သမိုင်းကိုလည်း မအနဲ့ …အာဏာရှင်ဆိုတာလည်း မမေ့နဲ့

“အချုပ်အခြာအာဏာဆိုသည်မှာ တိုင်းပြည်တစ်ခုကို စည်းကမ်းနည်းလမ်းကျနစွာဖြင့် မောင်းနှင် ထိန်းသိမ်းနိုင်ရန် အတွက်၎င်း၊ ပြည်သူတို့၏ အကျိုးစီးပွားတိုးတက်မှုကို ကာကွယ်ရန်အတွက် ၎င်းလိုအပ်သည့် အာဏာမျိုးဖြစ်ပါတယ်။ စစ်အာဏာရှင်များဖြစ်တဲ့နေဝင်းအာဏာစသိမ်းမှုမှ စပြီး ယနေ့မင်းအောင်လှိုင်အာဏာသိမ်းမှုမှာ ပြည်သူများရဲ့ အကျိုးစီးပွားတိုးတက်မှုကာကွယ်ဖို့ အသာထား၊ ဆင်းရဲကြပ်တည်းမှုမျိုးစုံ ရင်ဆိုင်ကြုံရခြင်းသည် အာဏာရှင်စနစ်ကြောင့်ဖြစ်ပါတယ်”

ပင်လယ်သူ

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီး ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၄၈ -၁၉၇၄ )တွင် ပြည်ထောင်စုသမ္မတများအဖြစ် ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ စဝ်ရွှေသိုက် ၄ နှစ် ၇၂ရက်၊ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးဘဦးသည် ၄နှစ် ၃၆၂ရက်၊ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ မန်းဝင်းမောင်သည် ၄နှစ် ၃၅၄ရက်ကြာ အုပ်ချုပ်ရေးတာဝန်ယူခဲ့ကြပါတယ်။

တပ်မတော်မှကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နေဝင်းမှာ ၁၉၆၂ မတ်လ ၂ ရက် မှ ၁၉၇၄ခုနှစ် မတ်လ ၂ ရက်နေ့ထိ (၁၂) နှစ်ကြာ တော်လှန်ရေးကောင်စီဥက္ကဌအဖြစ်အုပ်ချုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်တွင် နေဝင်း (အငြိမ်းစားဗိုလ်ချုပ်ကြီး) ဦးဆောင်ကာ တစ်ပါတီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့ပြီး ၇ နှစ်နှင့် ၂၅၂ ရက်ကြာ အုပ်ချုပ်ပြန်ပါတယ်။ သူသည် ( ၁၉၅၈ -၁၉၆၀)၊ (၁၉၆၂ -၁၉၇၄ )မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ ၁၉၆၂ မှ ၁၉၈၁ အထိ နိုင်ငံ့အကြီးအကဲအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါတယ်။ ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စတင်တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၅၈ ခုနှစ်တွင် အာဏာရအရပ်သားဝန်ကြီးချုပ် ဦးနုထံမှ နိုင်ငံတော်အာဏာကို ကာကွယ်ရေးဦးစီးချုပ်နေဝင်းမှ လွှဲပြောင်းယူပြီးနောက် အိမ်စောင့်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပြန်ပါတယ်။ ထိုအစိုးရမှာ မြန်မာ့သမိုင်းတွင် ပထမဆုံးသော အိမ်စောင့်အစိုးရအဖွဲ့ဖြစ်လာခဲ့ပါတယ်။ ၁၉၆၀-ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပပြီးနောက် အနိုင်ရရှိခဲ့သော ဦးနုကို အာဏာပြန်လွှဲပေးခဲ့ပါတယ်။ ဦးနု သို့မဟုတ် သခင်နုသည် မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်ပြီး မြန်မာအမျိုးသားခေါင်းဆောင်နှင့် နိုင်ငံရေးသမား ဖြစ်ပြီး နိုင်ငံ၏ဝန်ကြီးချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်ရင်း ၁၉၆၂ ခုနှစ် မတ် ၂ ရက်တွင် နေဝင်းဦးဆောင်သော တပ်မတော်သည် တော်လှန်ရေးကောင်စီကို ဖွဲ့စည်းကာ ဝန်ကြီးချုပ် ဦးနုဦးဆောင်သော ဖဆပလ အစိုးရထံမှ အာဏာသိမ်းခဲ့ခြင်းဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ မှစ၍ မြန်မာနိုင်ငံကို ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီး အောင်မြင်မှုမရခဲ့သော ဆိုရှယ်လစ်စနစ်ဆီသို့ လျှောက်လှမ်းသော မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်စေခဲ့သည်။(၁၉၇၄- ၁၉၈၈ ) ထိ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်တွင် နေဝင်းမှာ ၁၉၇၄ခုနှစ်မတ်လမှ ၁၉၈၁ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ထိ ၇နှစ် ၂၅၂ရက်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဦးဆန်းယု ၆နှစ်၂၆၁ရက်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဦးစိန်လွင် ၁၆ရက်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဦးအေးကို ၇ ရက်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဒေါက်တာမောင်မောင် ၁ လ၊ အဲလို သက်တမ်းများဖြင့် ပြည်ထောင်စုသမ္မတရာထူးများဖြင့် ၁၉၈၈ ခုနှစ်ထိ အုပ်ချုပ်ခဲ့ပါတယ်။

အဲဒီနောက်မှာ ရှစ်လေးလုံးအရေးတော်ပုံသည် ၁၉၈၇ မတ်လ ကျောင်းသားအရေးအခင်းမှ စတင်မြစ်ဖျားခံခဲ့ခြင်းဖြစ်ပြီး ငွေစက္ကူများကိုတရားမဝင်ဟုကြေညာခြင်း၊ တိုင်းပြည်စီးပွားရေးကျဆင်းခြင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်မှာ မအောင်မြင်ခြင်း၊ ရဲတပ်ဖွဲ့၏ဖိနှိပ်မှုများရှိ‌ခြင်း၊ အဂတိ လိုက်စားမှုများရှိနေခြင်း၊ တစ်ပါတီစနစ်ရှိနေခြင်း၊ ပုဂ္ဂလိကပိုင်လုပ်ငန်းများအား ပြည်သူပိုင်သိမ်းခြင်းတို့ကြောင့် တိုင်းပြည်အတွင်း ဆင်းရဲကျပ်တည်းမှုများ မြင့်တက်နေချိန်တွင် တက္ကသိုလ်ကျောင်းသားများအား အစိုးရမှလူသေဆုံးသည်အထိ ပြင်းပြင်းထန်ထန်ဖြေရှင်းဆောင်ရွက်ခဲ့သဖြင့် ကျောင်းသားများမှ အစိုးရအားဆန့်ကျင် ဆန္ဒပြခဲ့ရာမှစတင်ပါတယ်။ ကန့်ကွက်ဆန္ဒပြပွဲများသည် တစ်နိုင်ငံလုံးသို့ ပြန့်နှံ့သွားခဲ့ပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံသည် ရဟန်းသံဃာများ၊ ကလေးငယ်များ၊ တက္ကသိုလ်ကျောင်းသားများ၊ အိမ်ရှင်မများနှင့် ဆရာဝန်များသည် အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ တစ်နိုင်ငံလုံးပါဝင်သော လူထုအရေးတော်ပုံ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုအတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်နေဝင်းမှ “နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ် မိုးပေါ်ထောင်ပြီးခြောက်တာမပါဘူး အဲ့ဒီတော့ နောင်ကိုဆူဆူပူပူလုပ်မယ်ဆိုရင်တော့ တပ်ကိုသုံးလို့ရှိရင်တော့ အဲဒါဆူတဲ့လူတွေ မသက်သာဘူးမှတ်ပေတော့”ဟု ဆန္ဒပြသူများအား ခြိမ်းခြောက်ပြောဆိုခဲ့ပြီး စောမောင်က မာရှယ်လောခေါ် စစ်တပ်မှအုပ်ချုပ်သည့် ဥပဒေကို ထုတ်ပြန်ပြီးနောက်တွင် ဆန္ဒပြသူများသည် ဖြိုခွင်းခဲ့ပါတယ်။ ထိုသို့လုပ်ရပ်များဖြင့်၁၉၈၈-ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့မှာ မြန်မာ့တပ်မတော်မှ အာဏာသိမ်းယူခဲ့လိုက်ပါတော့တယ်။

နိုင်ငံ့အာဏာကိုရယူခဲ့သည့် ဗိုလ်ချုပ်စောမောင်သည် ၁၉၇၄ ခုနှစ်က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုရုပ်သိမ်းခဲ့ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို တည်ထောင်လိုက်ပါတယ်။ မြန်မာ့အသံမှတဆင့် စစ်တပ်သည် ပြည်သူ့အကျိုးအတွက် “နိုင်ငံအဝှမ်းတွင်ဖြစ်ပွားနေသောဆိုးဝါးနေသည့်အခြေအနေများကို အချိန်မီ ရပ်တန့်ရန်” နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ရသည်ဟု ကြေညာလိုက်ပါတယ်။

စောမောင်အာဏာသိမ်းခြင်းဖြစ်ပေမယ့် ကြိုးကိုင်စီစဉ်သူကတော့ အာဏာသိမ်းခြင်းကိုယဥ်ပါး‌နေတဲ့ နေဝင်းသာ ဖြစ်ပါတယ်။ ထို့နောက် ပြည်ထောင်စုမြန်မာနိုင်ငံတော် (၁၉၈၈-၂၀၁၁) တွင် တပ်မတော်မှ ဦးစောမောင် ၃နှစ်၂၁၈ရက်၊ တပ်မတော်မှဦးသန်းရွှေ ၅နှစ် ၂၀၆ ရက် နိုင်ငံ‌တော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဌ ရာထူးများဖြင့်အုပ်ချုပ်ခဲ့ကြပါတယ်။ သန်းရွှေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌအဖြစ်ပြောင်းလဲပြီး ၁၃နှစ်၁၃၅ရက် အုပ်ချုပ်ပြန်ပါတယ်။

အာဏာသိမ်းပြီး ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည့်ပြည်ထောင်စု မြန်မာနိုင်ငံတော် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် ၁၉၆ဝ ခုနှစ်နောက်ပိုင်းစစ်အစိုးရ အာဏာသိမ်းချိန်မှစ၍ နှစ်ပေါင်း ၃၀ကြာချိန်မှာ ပထမဦးဆုံး ပါတီစုံပါဝင်သည့် ပြည်လုံးကျွတ်ရွေးကောက်ပွဲကြီးဖြစ်ခဲ့ပါတယ်။ ၂၇-၉-၈၈ (ရှစ်လေးလုံးလူထုအရေးတော်ပုံဖြစ်ပြီး) နေ့မှာ ထုတ်ပြန်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေအရ နဝတ လက်ထက်မြန်မာနိုင်ငံမှာ NLDအပါအဝင် နိုင်ငံရေးပါတီပေါင်း (၂၃၅) ပါတီ ပေါ်ပေါက်ခဲ့ပါတယ်။

၁၉၉၀ ပြည့် မေလ (၂၇)ရက်နေ့မှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး ကျင်းပပေးခဲ့ခြင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲတွင် အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ယှဉ်ပြိုင်သည့် နေရာ ၄၉၂ ခုတွင် ၃၉၂ ခုဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး လာရောက်မဲပေးခဲ့သူရာခိုင်နှုန်းမှာ ၇၂.၆%ထိပင်ရှိခဲ့ပါတယ်။ ထိုအချိန်တွင် အုပ်စိုးနေတဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု ၂၀၁၁ ခုနှစ်အထိ အမည်ပေးထားသည့် စစ်အစိုးရမှ ရွေးကောက်ပွဲရလဒ်အား အသိအမှတ်မပြုခဲ့ပေ။

“ရွေးကောက်ပွဲပြီးရင် ဘားတိုက်ပြန်မှာပေါ့ အနိုင်ရတဲ့သူကို အာဏာအပ်လိုက်မှာပေါ့” လို့-လူသိရှင်ကြားပြောဆိုခဲ့တဲ့ နဝတ အစိုးရဟာ အနိုင်ရတဲ့ NLD ကို အာဏာ လွှဲပြောင်းပေးခြင်းမပြုတဲ့အတွက် ရွေးကောက်တင်မြောက်ခံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အရပ်ဘက်အစိုးရသည်အကောင်အထည်ပေါ်လာခြင်းမရှိနိုင်ခဲ့‌ပေ။

မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ “နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ြ ဖွံ့ဖြိုးရေးကောင်စီ” ဟု အမည်တပ်ထားသည့် စစ်အစိုးရက ထိန်းချုပ်ထားသော စစ်အာဏာရှင်အုပ်စိုးသည့် နိုင်ငံတစ်ခု ဖြစ်ခဲ့ပါတယ်။ာဗိုလ်ချုပ်ကြီးမှ ဗိုလ်ချုပ်မှူးကြီး အဖြစ်တိုးမြှင့်ခံရတဲ့ ၁၉၈၈ အာဏာသိမ်းခဲ့သူ စောမောင်ကို ၁၉၉၂ ဧပြီ ၂၃ရက်နေ့မှာ နဝတဥက္ကဌအဖြစ်ကနေ ကျန်းမာရေးမကောင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ရာထူးကနေ အဖယ်ရှားလိုက်ပါ‌တော့တယ်။ စောမောင်အနားယူသွားတဲ့ အချိန်မှာ သန်းရွှေက နဝတ အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။ အတွင်းရေးမှူး (၁)ခင်ညွှန့် လက်မှတ်နဲ့ ( ၁/ ၉၀) ဆိုတာကို ဖေါ်ထုတ် ဖန်တီးလိုက်ပြီး စစ်အာဏာရှင်စနစ်ကိုကျင့်သုံး လာခဲ့သည့်အတွက်တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ခင်ညွန့်ဟာ နဝတထဲမှာဩဇာပါဝါကြီးသူ ပိုမိုဖြစ်လာခဲ့ပါသေးတယ်။

“နဝတ” ကနေ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအဖြစ် သန်းရွှေမှ ( ၁၅-၁၁- ၉၇)နေ့မှာနာမည် ပြောင်းပြီး ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် ကုန်ဆုံးချိန်အထိ၊ နဝတ-နအဖ စစ်အစိုးရရဲ့ နောက်မှာ အငြိမ်းစားယူထားတယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီးဟောင်းနေဝင်းဟာ ဩဇာပါဝါရှိနေဆဲဖြစ်ပြီး နောက်ကွယ်ကနေ ကြိုးကိုင်ဆဲဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မေလမှာ နာဂစ်မုန်တိုင်းကြောင့် လူတွေသိန်းနဲ့ချီ သေဆုံးရစဉ်မှာ နအဖ အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အတည်ပြုခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲကျင်းပပြီး စစ်အစိုးရမှ ဖွဲ့စည်းထားသော အသွင်ပြောင်းလဲယူထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိကာ ၂၀၁၁ ခုနှစ် ဧပြီလမှစတင်ကာ ဒီမိုကရေစီတစ်စိတ်တစ်ပိုင်းဖြင့် သမ္မတ နိုင်ငံတစ်နိုင်ငံအဖြစ် ပြောင်းလဲမှုရရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့ကာ အတိုက်အခံပါတီဖြစ်ခံရသော “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” မှ ကိုယ်စားလှယ်များလွှတ်တော်အတွင်း စတင်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၏ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ကာ ၂၀၁၆ မှ ၂၀၂၁ ဇန်နဝါရီ ၃၁ အထိ တာဝန်ယူခဲ့ထမ်း‌ဆောင်ခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ထပ်မံ၍ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး နိုင်ငံတော်အာဏာကို မင်းအောင်လှိုင်ဦးဆောင်ပြီး သိမ်းယူခဲ့ကြပါတယ်။

ထိုအကြောင်းအရာသမိုင်းကြောင်းများကို ကိုးကား၍ တင်ပြရခြင်းမှာ အာဏာရှင်စနစ်တော်လှန်မှုသည် အာဏာရှင်ပြုတ်ကျရန်အတွက်လက်တစ်ကမ်းအလိုဖြစ်ပြီး စစ်အာဏာရှင်များကလည်း ၎င်းတို့အကျင့်အတိုင်း ပြည်သူများအပေါ် အာဏာအသုံးချ ခြင်းဖိနှိပ်ခြင်းများ ပိုမိုလုပ်ဆောင်လာခြင်းကြောင့် ဖြစ်ပါတယ်။ သို့အတွက်ကြောင့် ယခင့် ယခင် အာဏာသိမ်းခြင်းမျိုးနှင့်မတူတဲ့ အောင်မြင်မှုများ မရရှိတဲ့ စစ်ရှုံးစစ်တပ်ဖြစ်နေပါပြီ။

အာဏာရှင်စနစ်ကို ပြည်သူများသိရှိထားရန်လိုအပ်ပြီး အာဏာရှင်စနစ်ဆိုသည်မှာ အမိန့်ပေးအာဏာပြသည့် ပုံစံမျိုးဖြစ်ပြီး၊ နိုင်ငံသားများ၏ အပြုအမူတိုင်းနီးပါးကို ထိန်းချုပ်ထားပါတယ်။ မင်းအောင်လှိုင် မတိုင်မီစစ်အာဏာရှင်များသည် မတူညီသော ဘာသာရေးနည်းလမ်းများကို အသုံးပြုပြီး ၎င်းတို့၏ အာဏာကို ထိန်းသိမ်းထားခဲ့ကြပါတယ်။ အခြားအုပ်ချုပ်မှုပုံစံများ၏ လွှမ်းမိုးမှုကို လျှော့ချရန်အတွက် အာဏာရှင်စနစ်သည် ယေဘုယျအားဖြင့် နိုင်ငံရေး ဝါဒဖြန့်မှုကို ကျင့်သုံးလေ့ရှိပါတယ်။

ယခုမင်းအောင်လှိုင်အာဏာသိမ်းမှုမှာလည်း ထိုမူအကျင့်များအတိုင်းကျင့်သုံးလုပ်ဆောင်မှုများရှိနေဖြစ်ပါတယ်။ အဓိကအားဖြင့် အာဏာရှင်စနစ်ကို ရှင်သန်ပေါက်ပွားစေနိုင်ရန် လွယ်ကူစေသည့် အုပ်ချုပ်ရေးစနစ်များမှာ သက်ဦးဆံပိုင် ဘုရင်စနစ်၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်က စစ်အင်အားကို နိုင်ငံရေးတွင် အခြေခံရယူကာ ကြာရှည်စွာအုပ်ချုပ်သည့် စနစ်ဖြစ်ပါတယ်။ “နိုင်ငံရပ်တည်ရှင်သန်ရေးကို မထိန်းသိမ်းနိုင်ရင် အချုပ်အခြာ အာဏာအားနည်းပြီး သူတစ်ပါးလက်အောက်ခံဘဝ ကျရောက်နိုင်တာကို သတိပြုကြရမယ်” ဟုအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာမှာ ထည့်ပြောပါတယ်။

အချုပ်အခြာအာဏာဆိုသည်မှာ တိုင်းပြည်တစ်ခုကို စည်းကမ်းနည်းလမ်းကျနစွာဖြင့် မောင်းနှင် ထိန်းသိမ်းနိုင်ရန် အတွက်၎င်း၊ ပြည်သူတို့၏ အကျိုးစီးပွားတိုးတက်မှုကို ကာကွယ်ရန်အတွက် ၎င်းလိုအပ်သည့် အာဏာမျိုးဖြစ်ပါတယ်။ စစ်အာဏာရှင်များဖြစ်တဲ့နေဝင်းအာဏာစသိမ်းမှုမှ စပြီး ယနေ့မင်းအောင်လှိုင်အာဏာသိမ်းမှုမှာ ပြည်သူများရဲ့ အကျိုးစီးပွားတိုးတက်မှုကာကွယ်ဖို့ အသာထား၊ ဆင်းရဲကြပ်တည်းမှုမျိုးစုံ ရင်ဆိုင်ကြုံရခြင်းသည် အာဏာရှင်စနစ်ကြောင့်ဖြစ်ပါတယ်။

ဗိုလ်ချုပ်‌အောင်ဆန်းတည်ထောင်ထားခဲ့တဲ့ အဆင့်မီ မြန်မာ့တပ်မတော်သည် နေဝင်းလက်ထက်နောက်ပိုင်း ကိုယ်ကျိုးစီးပွားကာကွယ်ရန်အတွက် အာဏာလက်မလွှတ်ချင်ဘဲအာဏာရူးခြင်း၊ အာဏာခုံမင်မှုများဖြင့် ပြည်သူကိုမျက်နှာမမူတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်သာ ရှိပါတော့တယ်။ အာဏာရှင်များကြောင့် တိုင်းပြည်အဆင်းရဲဆုံးနိုင်ငံဖြစ်ရပြီး နိုင်ငံတကာနှင့်ကဏ္ဍအသီးသီးတွင်ရင်ဘောင်တန်းနိုင်ခြင်းမရှိခဲ့ပေ။

စစ်အင်အားကို နိုင်ငံရေးတွင်အသုံးချပြီးလူငယ်လူရွယ်များနှင့်အတူ ကျောင်းသား/သူများထိပါ စစ်သင်တန်းပေးပြီး၎င်းတို့၏ အာဏာသက်ကိုပြည်သူကိုအသုံးချဆွဲဆန့်တဲ့ အခြေအနေများရောက်ရှိနေပြီဖြစ်ပါတယ်။ အဲဒါကြောင့် အာဏာရှင်များယုတ်မာမှုများကို မမေ့ရန်၊ စစ်အာဏာရှင်များ၏ အာဏာမက်မောမှုများသည် ခေတ်အဆက်ဆက်က ရှိခဲ့ပြီး ယခင်စစ်အာဏာရှင်ထက် ပိုမိုက်ရူးရဲဆန်နေတဲ့ မင်အောင်လှိုင်ခေါင်းဆောင်တဲ့အာဏာရှင်စစ်တပ် အမြန်ဆုံးပြိုကျနိုင်မှသာ ပြည်သူ/သားအားလုံးအသက်ရှူချောင်မှာဖြစ်ပါတယ်။

#RedNewsAgency #RedNews #RNA

By RNA Editor