“မျိုးချစ်စိတ်နိုင်ငံချစ်စိတ်ဆိုတဲ့စကား အသုံးနှုန်းကတော့ တပ်ထဲမှာ အမြဲပြောလေ့ရှိပါတယ်။ တကယ်က နိုင်ငံနဲ့လူမျိုးကိုချစ်တယ် ဆိုတာကတော့ ခုအချိန်မှာ စကားအဖြစ်ပဲရှိတာလေ”
ရေးသားသူ-စိုးဦး
“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့် ဆောင်ပုဒ်ကို ကိုင်ဆွဲကာ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် “ဇာတိမာန်” သီချင်းသံများသည် အခြေခံပညာအထက်တန်းကျောင်း အများအပြား၌ ဆူဆူညံညံထွက်ပေါ်လာခဲ့သည်။
ထိုအခမ်းအနားများကို စစ်ကောင်စီစိုးမိုးထားရာ ပဲခူးတိုင်းနှင့် မြို့ကြီးအချို့ရှိ အခြေခံပညာအထက်ကျောင်းများတွင်ပြုလုပ်ခဲ့ပြီး စစ်ယူနီဖောင်းဝတ်များနှင့် အုပ်ချုပ်ရေးအကြီးပိုင်းများက ကမကထ လုပ်ကာ ပါဝင်ကျင်းပခဲ့သည်။
“တကျော့ပြန် အမျိုးသားရေးဝါဒ နှင့် စာသင်ကျောင်းများ”
အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများကို မြို့နယ်၊ ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးများ ဦးဆောင်ကာ အခြေခံပညာကျောင်းအထက်တန်း ကျောင်းများတွင် ကျင်းပပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သဝဏ်လွှာမိန့်ခွန်းကို အုပ်ချုပ်ရေးမှူးများက ဖတ်ကြားပြသည်။ တချို့မြို့များတွင်တော့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးများကိုယ်တိုင် စစ်ယူနီဖောင်းဖြင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
“စာသင်ကျောင်းတွေမှာ သတင်းမီဒီယာကောင်စီနဲ့ YMBA (၂ဖွဲ့) ကနေ ဝါဒဖြန့်ချိမှုတွေကို ဦးဆောင်လုပ်တယ်။ စာသင်ကျောင်းတွေသာမကပဲ မြို့နယ် ပြန်ကြားရေးရုံးတွေမှာလည်း ပြုလုပ်လေ့ရှိတယ်။ သူတို့ဝါဒဖြန့်ချိမှုရဲ့ ဦးတည်အုပ်စုဟာ ကျောင်းသူ ကျောင်းသား လူငယ်အစိုးရဝန်ထမ်း ရဟန်းသံဃာ စစ်မှုထမ်းဟောင်းတွေဖြစ်တယ်။ အဓိက ဟောပြောတဲ့ ခေါင်းစဉ်တွေက အမျိုးသားရေး အသိရှိဖို့ ၊ သတင်းတုသတင်းမှားများကို မယုံကြည်ဖို့ စတာတွေ ဖြစ်တယ်။” ဟု ပြည်တွင်းအခြေစိုက် သုတေသနအဖွဲ့အစည်းမှ အမည်မဖော်လိုသူ ကအဖွဲ့အစည်း၏ လေ့လာတွေ့ရှိချက်ကို ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန တို့ပူးပေါင်းပြီး ဆရာ/ဆရာမ၊ ကျောင်းသူ/ကျောင်းသားများ ပါဝင်သည့် လူငယ်နှင့်မျိုးချစ်စိတ်ဓါတ်၊ အမျိုးသားရေးနေ့အကြောင်းသိကောင်းစရာ၊ အမျိုးသားရေးစိတ်ဓါတ် စသည့် စကားဝိုင်း၊ TALK SHOW များကို ပြုလုပ်ခဲ့သည်။ တဖက်ကလည်း စစ်ကောင်စီအလိုကျ အမျိုးသားရေးစာရေးဆရာ၊ မြို့နယ်စာရေးဆရာအသင်း၊ အမျိုးသားရေးခေါင်းဆောင်များနှင့် မဘသ ခေါင်းဆောင်အချို့ကို ခေါ်ယူကာ စာသင်ကျောင်းများတွင် ဟောပြောမှုများကို ပြုလုပ်စေသည်။
“၁၀၂၇ နောက်ပိုင်း ဝါဒဖြန့်ချိမှု”
လက်ရှိကာလ စစ်ကောင်စီ၏ ဝါဒဖြန့်ချီမှုနှင့် ပတ်သက်ပြီး “ခုနောက်ပိုင်းမှာတော့အမျိုးဘာသာသာသနာ ဆိုတာမျိုးအဖွဲ့တွေ မျိုးချစ်ရဟန်းသံဃာအဖွဲ့မျိုးတွေနဲ့ စစ်တပ်ကထောက်ပံပေးပြီး စစ်မှုထမ်းဟောင်းတွေ စစ်တပ်အသိုင်းဝိုင်းတွေကနေ တယ်လီဂရမ်ချန်နယ်မျိုးတွေဖွင့်ပြီး စစ်တပ်အကြိုက်မဟုတ်မမှန်သတင်းတွေ ဖြန့်ဝေမှုတွေက တွင်တွင်ကျယ်ကျယ်လုပ်ဆောင်လာနေတာဖြစ်တယ်” ဟု စစ်တပ်အတွင်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းဟောင်းအမျိုးသားတဦးက ပြောသည်။
၁၀၂၇ နောက်ပိုင်း စစ်ကောင်စီနှင့် သူ၏ ဝါဒဖြန့်ချီမှု ယန္တရားများနှင့် ပတ်သက်ပြီး Generation Wave အဖွဲ့က စောင့်ကြည့်လေ့လာမှုတရပ်ကိုပြုလုပ်ခဲ့သည်။ စစ်ကောင်စီ၏ သတင်းစာနှင့် ရုပ်မြင်သံကြား လူမှုကွန်ရက်စာမျက်နှာအသီးသီးမှ ရေးသားထားမှု (ပို့စ်) အရေအတွက်ပေါင်း ၄၀၉၁ ခုကို စောင့်ကြည့်ရာမှာ လူမျိုးရေးဝါဒဖြန့်ချိမှု ၁၄ ရာခိုင်နှုန်း နှင့် ဘာသာရေးဝါဒဖြန့်ချိမှု ၄ ခုရှိသည်ဟု ဖေါ်ပြသည်။
ထိုအရည်အတွက်အရ လူမျိုးရေးဝါဒဖြန့်ချိမှုများ ပိုမိုများပြားလာသည်ကို တွေ့ရသည်။ လူမျိုးရေးတွင် MNDAA နှင့် ကိုးကန့်၊ KIA နှင့် လီဆူး၊ ရခိုင်နှင့် အခြား၊ ဗမာနှင့် အခြားဆိုပြီး သွေးခွဲဝါဒဖြန်ချိမှုများကို တွေ့လာရသည်ဟု စောင့်ကြည့်လေ့လာမှုမှာ ဖော်ပြထားသည်။
ဘာသာရေးနှင့်ပတ်သက်၍မူ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားမှုများအပြင် ဗုဒ္ဓဘာသာများ၏ ကိုးကွယ်အထွဋ်အမြတ်ထားရာ ဘုရား စေတီ ဆင်းတုတော်များကိုဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာ အကြမ်းဖက် (MNDAA, TNLA, AA, PDF) အဖွဲ့များအား ဝိုင်းဝန်းဆန့်ကျင်တိုက်ထုတ်ကြစို့ဟူသည့် လက်ကမ်းစာစောင်များကိုပါ ဖြန့်ဝေခဲ့သည်ဟု စောင့်ကြည့်လေ့လာမှုကို ပြုလုပ်ခဲ့သည့် Generation Wave အထွေထွေအတွင်းရေးမှူး မလင်းလက်ဆူးက ပြောသည်။
ထို့အတူ ပြည်တွင်းအခြေစိုက် သုတေသနအဖွဲ့အစည်းတခုကလည်း ၁၀၂၇ နောက်ပိုင်း စစ်ကောင်စီ သတင်းစာတွေက လူမျိုးရေးဘာသာရေးဝါဒဖြန့်ချိမှုများကို စောင့်ကြည့်လေ့လာခဲ့သည်။ လေ့လာချက်များတွင် သတင်းစာများတွင် လူမျိုးရေး ဘာသာရေးမှိုင်းတိုက်မှုများ အများအပြားရေးသားဖော်ပြခဲ့သည့်အပြင် အယ်ဒီတာအာဘော်များတွင် အစဉ်တစိုက်ရေးသားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
“၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ် စစ်ဆင်ရေးအောင်မြင်လာတဲ့ အခါမှာ ဘာသာရေးကိုဗန်းပြပြီး အမျိုးသားရေးနဲ့ မျိုးချစ်စိတ်ဆိုပြီး ဝါဒဖြန့်ချိမှုတွေ ပိုမိုပြုလုပ်လာတယ်။ မွတ်ဆလင်တွေအပြင် ခရစ်ယာန်တွေကိုပါ Target ထားတဲ့လှုပ်ရှားမှုတွေ ပြုလုပ်လာတယ်။” ဟု ပြည်တွင်းအခြေစိုက် သုတေသနအဖွဲ့အစည်းမှ အမည်မဖော်လိုသူ ကပြောသည်။
“စစ်မှုထမ်းဥပေဒနှင့် မျိုးချစ်စိတ်ရှင်သန်ရေး”
မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြတ်ရေးနှင့် အမျိုးသားရေး ဝါဒဖြန့်ချိမှုကို ၁၀၂၇ နောက်ပိုင်း လှုံ့ဆော်မှု ပိုမိုလုပ်ဆောင်လာပြီးနောက် စစ်ပွဲများရှုံးနိမ့်လာမှုနှင့် တပ်အင်အားနည်းပါးလာသည့် စစ်ကောင်စီဟာ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့က စတင်အသက်သွင်း အတည်ပြုခဲ့သည်။ ယင်းလ၌ပင် စတင်ကာ အသက် ၁၈ နှစ် နှင့် ၃၅ နှစ်ကြားလူငယ်တွေ စစ်မှုထမ်းကြဖို့ စည်းရုံးလှုံဆော်မှုများအနက် “နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် စစ်မှုထမ်းဆောင်ကြပါစို့” ဆိုသည့် ခေါင်းစဉ်နှင့် ရုပ်သံကို MRTV က နေ့စဉ်ထုတ်လွှင့်ခဲ့သည်။
အလားတူ မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီ၊ ကာကွယ်ရေးဝန်ကြီးဌာနဝတ်ဆိုဒ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဝတ်ဆိုဒ် တို့ကနေ အယ်ဒီတာအာဘော်နှင့် အတွေးအမြင်ဆောင်းပါးများကို အများအပြားရေးသား ဖြန့်ချိခဲ့သည်။ ဖြန့်ချိမှုအားလုံးနည်းပါးတွင် “မျက်မှောက်ကာလတွင်မျိုးချစ် စိတ်ဓာတ်နှင့် ပတ်သက်၍ အလေးထား အသိပေးနှိုးဆော်ပေးရမည့် အချိန်အခါကာလဖြစ်သည်။”၊ “မျက်မှောက်ကာလတွင် အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်နိုးကြားနေရန် အထူးလိုအပ်နေသည်။” ဆိုသည့် အာဘော်ကို အဓိကထား ရေးသားသည်။
စစ်ကောင်စီ၏ လက်ရှိ ဝါဒဖြန့်ချိမှုများနှင့် ပတ်သက်ပြီး ပြည်တွင်းအခြေစိုက် သုတေသနအဖွဲ့အစည်းမှ အမည်မဖော်လိုသူက “လက်ရှိ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် (၂)ရပ်လို့ ပြောလို့ရတဲ့ စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခြင်းနှင့် အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကိစ္စရပ်များအား သတင်းစာဆောင်းပါးများတွင် ကျယ်ကျယ်ပြန့်ပြန့်ဝါဒဖြန့်ချိလျက်ရှိတယ်” ဟု ပြောသည်။
“စစ်ခေါင်းဆောင်ဦးဆောင်သည့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေး ပွဲများ”
(၂၂) ကြိမ်မြောက်အဖြစ် “မြန်မာတိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ” အား NLD အစိုးရလက်ထက် မှာ ၁ ကြိမ်သာ ပြုလုပ်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်လက်ထက်တွင် (၂၃) ကြိမ်မြောက်အဖြစ် ၂၀၂၂ ခုနှစ်ကနေ စတင်ကာ ဆိုကရေးတီး ပြိုင်ပွဲတွေကို ပြန်လည်ကျင်းပသည်။
ပြိုင်ပွဲခေါင်းစဉ်တွင်ပါသည့် “တိုင်းရင်းသား” စကားလုံးကိုဖြုတ်လိုက်ပြီး “မြန်မာရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ” ဟု ပြောင်းလိုက်ပြီး နှစ်စဉ်ဆိုသလို တခမ်းတနားကျင်းပကာ သူကိုယ်တိုင်ဦးဆောင် တက်ရောက်ဖွင့်လှစ်အားပေးသည်။
ယခုနှစ်တွင်ကျရောက်သည့် (၂၅) ကြိမ်မြောက် ငွေရတုပြည့်မြောက်သည့် ဆိုကရေးတီးပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့မှာ ဖွင့်လှစ်သည်။ စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်သလို ပြိုင်ပွဲရက်များဖြစ်သည့် အမျိုးသားဇာတ်တော်ကြီးများ ကပြသည့် အောက်တိုဘာ ၁၆၊ ၁၈၊ ၂၀ ညများမှာလည်း ၁ ရက်ကြားဆိုသလို စစ်ခေါင်းဆောင်နှင့် ဇနီး၊ အရာရှိများစွာဇာတ်ပွဲလာကြည့်သည်။
ဂုဏ်ပြုညစာစားပွဲကို ၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ထပ်မံတက်ရောက်ကာ မိန့်ခွန်းပြောပြန်သည်။ သူပြောဆိုခဲ့သည့် မိန့်ခွန်းထဲတွင် “အမျိုးသားရေး အကျိုးစီးပွား၊ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားရေးစိတ်ဓါတ်၊ အမျိုးသားရေးကိုယ်ခံစွမ်းအား၊ အမျိုးသားရေးအားမာန်၊ အမျိုးသားရေးအမွေအနှစ်၊ အမျိုးသားရေးအနှစ်သာရ၊ အမျိုးသားရေးသွင်ပြင်လက္ခဏာ စသည့် စကားလုံးများကို ဆက်တိုက် ထည့်သွင်းပြောဆိုခဲ့သည်။
“မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် အစဉ်ထာဝရနိုးကြား ရှင်သန်နေစေရန် အနုပညာစွမ်းပကားဖြင့် ပူးပေါင်းပါဝင်ပေးကြရန်၊ တိုင်းတစ်ပါးယဉ်ကျေးမှု ထိုးဖောက်ဝင်ရောက်မှုအန္တရာယ်ကို တားဆီးကာကွယ်နိုင်စေရန် မြန်မာလူမျိုးတို့၏ သမိုင်းအစဉ်အလာ ကြီးမားမှု၊ မျိုးရိုးဂုဏ်ရှိန်ထည်ဝါမှု၊ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားမှုနှင့် ယဉ်ကျေးသိမ်မွေ့သည့် မြန်မာ့ဂုဏ်ရည်များကို မျိုးဆက်သစ်လူငယ်များအတွင်း စိမ့်ဝင်ပျံ့နှံ့နေပြီး အမျိုးသားရေး ကိုယ်ခံစွမ်းအားများ မြင့်မားလာအောင် အနုပညာစွမ်းပကားဖြင့် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း” စစ်ခေါင်းဆောင်က အကျယ်တဝင့် ပြောဆိုသည်။
ထို့အတူ ဒီဇင်ဘာလအတွင်း ဆက်တိုက်ဆိုသလို လူမြင်ကွင်းကိုထွက်ပြခဲ့ပြီး ပွဲလမ်းသဘင်နှင့် အခမ်းအနားများကို တက်ရောက်သည်။ စစ်တက္ကသိုလ်ဗိုလ်သင်တန်းအမှတ်စဉ်(၆၆) ဆင်းပွဲ၊ အမျိုးသားအားကစားပွဲတော်၊ အမျိုးသားအောင်ပွဲနေ့ များတွင် အမျိုးသားရေးနှင့် ဇာတိမာန်တက်ကြွလှုပ်ရှားဟောပြောစည်းရုံးမှုများကို ဆက်တိုက်လုပ်ဆောင်သည်။ မြန်မာစစ်တပ်၏ အစဉ်အဆက် အဓိကထား ဝါဒဖြန့်ချိမှု အကြောင်းအရာဖြစ်သည့် “မျိုးချစ်စိတ်” ကို စစ်တက္ကသိုလ်ဗိုလ်သင်တန်းအမှတ်စဉ်(၆၆) ဆင်းပွဲတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ထပ်မံသတိပေး အလေးထား ပြောပြန်သည်။
“မျိုးချစ်စိတ်ဆိုရာမှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးတဲ့စိတ်၊ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကိုထိရင် မချိအောင်နာတတ်တဲ့စိတ်၊ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားမယ်ဆိုတဲ့စိတ် တို့ပဲဖြစ်တယ်။” ဟု စစ်ခေါင်းဆောင်က ဗိုလ်လောင်းများကို ပြောသည်။
“စစ်ကောင်စီ၏ အမျိုးသားရေးဝါဒ ထိရောက်ခဲ့သလား”
ရခိုင်ပြည်နယ်၊ မောင်းတောမြို့၊ အမှတ်-၅ နယ်ခြားစောင့်တပ်ခွဲ(နခခ-၅) ကို အာရက္ခတပ်တော်-AA က သိမ်းပိုက်ပြီး ဗိုလ်မှူးချုပ် ၁ ဦးနဲ့ စစ်သုံ့ပန်းအများအပြား ဖမ်းဆီးခံထားရချိန်မှာပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစား ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ဖွင့်လှစ် မိန့်ခွန်း ပြောကြားခဲ့ပြန်သည်။
ရခိုင်စစ်ပွဲများအကြားက ပိတ်မိနေသည့် တပ်သား စစ်သည်၊ ရဲနှင့် မိသားစုများ၏ အသက်အိုးအိမ်စည်းစိမ်ကို ပစ်ထားပြီး ပွဲတက်မပျက်သည့် ခေါင်းဆောင်အဖြစ် အစွန်းရောက်အမျိုးသားရေးသမားများနှင့် တပ်ထောက်ခံသူများအကြား ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ထိုဝေဖန်မှုများကို တပ်ထောက်ခံနေသည့် လူမှုကွန်ရက်စာမျက်နှာများနှင့် လော်ဘီချန်နယ်များကပင် ဖော်ပြနေကြခြင်း ဖြစ်သည်။
အဆိုးဝါးဆုံး အခြေအနေအဖြစ် စစ်ခေါင်းဆောင်မင်အောင်လှိုင်ကို ရာထူးနှင့်တာဝန် ကဆင်းပေးဖို့အထိ တောင်းဆိုနေကြသည်ကို တွေ့ရသည်။ “မျိုးချစ်စိတ်နိုင်ငံချစ်စိတ်ဆိုတဲ့စကား အသုံးနှုန်းကတော့ တပ်ထဲမှာ အမြဲပြောလေ့ရှိပါတယ်။ တကယ်က နိုင်ငံနဲ့လူမျိုးကိုချစ်တယ် ဆိုတာကတော့ ခုအချိန်မှာ စကားအဖြစ်ပဲရှိတာလေ” ဟု စစ်မှုထမ်းဟောင်းအမျိုးသား က ပြောသည်။
ထို့အပြင် စစ်မှုထမ်းဥပဒေဖြင့် မျိုးချစ်စိတ်၊ အမျိုးသားရေးတာဝန် ခေါင်းစဉ်ဖြင့် တပ်သားသစ်စုဆောင်းမှုမှာလည်း ဆန္ဒအလျှောက်ဝင်ရောက်သူ မရှိသည့်အတွက် မြန်မာနိုင်ငံမြို့ကြီး အများအပြားတွင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးများက လူငယ်များကို အဓမ္မ ဖမ်းဆီးလျှက်ရှိနေကြရာ သာမန်ပြည်သူများအပြင် တပ်ထောက်ခံသူများ၏ သားသမီးမိသားစုများလည်း ဖမ်းဆီးခံနေရသည်။
ထိုဖြစ်ရပ်များ၏ နောက်ဆက်တွဲများကြောင့် နိုင်ငံရေးနှင့် ဝေးဝေးနေလိုသူများ၊ တပ်ထောက်ခံသူများကြား စစ်ခေါင်းဆောင်၏ မျိုးချစ်စိတ်နှင့် အမျိုးသားရေး အပေါ် သံသယဖြစ်လာနေပြီး ဝေဖန်ပြောဆိုလာကြ ပြန်သည်။ တဖက်မှာတော့ စစ်ကောင်စီ၏ အမျိုးသားရေး၊ မျိုးချစ်စိတ်နှင့် ဘာသာရေး ဝါဒဖြန့်ချိမှုများသည့် အနည်းအကျဉ်းသာ ထိရောက်မှုရှိသည်ဟု စစ်ကောင်စီ၏ ဝါဒမှိုင်းများနှင့် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် စောင့်ကြည့်ရေး သုတေသန အဖွဲ့အစည်းများက သုံးသပ်ကြသည်။
#RedNewsAgency