မှော်ဘီတပ်နယ်မှ စစ်သားများကို ရခိုင်စစ်မြေပြင်ပို့ရန် ပြင်ဆင်နေ

RNA_ဇန်နဝါရီ(၁၁)၊၂၀၂၄ခုနှစ်။

အကြမ်းဖက် အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အယုံကြည်ရဆုံးဆိုသည့် ရန်ကုန်တိုင်း၊ မှော်ဘီတပ်နယ်ရှိ တပ်ရင်းတချို့ကို ရခိုင်ပြည်နယ်၊ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း မှော်ဘီတပ်နယ်ရှိ တပ်မိသားစုတချို့ထံမှ သိရသည်။

မင်းအောင်လှိုင်၏ ခရီးစဥ်တော်တော်များများကို လုံခြုံရေးယူပေးခဲ့ရသည့် မှော်ဘီနှင့် တိုက်ကြီးမြို့နယ်ရှိ တပ်ရင်းများထဲမှ အင်အားဆွဲယူကာ ရခိုင်ပြည်နယ်သို့ စေလွှတ်မည့်သတင်းများ ပြန့်နှံ့နေသည်ဟု တပ်မိသားစုဝင်တဦးက ပြောသည်။

“တပ်တခုလုံးတော့ ပြောင်းရတာမဟုတ်ဘူး။ ဒီတပ်ရင်းက ၂၀၊ ၃၀ မျိုး ထုတ်ယူတာ။ ရခိုင်နဲ့ ပလက်ဝဘက်မှာ စစ်ဆင်ရေးဝင်ရမယ်တဲ့။ ရင်းမှူးတွေ တိုင်ပင်နေကြတယ်။ တပ်ချုပ်ရဲ့ လုံခြုံရေး လိုက်ပေးရတာလည်း ရှိနေသေးတော့။ သံချပ်ကာတပ်က အင်အားတွေပါ ယူမယ်ကြားတယ်” ဟု အဆိုပါတပ်မိသားစုဝင် အမျိုးသမီးတဦးက ပြောသည်။


မင်းအောင်လှိုင်သည် နယ်မြေတော်တော်များများသို့ သွားလာစဥ် သူ၏လုံခြုံရေးအတွက် မှော်ဘီနှင့် တိုက်ကြီး အခြေစိုက် ခြေမြန်တပ်များမှ အင်အားကို အသုံးပြုလေ့ရှိကြောင်း၊ ၎င်းတပ်ရင်းထိုင်ခဲ့ဖူးသည့်အတွက် အဆိုပါဒေသက တပ်ရင်းများကို ပိုမိုယုံကြည်လေ့ရှိကြောင်း၊ နွေဦးတော်လှန်ရေးကာလအတွင်း ဘီလူးစစ်ကြောင်းအပါအဝင် ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းအတွင်းထိပါ အင်အားထုတ်နုတ်ပို့သည်များရှိကြောင်း သိရသည်။

ဓာတ်ပုံ : မှော်ဘီတပ်နယ်အတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သွားရောက်ခဲ့စဉ်က တွေ့ရစဉ်။

ရန်ကုန်တိုင်းအတွင်းရှိ မှော်ဘီနှင့်တိုက်ကြီးသည် ပဲခူးရိုးမ၏ အဝင်လမ်းတခုတွင် ပါဝင်သည့်အတွက် ယခင် ကွန်မြူနစ်များကို အောင်နိုင်ပြီးကတည်းက တပ်မြို့ပုံစံပြောင်းကာ လက်ရုံးတပ်များအပါအဝင် ခြေမြန်တပ်၊ ခြေလျင်တပ်များဖြင့် အခိုင်အမာခြေကုတ်ယူထားကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းလည်း မှော်ဘီတပ်နယ်အတွင်း သွားရောက်ခဲ့သည်။

“ပြီးခဲ့တဲ့ နှစ်လည်က မွန်နဲ့ ကရင်ပြည်နယ် စစ်ဆင်ရေးတုန်းက တခါခေါ်သုံးသေးတယ်။ ကရင်တော့မရောက်လိုက်ဘူး။ အခုတခေါက်က ရခိုင်တဲ့။ မပါအောင်တော့ကျန်ဖန်ရမှာပဲ။ မိန်းမကို ပိုက်ဆံရှာထားလို့မှာထားရတယ်။ တပ်ထဲမှာတော့ သူပါ၊ ငါပါနဲ့ လှုပ်နေတယ်” ဟု တိုက်ကြီးမြို့နယ်အခြေစိုက် တပ်ရင်းတခုမှ ဗိုလ်ကြီးတဦးက ဆိုသည်။

ထို့အပြင် ရန်ကုန်တိုင်းအတွင်းရှိ ပျူစောထီးများ၊ ၎င်းတို့လက်ဝေခံ အုပ်ချုပ်ရေးအဖွဲ့ဝင်များကိုလည်း မှော်ဘီတပ်နယ်အတွင်း စစ်သင်တန်းပေးမှုများရှိကြောင်း၊ အမျိုးသားရေး လှုပ်ရှားမှုများတွင် အဆိုပါနယ်ရှိ ကျေးရွာများက ပြည်သူများကို နေ့စားပေးကာ ခေါ်ယူအသုံးပြုနေသည်ကို တွေ့ရှိရသည်။

#RedNewsAgency

By Editor