တော်လှန်ရေးအောင်မြင်မှုများ ထွက်ပေါ်လာမယ့် ၂၀၂၄

“၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအခြေအနေတွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်များဟာ စစ်မာန်စွယ်ကျိုးကာ ရေရှည်တိုက်ပွဲဝင်ရဲတဲ့ တပ်သားအင်အားဟာ အင်မတန်ကို ရှားပါးနေပြီဆိုတာကို အထင်းသားတွေ့မြင်ရပါတယ်။ တစ်ဖက်မှာလဲ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအားကောင်းလာမှုဟာ ၁၀၂၇ စစ်ဆင်ရေးမစတင်မှီနဲ့ စတင်ပြီး ကာလအပိုင်းအခြားလေး တစ်ခုအတွင်းမှာပဲ ကွာခြားချက် ကြီးကြီးမားမားဖြစ်ပေါ်လာခဲ့ပြီး အင်မတန်မှ အားကောင်းနေတာကို တွေ့မြင်နေကြရ”

ကေဂျီ 

၂၀၂၄ ခုနှစ် ပထမ ၄ လအတွင်းမှာ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ NUG လက်အောက်ခံ PDF တပ်ဖွဲ့များရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေဟာ နည်းဗျူဟာကျကျ ပြင်းထန်အားကောင်းပြီး ထိထိမိမိရှိလာတာကို တွေ့မြင်ရပါတယ်။နွေဦးတော်လှန်ရေး ၃ နှစ်တာကာလတလျှောက် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးပိုင်း တိုးတက်မှုကို အားရကျေနပ်လောက်စရာ တွေ့မြင်လာရတဲ့ နှစ်တစ်နှစ်ဖြစ်လာနိုင်ပါတယ်။ 

စစ်အာဏာရှင်လက်ကိုင်တုတ် ကမ္ဘာ့အဆင့် ၃၈ တပ်မတော်ကြီးရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးနိမ့်ပါးနေမှု၊ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ညံဖျင်းမှုတွေနဲ့ အထက်ပိုင်း စစ်ခေါင်းဆောင်တွေရဲ့ အသုံးမကျတဲ့ ကွတ်ကဲမှုကြောင့် မြေပြင်ကျဆုံးမှုတွေ ဆက်တိုက်ကြုံလာကြရပြီး အထက်အောက် မကျေနပ်မှုတွေ၊ တပ်တွင်းအကွဲအပြဲတွေ ဖြစ်ပေါ်နေတာကို သိသာထင်ရှားစွာ တွေ့မြင်လာရတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ လက်နက်မဲ့ ပြည်သူလူထုကိုသာသေရဲတဲ့ကောင်ထွက်ခဲ့တို့ “‌ခေါတ်ကိုပြောင်းအောင် ခေါင်းကိုပစ်တို့နဲ့ ဟိတ်ဟန်ကြီးခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့နီးပါးမှာ ရင်ဆိုင်လာရတဲ့ တိုက်ပွဲတွေကြောင့် တပ်အင်အားပြုန်းတီးမှုနဲ့အတူ အင်အားသစ်ထပ်မံ မဖြည့်တင်းနိုင်တော့တဲ့အတွက် စစ်ကောင်စီဟာ အင်အားဆုတ်ယုတ်နေတယ်ဆိုတာ အဓမ္မစစ်မှုထမ်းဥပဒေနဲ့ မတရားဖမ်းဆီး စစ်တပ်ထဲသွင်းနေတာတွေက သက်သေပဲဖြစ်ပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောက်ကျားစစ်ဆင်ရေးတွေ၊ ၁၀၂၇ ကစလိုက်တဲ့ တိုင်ရင်းသားနယ်မြေတွေမှာ စခန်းသိမ်းတိုက်ပွဲတွေကြောင့် ထိခိုက်ကျဆုံးမှုတွေများလာခဲ့ပြီး အလံဖြူထောင် လက်နက်ချမှုတွေ၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုတွေဟာ ဆက်တိုက်ဆိုသလို တဖြည်းဖြည်းပိုမို များပြားလာတာကြောင့် စိတ်ဓာတ်နဲ့ စွမ်းရည်ပိုင်းပါ ဘက်ပေါင်းစုံ ယိုင်နဲ့နေပြီး တပ်ပျက်သလောက် အနေအထားအထိ ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် စစ်ကောင်စီဟာ နိုင်ငံအနှံ့မှာရှိတဲ့ စစ်အာဏာရှင်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို ခုခံရှင်းလင်းနိုင်ဖို့အတွက်  နှစ်နှစ်ကျော်ကြာတဲ့အထိ ရှိသမျှ အင်အားတွေကိုပဲ နယ်မြေဒေသအနှံ့ ဟိုရွေ့ဒီရွေ့နဲ့ ရွေ့ပြောင်းပြီး နေရာယူဖြန့်ကျက် နေရတာဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်း ပြိုကျမလိုဖြစ်နေစဉ်မှာပဲ ၂၀၂၃ ခုနှစ် ၁၀ လပိုင်း ၂၇ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းကစတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ်စခန်းတွေ၊ ငါမသေ ငါ့စခန်းမကျစေရဆိုတဲ့ ဗျူဟာကုန်းတွေဟာ မြို့တွေ အချိန်ပိုင်း ရက်ပိုင်းအတွင်းမှာ အကျအဆုံးများခဲ့ရတာလဲ ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ မဟာဗျူဟာမြောက် နည်းဗျူဟာကျကျ အလစ်အငိုက်ထိုးစစ်ဆင်တိုက်ခိုက်မှုဟာ  စစ်ကောင်စီတပ်တွေကို တုန်လှုပ်ခြောက်ချားမှုတွေဖြစ်‌ပေါ်စေခဲ့ပြီး  ထိတွေ့တိုက်ပွဲဖြစ်ပေါ်လာပြီဆိုတာနဲ့ အသက်သေဆုံးဖို့နဲ့ စခန်းဆုံးရှုံးဖို့ ရာနှုန်းပြည့်သေချာသွားပြီဆိုတဲ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တိုင်း အရှုံးကို သိရှိနားလည်လက်ခံသွားကြပြီဆိုတဲ့အကြောင်းကို ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာလည်း ဖော်ပြထားတာကို တွေ့ရှိလိုက်ရပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အတွင်းမှာ စစ်ကောင်စီသမိုင်းတစ်လျှောက်မှာ ပထမဦးဆုံးသော ဒေသကွပ်ကဲရေး စစ်ဌာနချုပ်တစ်ခုလုံး လက်နက်ချအညံခံမှုအဖြစ် လောက်ကိုင်မြို့မှာ ကြုံတွေ့လာခဲ့ပြီး ရှမ်းမြောက်ရဲ့နယ်မြေစိုးမိုးမှုများစွာကို လက်လွှတ်ဆုံးရှုံးခဲ့ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀၀ ကျော်ဟာ အလံဖြူထောင်ပြီး လက်နက်ချအညံ့ခံမှုတွေ ပြုလုပ်ခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီရဲ့ ကျရှုံးမှုတွေမှာ တွေ့မြင်လိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုတွေရဲ့ ကြောက်လန့်သွေးပျက်နေတဲ့ မြင်ကွင်းတွေဟာ ကျရှုံးတော့မယ့် စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ရက်တွေဆီ သွားရာလမ်းခရီးရဲ့ အဖွင့်နေ့ရက်တွေအဖြစ်  စတင်ဖြစ်ပေါ်လာခဲ့ပြီဆိုတာကို ညီနောင်မဟာမိတ်သုံးဖွဲ့က ဖော်ထုတ်သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ ရှမ်းမြောက်စစ်ဆင်ရေးဟာ စစ်အာဏာရှင်အမြစ်ပြတ် ဇာတ်သိမ်းခန်းအတွက် အဖွင့်နိဒါန်းစာမျက်နှာကို ရေးထိုးနိုင်ခဲ့သော စစ်ဆင်ရေးတစ်ခုအဖြစ် စစ်အာဏာရှင်တော်လှန်ရေးမှာ မှတ်တမ်းဝင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ရှမ်းမြောက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ စစ်ရေးကျဆုံးမှုနဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုတွေဟာ ရခိုင်ပြည်နယ်ဒေသအတွင်း ( ) လကျော် ( ) မြို့သိမ်းခဲ့တဲ့  ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်မှုကြောင့် ပိုမို သိသာထင်ရှားလာခဲ့ပြန်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ပွဲတွေရပ်နားသွားခဲ့တာကြောင့် အသက်ရှုချောင်နိုင်ပြီလို့ တွက်ခဲ့တဲ့ စစ်ကောင်စီအဖို့  ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်နေ့ကစတင်ခဲ့တဲ့ ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်သိမ်းပိုက်မှုတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံနဲ့ ရမ်းဗြဲ စတဲ့ မြို့နယ် ၉ ခုကို လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။

AA ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေက ရခိုင်ဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင် နယ်မြေဖြစ်တဲ့အထိ ထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။ ရခိုင်ဒေသရဲ့ စစ်ပွဲတွေမှာ စစ်ကောင်စီဟာ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အားကုန်သုံးတိုက်ခိုက်ခဲ့ပေမယ့် ရေတပ်ရဲ့ ထိခိုက်ကျရှုံးမှုကိုပါ ထပ်မံတွေ့မြင်ရပြီး လက်နက်ချအညံခံမှုတွေအပြင် နယ်ခြားဖြတ်ကျော်ထွက်ပြေးမှုတွေပါ ပိုမိုများပြားတာကိုတွေ့မြင်ရပါတယ်။ အခုတော့ AA ရဲ့ထိုးစစ်ဟာ အမ်းမြို့က စစ်ဌာနချုပ်ထိပါ ရောက်ရှိနေပြီလို့ပြောလို့ရပါတယ်။ 

ရခိုင်မှာ စစ်ရေးပြင်းထန်နေချိန်မှာပဲ ကချင်ပြည်နယ်မှာလည်း ၂၀၂၄ မတ်လ ၇ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေရဲ့  အရှိန်အဟုန်ပြင်းတဲ့ ဒေသတွင်း ထိုးစစ်ဆင်မှုတစ်ခု စတင်လာခဲ့ပြန်ပါတယ်။ KIA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ် ၁ လတာအကြာမှာလဲ မြစ်ကြီးနားဗန်းမော် ၊ဗန်းမော်လွယ်ဂျယ်လမ်းများရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းများအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ထိုလမ်းများကို KIA နဲ့ တော်လှန်ရေးအင်အားစုတွေက အပြည့်အဝထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

ကချင်ပြည်နယ်က စစ်ကောင်စီကင်းစင်မြို့အဖြစ် လွယ်ဂျယ်မြို့ကို ဧပြီလ ၉ ရက်နေ့က သိမ်းပိုက်ရရှိထားပါတယ်။ စတင်တိုက်ခိုက်ခံရပြီး တစ်ရက်မပြည့်ခင် အချိန်မှာပဲ လက်နက်ချ အညံခံကြတဲ့ တပ်စခန်းပေါင်းများစွာ ရှိခဲ့တာကိုလဲ တွေ့မြင်ခဲ့ရပါတယ်။ ကချင်ဒေသတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဟာ ခုခံတိုက်ခိုက်ဖို့ထက် လက်နက်ချဖို့ကိုပဲ ပြင်ဆင်နေကြတယ်ဆိုတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရေးစွမ်းရည်အပေါ် KIA ရဲ့ သိသာထင်ရှားတဲ့ မှတ်ချက်ပေးမှုတစ်ခုကိုလဲ တွေ့ရပါတယ်။ ၂၀၂၃ ခုနှစ် အတွင်းမှာ KAI နဲ့ စစ်ကောင်စီ တိုက်ပွဲအကြိမ်ငါးရာကျော် ဖြစ်ခဲ့ပြီး တပ်စခန်း ( ၂၀ ) ခုထက်မနည်း သိမ်းပိုက်ထားနိုင်ခဲ့ပေမဲ့ အခုတော့ တစ်လအတွင်းမှာ မြို့ကိုပါ ထိန်းချုပ်လာနိုင်ပြီဖြစ်တယ်။

တောင်ပိုင်းတိုင်းကို လှည့်ကြည့်လိုက်ရင်လည်း ကရင်ပြည်နယ်အတွင်းမှာလဲ မြ၀တီမြိုနယ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) စခန်းကို KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲမှာဆိုရင်လည်း စစ်ကောင်စီရဲ့ အရာရှိအဆင့်(၆၇) ဦး၊ အခြားနဲ့ တပ်သားအဆင့် (၄၁၀) ဦး၊ စုစုပေါင်း (၄၇၇) ဦး လက်နက်ချ အညံ့ခံခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။မြဝတီမြို့ဟာ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားလုံးဝရပ်တန့်သွားခဲ့ပြီး စစ်ကူလာနေတဲ့ စစ်ကောင်စီတပ်တွေဟာလဲ လမ်းတစ်လျောက်တိုက်ခိုက်ခံရမှုတွေကြောင့် အထိနာနေတာကိုလဲ တွေ့မြင်နေရပါတယ်။

ဒီလိုပါပဲ တိုင်းရင်းသားဒေသတွေ နယ်စပ်တွေမှာတင် တော်လှန်ရေးအင်အား ကောင်းနေတာတော့ မဟုတ်ပါဘူး။ စစ်ကိုင်းတိုင်းအတွင်း ခန္တီးခရိုင်၊ ဟုမ္မလင်းမြိုနယ်မှာလည်း ကျေးရွာ ၄ ရွာက ပျူစောထီးအင်အား ၁၂၀ ခန့် လက်နက်ချအညံ့ခံခဲ့တဲ့အပြင် စစ်ကောင်စီတပ်တွေ ထိခိုက်ကျဆုံးနေတာကို နေ့စဉ်တွေ့မြင်နေရပါတယ်။ ဒါ့အပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာလဲ စစ်ကောင်စီတပ်တွေရဲ့ ထိခိုက်ကျဆုံးမှု အများအပြားဖြစ်ပေါ်နေကို တွေ့မြင်နေကြရမှာ ဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ် ဧပြီလအတွင်းမှာပဲ စစ်ကောင်စီရဲ့ အကြီးအကဲတွေအထိ ထိခိုက်စေပြီး၊ ထိတ်လန့် ကြောက်ရွံ့သွားစေမယ့် နောက်ထပ် စစ်ရေးထိုးနှက်ချက်ကတော့ စစ်ကောင်စီနယ်မြေဖြစ်တဲ့ နေပြည်တော်နဲ့ ပြင်ဦးလွင်မြို့တို့မှာ တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဧပြီလ ၄ ရက်နေ့က နေပြည်တော် စစ်ကောင်စီနယ်မြေမှာရှိတဲ့ စစ်ကောင်စီ စစ်ရုံးချုပ်၊ အေလာလေတပ်စခန်းတို့ကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှုတွေနဲ့ သေဆုံးမှုတွ ရှိတယ်လို့ သတင်းကြားသိရပေမယ့် ထိုသတင်းထက် စစ်တပ်ရဲ့ ခေါင်းဆောင်အပါအဝင် စစ်တပ်တခုလုံးကို ဘယ်နေရာမှာနေနေ လုံခြုံမှုမရှိတော့ဘူးဆိုတဲ့ သတိပေးခေါင်းလောင်း ထိုးပေးလိုက်တာကိုပဲ ပြည်သူအများက ပိုပြီး ကျေနပ်အားရ နေကြပါတယ်။

ဧပြီလ ၉ ရက်နေ့မှာလဲ မော်လမြိုင်မြို့ ရတခ ဌာနချုပ်အတွင်းကို တော်လှန်ရေးတပ်ဖွဲ့များက အသေခံဒရုန်း ၅ စီးနဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီရဲ့ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေတိုအပါအဝင် အရာရှိအများအပြား ဒဏ်ရာရရှိပြီး အရာရှိကြီးပိုင်းမှ ၃ ဦးသေဆုံးပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်စဉ်ဟာ နွေဦးတော်လှန်ရေးကာလတစ်လျောက် စစ်ကောင်စီထိပ်ပိုင်းက ရာထူးအမြင့်ဆုံး အရာရှိကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့ ဒုခေါင်းဆောင် စိုးဝင်းဟာ သင်္ကြန်ပြီးတဲ့အထိ အများမြင်ကွင်းမှာ ပေါ်ထွက်လာခြင်း မရှိတော့တာကိုတွေ့ရပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူများကြားမှာတော့ ဒုစစ်ခေါင်းဆောင်ဟာ ထိခိုက်ဒဏ်ရာပြင်းထန်သွားတာလား ဒါမဟုတ် လန့်ဖျား ကြောက်ဖျား ဖြစ်သွားသလားဆိုတဲ့ မေးခွန်းထုတ်သံတွေတော့ ကြားနေရပါတယ်။ ဒီလိုပါပဲ ဧပြီလ ၁၄ ရက်နေ့ ညပိုင်းမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာရောက် အနားယူလေ့ရှိတဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင် စစ်တက္ကသိုလ်ဝင်းအတွင်းထဲကို ရှော့တိုက်ဒုံး အလုံး ၂၀ထက်မနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တက္ကသိုလ်ဝင်းအတွင်း ၂လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ရာ အရာရှိကြီး ၂ ဦး အပါအဝင် အရာရှိ၊ ဗိုလ်လောင်းနှင့် စစ်သည် ၁၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့ ဧပြီလအတွင်းမှာပဲ စစ်ကောင်စီရဲ့ အထက်အရာရှိပိုင်းနဲ့ အခိုင်အမာအခြေချထားတဲ့ နေရာတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းကို ခံနေကြရပြီပဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအခြေအနေတွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်များဟာ စစ်မာန်စွယ်ကျိုးကာ ရေရှည်တိုက်ပွဲဝင်ရဲတဲ့ တပ်သားအင်အားဟာ အင်မတန်ကို ရှားပါးနေပြီဆိုတာကို အထင်းသားတွေ့မြင်ရပါတယ်။ တစ်ဖက်မှာလဲ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအားကောင်းလာမှုဟာ ၁၀၂၇ စစ်ဆင်ရေးမစတင်မှီနဲ့ စတင်ပြီး ကာလအပိုင်းအခြားလေး တစ်ခုအတွင်းမှာပဲ ကွာခြားချက် ကြီးကြီးမားမားဖြစ်ပေါ်လာခဲ့ပြီး အင်မတန်မှ အားကောင်းနေတာကို တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။ 

လက်နက်ခဲယမ်း၊ လေကြောင်း၊ ရေကြောင်း ပြည့်စုံပြီး ကမ္ဘာ့အဆင့် ၃၈ ရှိတဲ့ သန္ဓေမမှန်တဲ့ စစ်တပ်ဟာ နေရာဒေသအစုံက စစ်မြေပြင်တွေမှာ ခွက်ခွက်လန်ရှုံးနေတာ အားလုံးမြင်တွေ့နေရပြီဖြစ်တယ်။ အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ လော်ဘီတွေ ရီမောစရာ ဟာသပျက်လုံးတစ်ခုလုပ်ခဲ့ကြတာကို မှတ်မိကြအုံးမယ်ထင်ပါတယ်။ အဲဒါကတော့စစ်ကိုမခေါ်နဲ့ စစ်ကိုခေါ်ရင် စစ်လာရလိမ့်မယ်ပြည်သူမရှိတော့ဘူး၊ မြေကျန်ရင်ရပြီတို့ လော်ခဲ့ကြတာပါ။ လက်ရှိအချိန်မှာ လော်ဘီတွေကို သိစေချင်တာကတော့ စစ်တပ်သာပြည်သူကို အကာအကွယ်မယူပါနဲ့ စစ်တပ်ရှိရာ တိုက်ပွဲလာတော့မည်ဟုပင် ဆိုရတော့မှာ ဖြစ်ပါတယ်။

ပြည်သူ့အစိုးရထံကနေ အကြမ်းဖက်အာဏာသိမ်း၊ လမ်းမပေါ်မှာ ပြည်သူတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့ကြတဲ့ ဖက်ဆစ်အုပ်စုက စစ်အာဏာရှင်အကြီးတွေအတွက် အသက်အန္တရာယ် ဘေးကင်းလုံခြုံစွာ နေနိုင်ရေးဆိုတာဟာလဲ ဆပ်ပြာပူဖောင်း အနေအထားလောက်ပဲ ရှိနိုင်တော့မှာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ဟာ စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးခြင်းရဲ့ အဖွင့်စာမျက်နှာဖြစ်လာပြီးတော့ တော်လှန်ရေးအင်အားစုများရဲ့ အားကောင်းလာမှုအရှိန်ကို စစ်အာဏာရှင်တွေ ဘယ်လောက်တောင့်ခံနိုင်မလဲ စောင့်ကြည့်ရမဲ့ အနေအထားဖြစ်ပါတယ်။ တော်လှန်ရေးကတော့ အားကောင်းမောင်းသန် မောင်းနှင်နေမယ်ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ ။

Red News Agency

By Editor