“စစ်ရှုံးတယ်ဆိုတာ၊ လက်အောက်ငယ်သား အရာရှိတွေအများအပြား လက်နက်ချအလင်းဝင်သွားတဲ့ ကိစ္စတွေကို ထည့်မပြော။ စခန်းစွန့်ပြီး ထွက်ပြေးနေကြတဲ့အကြောင်း လုံးဝမဟရဲ”
ငြိမ်းမောင်
တိုက်ပွဲတွေနိုင်ငံအဝှမ်း အရှိန်မြင့်သထက် မြင့်တက်နေပြီး နိုင်ငံအဝှမ်း စစ်မျက်နှာဖွင့်နေရတဲ့ အာဏာလုစစ်ကောင်စီက နိုဝင်ဘာ ၂၉ ရက်နေ့မှာ အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒီပွဲကို စစ်အုပ်စု ခေါင်းဆောင်တွေ တက်ကြပါတယ်။ မင်းအောင်လှိုင်က ထုံစံအတိုင်း ဒီမိုကရေစီအရေး၊ လက်နက်ကိုင်အဖွဲ့များအရေး၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တိုက်ခိုက်ခံနေရတဲ့ အခြေအနေတွေကို ချပြဆွေးနွေးသွားခဲ့တယ်။
ကာလုံအစည်းအဝေး ဘာအစည်းအဝေးဆိုပြီး ခေါင်းစဉ်တပ်နေပေမယ့် နေရာထိုင်ခုံအခင်းအကျင်း လူပါဝင်မှု အနေအထားနည်းနည်းပဲ ကွာတာကလွဲရင် ပြောနေတဲ့စကားတွေနဲ့ အကြောင်းအရာတွေက ထူးထူးထွေထွေ သိပ်မတွေ့ရပါဘူး။ မင်းအောင်လှိုင် စီမံခန့်ခွဲမှု ညွှန်ကြားနိုင်မှု စွမ်းစွမ်း တမံလုပ်ပြနိုင်မှု ဘာတစ်ခုမှမရှိခဲ့သလို အဲဒီအစည်းအဝေးမှာ ပြောသွားတာမတွေ့ရပါဘူး။
KIA အဖွဲ့က တပ်အင်အားများ တိုးချဲ့နေပုံအပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့မကွေး တိုင်းဒေသကြီးတွေမှာ စစ်ကောင်စီတပ်သားတွေ အတိုက်ခံနေရကြောင်း၊ ဖုန်ကြားရှင်ရဲ့သား ဖုန်တာရွှင် ဦးစီးတဲ့အဖွဲ့က MNDAA လက်ကျန်အဖွဲ့နဲ့ ကိုးကန့်များကို စည်းရုံးပြီး အထူးဒေသအဖြစ် ပြန်လည်အသက်သွင်းရန် ကြိုးပမ်းခဲ့ကြောင်း မင်းအောင်လှိုင်ထည့်ပြောသွားပါတယ်။












