရောင်းတွေကို စသုံးလုံး၊ စရဖတွေနဲ့ စောင့်ကြည့်စစ်ဆေးတာတွေကို ပြုလုပ်ခဲ့ပါတယ်။ ဇွန်လ ၁ ရက်မှာ ရွှေကုန်သည်နှင့်ရွှေဆိုင်ပိုင်ရှင် ၂၀ ဦးထက်မနည်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) က ခေါ်ယူစစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ နောက်တရက်မှာတော့ မြန်မာနိုင်ငံရဲ့ အဓိက ရွှေဆိုင်ပိုင်ရှင်နဲ့ ရွှေကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ပြီး ၂၁ ဦးကို ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဇွန်လ ၄ရက်နေ့ ထုတ်သတင်းစာမှာအရောင်းအဝယ်ဈေးကွက်ကို တန်ဖိုးဖြတ်သည့် ရွှေနှင့် နိုင်ငံခြားငွေဈေးနှုန်း ကမောက်ကမဖြစ်စေရန် ဖန်တီးခဲ့ကြသည့် ဝိသမ လောဘသားများကို နိုင်ငံတော်က ပြည်သူများအကျိုးစီးပွားကိုရှေးရှုပြီး ဖော်ထုတ်တားဆီးနိုင်ခဲ့သည်။ဟုပါရှိလာပြီး ကွန်ဒိုရောင်းဝယ်သူ ၅ဦးနဲ့ ရွှေဆိုင်ပိုင်ရှင်၊ ရွှေကုန်သည်ပွဲစား ၁၄ ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၁၁ ဦးကိုလဲ ဖမ်းဆီးအရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ မြေပြင်အရှိအတိုင်းဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ထက် ဝါဒဖြန့် ဖြေရှင်းပြနိုင်ရေးကိုသာ ပိုအားထားတာကို တွေ့ရပါတယ်။ စစ်ကောင်စီခေါင်းဆောင်တွေ တရားဝင်အသုံးပြုလို့ မရနိုင်တော့တဲ့ Facebook ဆိုရှယ် မီဒီယာကို ပြည်တွင်းမှာ လုံးဝအသုံးပြုလို့ မရနိုင်အောင်နဲ့ အခြားတစ်ခုကို အစားထိုးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လဲ အောင်မြင်မှုမရရှိခဲ့ပါဘူး။ တကယ်တမ်း ပြည်တွင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေထွက်ငွေမမျှတမှု၊ ငွေကြေးဖောင်းပွမှုတွေအတွက် စစ်ကောင်စီ ဦးတည်ချက်ထား ဖြေရှင်းလာတာတွေကတော့ တကယ့်ကို အပေါစားပျက်လုံး ဆန်နေခဲ့ပါတယ်။ 

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့အခြေအနေနဲ့ စစ်ကောင်စီရဲ့အဖြစ်ကို ကြည့်ရင်း မောင်ကောင်းထိုက် (ဟာသပဒေသာ) ထဲက ဟာသတိုလေးတခုကို အမှတ်ရမိပါတယ်။ တခါသားပေါ့ ဝါဒဖြန့်ချီရေးဌာနရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးဟာ လုပ်သားပြည်သူများကို ၅ နှစ်စီမံကိန်း အကောင်ထည်ဖော်မှု အခြေအနေကို ဒီလိုရှင်းပြပါတယ်ငါးနှစ်စီမံကိန်းမှာ လျာထားချက်အတိုင်း မြို့အပြင်မှာ လျှပ်စစ်ဓာတ်အား ပေးစက်ရုံတစ်ခုကို အောင်မြင်စွာဆောက်လုပ်ပြီးစီးနိုင်ခဲ့ပါပြီအဲ့အခါမှာ ပရိတ်သတ်ထဲမှ တယောက်ကအဲ့ဒီမြို့ပြင်ကနေ မနေ့ကပဲ ပြန်လာခဲ့တာပါ၊ ဘာဓာတ်အားပေးစက်ရုံမှ မရှိဘူးလို့ ထပြောပါတယ်။ ဒါပေမယ့် တာဝန်ရှိ ပုဂ္ဂိုလ်ကဆက်ပြောပါတယ်မြို့မြောက်ပိုင်းမှာ ဓာတ်မြေဩဇာစက်ရုံတစ်ခုကိုလည်း တည်‌ဆောက်နိုင်ခဲ့ပါတယ်ဒီတခါလည်း စောစောကထပြောတဲ့သူကပဲရှေ့ရက်ကမှ  အဲ့မြို့မြောက်ပိုင်းကိုရောက်ခဲ့တာပါ စက်ရုံနဲ့တူတာ တစ်ခုတောင် မတွေ့ခဲ့ပါဘူးလို့ ပြောပြန်ပါတယ်။ ဒီအခါတော့ တာဝန်ရှိပုဂ္ဂိုလ်က စိတ်ဆိုးဆိုးနဲ့ခင်ဗျားဟာ စာမဖတ်ပေမဖတ်နဲ့ ဟိုဟိုဒီဒီလျှောက်သွားနေမယ့်အစား နေ့တိုင်းထုတ်တဲ့ သတင်းစာကို များများဖတ်သင့်နေပြီလို့ ကြိမ်းလိုက်ပါတော့တယ်။ 

စစ်ကောင်စီဟာ ကျွန်တော်တို့ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေပေါ်မှာ မြွေပူရာကင်းမှောင့်သလို လုပ်ဆောင်နေပေမယ့်လဲ စစ်ကောင်စီအမြင်မှာတော့ အခက်အခဲတွေကြုံနေရပြီး ညည်းတွားနေကြတဲ့ ပြည်သူလူထုဆိုတာဟာ စာမတတ်ပေမတတ်၊ နေ့စဉ်ထုတ်တဲ့ သတင်းစာကို မဖတ်ကြတဲ့သူများ၊ ဉာဏ်တိမ်ဉာဏ်နည်း ဉာဏ်မွဲကြသူများလို့သာ ထင်မြင်နေဦးမှာပဲ ဖြစ်ပါတယ်။ နိုင်ငံကစုတ်ပျက်သတ်ပြီး ငပြူးက ပြန်ပြဲပြနေတဲ့ ဒီကနေ့ရဲ့ ဒီလိုအခြေအနေကို ရှောင်လွှဲနိုင်ဖို့အရာဟာ တွန်းလှန်ရုံမှတပါး အခြားသော နည်းလမ်းများ ကျန်ရှိနိုင်ပါသေးရဲ့လားခင်ဗျာ။ ။ 

Red News Agency

By RNA Editor