“မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ သူတို့ရဲ့ အဆင့်အမြင့်ဆုံး အကြီးအကဲ အာဏာရှင်စစ်ခေါင်းဆောင်တွေကို ဖမ်းရဲရင် ပြန်ဖမ်းနိုင်ခွင့်ရထားတဲ့ ဌာနတစ်ခုဖြစ်လာနိုင်ပြီး အာဏာသိမ်း စစ်ကောင်စီအနေနဲ့ကလည်း နိုင်ငံတစ်နိုင်ငံရဲ့ တရားရုံးကနေ Universal Jurisdiction အရ ဖမ်းဝရမ်းအထုတ်ခံရပြီး အရေးယူခံဖို့ ဆုံးဖြတ်တဲ့ အဆင့်ကိုရောက်ရှိလာတဲ့ ပထမဦးဆုံး မြန်မာနိုင်ငံရဲ့ ရာဇဝတ်သား အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် တရားဝင်ရောက်ရှိသွားခဲ့ပါပြီ”
ကေဂျီ
ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ကျူးလွန်ခဲ့မှုမှာ အဓိက တာဝန်ရှိသူနေရာကပါဝင်ခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုချုပ်စိုးဝင်း အပါအဝင် စစ်တပ်က ၂၂ ဦးနဲ့ အရပ်သား ၃ ဦး စုစုပေါင်း ၂၅ ဦးကို အာဂျင်တီးနားနိုင်ငံ ဘူရီနို့စ်အေးရီး (Buenos Aires) မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံးက ဖေဖော်ဝါရီ ၁၃ မှာ ဖမ်းဝရမ်းထုတ်ပြန်လိုက်ပါတယ်။ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို အရေးယူပေးဖို့ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomás Ojea Quintana ရဲ့ တရားဝင်ကိုယ်စားလှယ် ဦးထွန်းခင်နဲ့ မြန်မာရိုဟင်ဂျာအဖွဲ့အစည်း UK (BROUK) တို့က ပူပေါင်းအမှုဖွင့်ခဲ့တာဖြစ်ပြီး တရားရုံးရဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM)က ပံ့ပိုးကူညီခဲ့တယ်လို့သိရပါတယ်။
“ဒါဟာ ရိုဟင်ဂျာတွေနဲ့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုအောက်မှာ နေထိုင်ခံစားနေရတဲ့ မြန်မာနိုင်ငံသား အားလုံးအတွက် တရားမှတမှုရဖို့ သမိုင်းဝင်ခြေလှမ်းတစ်ခုဖြစ်တယ်”လို့ (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က ဆိုပါတယ်။ တဆက်ထဲမှာပဲ စစ်ခေါင်းဆောင်ရဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူနိုင်ရေးအတွက် ပြည်ပနိုင်ငံ တရားရုံးတွေကို တင်သွင်းထားတဲ့ အမှုတွေထဲမှာ တူရကီနိုင်ငံတရားရုံးက ၂၀၂၂ ခုနှစ် ဇွန်လက စတင်ပြီးစုံစမ်းနေဆဲဖြစ်တဲ့အကြောင်း NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ဖော်ပြထားပါသေးတယ်။ တူရကီနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ တီမောနိုင်ငံ အပါအဝင် နောက်ထပ်နိုင်ငံတွေရဲ့ တရားရုံးတွေကနေလည်း လက်ရှိထွက်ပေါ်လာတဲ့ စစ်ကောင်စီကို ဖမ်းဝရမ်းထုတ်အရေးယူခြင်းမျိုးတွေ ဆက်လက်ထွက်ပေါ်လာမယ်လို့ မျှော်လင့်ထားကြောင်းနဲ့ ထပ်မံထွက်ပေါ်လာဖို့လည်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဖေဖော်ဝါရီ ၁၄ က ဦးအောင်မျိုးမင်းရဲ့ ဆိုရှယ်မီဒီယာ Facebook အကောင့်မှာ တင်ထားပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအရေးအခင်းအတွင်းမှာ မြန်မာစစ်တပ်ဟာ လူသတ်မှု၊ မုဒိမ်းမှုနဲ့ အကြမ်းဖက်ညှဉ်းပန်းနှိပ်စက်မှုတွေကို အကြိမ်ကြိမ်ကျူးလွန်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီကာလအတွင်း စစ်တပ်ရဲ့ လူမျိုးတုံးရာဇဝတ်မှု ကျုးလွန်ခြင်းတွေနဲ့ပတ်သတ်ပြီး Ontario International Development Agency (OIDA) က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားယာယီ ဒုက္ခသည်စခန်းကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာ အိမ်ထောင်စု ၃၃၀၀ ကို တွေ့ဆုံမေးမြန်းပြီး သုတေသန စစ်တမ်းပြုလုပ်ခဲ့ပါတယ်။
OIDA ရဲ့ ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအတွင်းမှာတော့ မြန်မာစစ်တပ်ဟာ လူသတ်မှု ၂ သောင်း ၅ ထောင်နီးပါးနဲ့ မုဒိန်းမှု ၁ သောင်း ၈ ထောင်ကျော်ကို ကျူးလွန်မှု ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တဆက်ထဲမှာပဲ စစ်တမ်းဖြေဆိုမှုတွေရဲ့ ၉၃ ရာခိုင်နှုန်းအရ “လူမျိုးရေး”နဲ့ “ဘာသာရေး” ယုံကြည်ချက်တွေကြောင့် မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာတွေဟာ ခွဲခြားဆက်ဆံခံနေရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တကယ်ဖြစ်နေတဲ့အချိန်မှာ အသံတွေအကျယ်ကြီး ထွက်ခဲ့တာက ရှားပါတယ်။ အဲဒီတုန်းကဆိုရင် သတင်းထောက် (၂) ဦးပါ တရားစွဲဆိုခံခဲ့ရတာပါ။ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအရေးနဲ့ အခုနွေဦးတော်လှန်ရေးအတွင်းက စစ်ရာဇဝတ်မှုများစွာနဲ့ဆိုရင်တော့ မင်းအောင်လှိုင်အတွက် ပြေးပေါက်မရှိဖြစ်သွားမှာပါ။ ဘယ်ပြည်သူကမှလည်း လက်မခံတာ အားလုံးအသိဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၂ ခုနှစ်အထိ ရိုဟင်ဂျာလူမျိုးအရေအတွက် ၁၅ သိန်းကျော် နေထိုင်ခဲ့တယ်လို့ မှတ်တမ်းတွေ့ရပြီး အဲ့ဒီနှစ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ–ရခိုင် လူမျိုးရေးပဋိပက္ခမှုနောက်ပိုင်း လူမှုအသိုင်းအဝန်း နှစ်ခုကြားက အကြမ်းဖက်တိုက်ခိုက်မှုအဆင့်ကနေ တစ်စထက်တစ်စ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်နှိပ်ကွပ်တဲ့အဆင့်အထိ ပိုမိုဆိုးဝါးစွာ မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ရဲတပ်သား ၉ ဦးတိုက်ခိုက်ခံရပြီးနောက်မှာတော့ ရိုဟင်ဂျာတွေကို လက်နက်ကိုင်တွေအဖြစ် စွပ်စွဲမှုတွေရှိလာပြီး မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို အဆိုးရွားဆုံးခံလာရပါတယ်။ ရခိုင်မှာက မြန်မာစစ်တပ်ဟာ လူမျိုးရေး ဘာသာရေးကိုအခြေခံပြီး အမုန်းပွားအောင် လုပ်နေတာဟာ အခုချိန်ထိဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်း ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ARSA လက်နက်ကိုင်အဖွဲ့က ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်အတွင်းက နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော်နဲ့ စစ်တပ် တပ်ရင်းတစ်ခုကို တပြိုက်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်မှာတော့ မြန်မာစစ်တပ်ရဲ့ အကြီးအမားဆုံး ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကြီး ပေါ်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ရိုဟင်ဂျာ ၇ သိန်းခွဲလောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ရပြီး အလျင်မြန်ဆုံးသော ဒုက္ခသည်အမြောက်အများ ထွက်ပြေးတိမ်းရှောင်မှုတစ်ခု ဖြစ်လာခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ဒုက္ခသည်အဖြစ် တရားဝင်စာရင်းပေးသွင်းထားသူ ရှစ်သိန်းကျော်အထိ မြှင့်တက်သွားပြီး စာရင်းမပေးသွင်းထားတဲ့ သူတွေကိုပါ ထည့်တွက်ရင် တစ်သန်းနီးပါးအထိရှိခဲ့တယ်လို့လည်း ယူကေအခြေစိုက် မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်မှုအဖွဲ့ (BCUK) နဲ့ လူ့အခွင့်အရေးဖောင်ဒေးရှင်း (HRF) တို့ရဲ့ ပူးတွဲ အစီရင်ခံစာမှာတွေ့ရပါတယ်။
ဒီဖြစ်စဉ်အတွင်းမှာ စစ်တပ်အကြီးအကဲတွေက အောက်ခြေစစ်သားတွေကို အကြမ်းဖက်မှုမျိုးစုံ လုပ်ခွင့်ပေးထားပြီး ရိုဟင်ဂျာနှိမ်နင်းရေးကို စနစ်တကျလုပ်ဆောင်ခိုင်းခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပြီး အဲ့ဒီလူမျိုးတုံးသတ်ဖြတ်ကျူးလွန်မှုဖြစ်ရပ်တွေမှာ သဲလွန်စအနေနဲ့ ဘာတစ်ခုမှ မကျန်ရလေအောင် စစ်တပ်အကြီးအကဲတွေက အပြောင်ရှင်းခိုင်းခဲ့သလို စစ်ဆင်ရေးတစ်ခုအဖြစ် “ဇွဲမာန်ဟုန်” လို့ အမည်ပေးထားတဲ့ အကြောင်းကိုလည်း အဲ့ဒီစစ်ဆင်ရေးကာလမှာ ထောက်ပို့အရာရှိအဖြစ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ CDM ဗိုလ်ကြီးတစ်ဦးကလည်း ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက Myanmar Now မီဒီယာနဲ့ မေးမြန်းဖြေကြားမှုမှာ ပြောထားပါသေးတယ်။
ဒီအမှုနဲ့ ပါတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ တုန်းကလည်း နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရဲ့ တရားလိုရှေ့နေ ကာရင်ခန်း ကလျှောက်ထားခဲ့ပါသေးတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ကလည်း ပုဒ်မ ၃၃ (Artical 33) နဲ့ စစ်ကောင်စီကို အရေးယူဖို့ ဒီနှစ် ဇွန်လမှာ အပြီးသတ်ဆုံးဖြတ်ချက်ချမှာလို့လည်း သိရပါတယ်။ လက်ရှိ ဖြစ်ပေါ်လာတဲ့ အာဂျင်တီးနားနိုင်ငံ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ စစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တွေကို ဖမ်းဝရမ်းထုတ်ပြန်မှုဟာ ICC နဲ့ ILO အပြင် အခြား တူရကီ၊ ဖိလစ်ပိုင်၊ တီမော စတဲ့နိုင်ငံတွေမှာ စစ်ဆေးနေဆဲဖြစ်တဲ့ ထုတ်ပြန်လာမယ့် အရေးယူမှုတွေအပေါ်ကိုလည်း သက်ရောက်မှု အများကြီးရှိလာနိုင်ပါတယ်။
ဒီဖမ်းဝရမ်းဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရဲတပ်ဖွဲ့ INTERPOL ထံကို ရောက်ရှိနိုင်ပြီး အဖွဲ့ဝင် ၁၉၆ နိုင်ငံမှာ “အနီရောက်သတိပေးချက်”အဖြစ် ထုတ်ပြန်ကာ မင်းအောင်လှိုင်နဲ့ စစ်တပ်တာဝန်ရှိသူတွေကို အာဂျင်တီးနားတရားရုံးရဲ့ တရားခွင်ကို လွှဲပြောင်းပေးဖို့ ဦးတည်သွားနိုင်တယ်လို့လည်း သိရပါတယ်။ ဖြစ်နိုင်စရာအကြောင်း မရှိပေမယ့် အင်တာပိုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်နေတဲ့ မြန်မာနိုင်ငံရဲတပ်အဖွဲ့အနေနဲ့လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် ဝရမ်းထုတ်ခံထားရတဲ့ စစ်ရာဇဝတ်သား ၂၃ ဦးကို ဖမ်းဆီးအရေးယူဖို့ တာဝန်ပေးခံရမှာဖြစ်တယ်လို့ပါရှိပါတယ်။ အဲဒီအချိန်က NLD အစိုးရဖြစ်နေချိန် ဖြစ်ပွားခဲ့တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော် တို့ကိုလည်း အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းထဲမှာ ပါရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မင်းအောင်လှိုင်ရဲ့ ဖမ်းဆီးခြင်းကို ခံထားရသူဖြစ်ပါတယ်။
ဘာပဲပြောပြော မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ သူတို့ရဲ့ အဆင့်အမြင့်ဆုံး အကြီးအကဲ အာဏာရှင်စစ်ခေါင်းဆောင်တွေကို ဖမ်းရဲရင် ပြန်ဖမ်းနိုင်ခွင့်ရထားတဲ့ ဌာနတစ်ခုဖြစ်လာနိုင်ပြီး အာဏာသိမ်း စစ်ကောင်စီအနေနဲ့ကလည်း နိုင်ငံတစ်နိုင်ငံရဲ့ တရားရုံးကနေ Universal Jurisdiction အရ ဖမ်းဝရမ်းအထုတ်ခံရပြီး အရေးယူခံဖို့ ဆုံးဖြတ်တဲ့ အဆင့်ကိုရောက်ရှိလာတဲ့ ပထမဦးဆုံး မြန်မာနိုင်ငံရဲ့ ရာဇဝတ်သား အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် တရားဝင်ရောက်ရှိသွားခဲ့ပါပြီ။ ဒါတွေဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်တစ်လျှောက်လုံး ကျူးလွန်လာတဲ့အထဲမှာ အဆိုးရွားဆုံး လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ခဲ့ပါ။ ဒီလိုပဲ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့အချိန်ထိလဲ စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်နေတာဖြစ်ပါတယ်။ ဆေးရုံတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ အပါအဝင် ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများစွာပြုလုပ်သလို ကျေးရွာပေါင်းများစွာကိုလည်း မီးရှို့ဖျက်ဆီးထားတာဖြစ်ပါတယ်။
လတ်တလောမှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး စစ်ရာဇဝတ်သားအကြမ်းဖက်တွေအဖြစ် အရေးယူခြင်းကို ခံရတာဖြစ်ပြီး မကြာခင်ကာလတွေအတွင်းမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းဖြစ်စဉ် စတင်ကတည်းက မြန်မာနိုင်ငံသား လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အရေးယူခြင်းကို ခံလာရဖို့လည်း ရှိနေပါတယ်။ ၂၀၂၄ ဩဂုတ်နောက်ပိုင်း တရုတ်နိုင်ငံကြောင့် ပြန်လည်အရှိန်ကောင်းလာတဲ့ စစ်ကောင်စီရဲ့ နိုင်ငံတကာ သံတမန်ဆက်ဆံရေးဟာ ICC မှာ စစ်ရာဇဝတ်သားအဖြစ် ဒီဇင်ဘာလက လျှောက်ထားခံလိုက်ရတဲ့အခါ စစ်ကောင်စီအတွက် ရှက်ရွံ့စရာဖြစ်ခဲ့ပါသေးတယ်။
ဒီတစ်ခါတော့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူ ရာဇဝတ်သားအဖြစ် သတ်မှတ်ခံလိုက်ရပြီဖြစ်တာကြောင့် INTERPOL စာရင်းထဲ ရောက်သွားတာနဲ့ လက်ရှိ စစ်ကောင်စီအတွက် မိတ်ဖက်ဖြစ်နေတဲ့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘယ်လာရုဇ်အပါအဝင် အာဆီယံနိုင်ငံတွေရော ကမ္ဘာ့နိုင်ငံအစုံအဖွဲ့ဝင်အဖြစ်ပါဝင်နေတဲ့ ၁၉၆ နိုင်ငံကို သွားရောက်ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးပမ်းအားထုတ်နေတဲ့အတွက် နိုင်ငံတကာအသိအမှတ်ပြုမှုအဖြစ် အကြမ်းဖက် စစ်ရာဇဝတ်ကောင်၊ ဝရမ်းပြေးစစ်အာဏာရှင်ဆိုတဲ့ ထိုက်တန်တဲ့ရာထူးဂုဏ်ပုဒ်တွေသာ တသီတတန်းကြီး နောက်ထပ် ထွက်ပေါ်လာဦးမလားဆိုတာကို ပြည်သူလူထုအနေနဲ့ ဝမ်းသာအားရ စောင့်ကြည့်ရတော့မယ့် အခြေအနေဖြစ်လာခဲ့ပါပြီ။ အစရှိ အနောင်နောင်ဆိုသလို နိုင်ငံတကာရဲ့ အကြမ်းဖက်အဖြစ် တရားဝင်အသိအမှတ်ပြုမှုတွေကလည်း စစ်ကောင်စီနဲ့ အင်မတန်ကို ထိုက်တန်နေပြီမို့ ထပ်ပြီးထွက်ပေါ်လာဖို့ သိပ်တော့ခဲယဉ်းမနေဘူးလို့ပဲ ဆိုရမှာပါ။ မင်းအောင်လှိုင်အတွက်တော့ ထွက်ပေါက်အားလုံး ပိတ်သွားတော့မလားဆိုတာ စောင့်ကြည့်ရမဲ့ အနေအထားဖြစ်နေပါပြီ။
#RedNewsAgency