“အာဏာသိမ်းပြီးတဲ့နောက် သမ္မတရူးရူးနေတဲ့ စစ်ခေါင်ဆောင်မင်းအောင်လှိုင်အဖြစ် ထင်ရှားသလို အခြားတဖက်မှာလည်း စစ်တပ်အဖွဲ့စည်းကြီးရဲ့ စစ်ခေါင်းဆောင်အုပ်စုတွင်းမှာ အာဏာလုတန်ခိုးထွားဖို့ နည်းလမ်းပေါင်းစုံ သုံးနေသူလည်းဖြစ်သည်”
ရန်နိုင် – Wiper
စစ်အာဏာရှင်တွေဟာ ကိုယ်တိုင်စီစဉ်ထားတဲ့ မဲမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်မတော် ထောက်ခံသူ၊ USDP ပါတီ ထောက်ခံသူ လူနည်းစုတွေရဲ့ ဆန္ဒကိုပုံကြီးချဲ့ အာဏာသိမ်းလိုက်တဲ့နောက်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူ လူပင်လယ်ကြီးကိုတော့ ကျည်အစစ်အသုံးပြုပြီး ပစ်ခတ်ရှင်းလင်းခဲ့သည်။ မဲစာရင်းအမှားဆိုတာ အာဏာသိမ်းချင်လို့ အကြောင်းပြချက်တစ်ခုဖြစ်ကြောင်း ပြည်သူလူထု ကောင်းကောင်း သိကြပေမယ့်လည်း စစ်တပ်ကတော့ မဲစာရင်းအကြောင်းပြပြီး အာဏာသိမ်းခဲ့ခြင်းကို အထ မြောက်ဖို့အတွက် မဖြစ်မနေရွေးကောက်ပွဲလုပ်ဖို့ ခြေလှမ်းတွေ သွက်နေတာကိုတွေ့နေရပါသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သတမ္မတရူးပြီး အာဏာသိမ်းတာကလည်း အကြောင်းပြချက်တစ်ခုအဖြစ် ခိုင်ခိုင်မာမာရှိခဲ့ပါသည်။ သို့ပေမယ့် ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံအရ စစ်တပ်က အခွင့်ထူးခံနေရာ ရနေပြီးသားဖြစ်သလို စစ်တပ်အတွင်းမှာလည်း ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့်ကို အပြည့်အဝရထားပြီးဖြစ်သည်။ အရေးပါတဲ့ ဝန်ကြီးဌာန (၃) ခုကိုပါ ထိန်းချုပ်ထားနိုင်ခြင်းတို့ကြောင့် စစ်တပ်က တနိုင်ငံလုံး ဒေသန္တရ အုပ်ချုပ်ရေးတည်ဆောက်ဖွဲ့စည်းပုံတွင်ပါ ကျယ်ကျယ်ပြန့်ပြန့်ဩဇာလွှမ်းမိုးထားနိုင်ခဲ့သည်။ NLD နှင့် လျှို့ဝှက်တွေ့ဆုံပွဲမှုများကြောင့် အတိတ်က စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဗိုလ်ချုပ်ကြီးတွ ေကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုပါ ကာကွယ်ပေးထားသလား ထင်ရလောက်အောင် စစ်တပ်အတွက် လုံခြုံခဲ့သည်။
စီးပွားရေးအရလည်း စစ်တပ်ရဲ့အဓိက စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL များမှ တရားဝင်အဖြစ်သော်လည်းကောင်း၊ ခရိုနီကုမ္ပဏီများနှင့် တရားမဝင်စစ်တပ်ပိုင် ပုဂ္ဂလိက စီးပွားရေးများမှတဆင့်ဖြစ်စေ စစ်တပ်ရဲ့ စီးပွားရေးအရ စစ်ခေါင်းဆောင်တွေအတွက် စီးပွားရေးပိုင်ဆိုင်မှုများစွာ ရှိနေခဲ့သည်။ အခြေခံဥပဒေကိုပြင်ဖို့ ဖိအားတဆထက်တဆ မြင့်တက်လာပေမယ့်လည်း မြန်မာ့နိုင်ငံရေးနဲ့ ဈေးကွက်စီးပွားရေးမှာ အခွင့်ထူးခံ နေရာရထားတဲ့ စစ်တပ်အနေနဲ့ထင်ရှားတဲ့ ခြိမ်းခြောက်မှုမျိုး ရှိမနေခဲ့ပေ။









