စစ်ကောင်စီ အစည်းအဝေး မင်းအောင်လှိုင် ဘာတွေပြောပြီး ဘာတွေထူးသွားလဲ

“စစ်ရှုံးတယ်ဆိုတာ၊ လက်အောက်ငယ်သား အရာရှိတွေအများအပြား လက်နက်ချအလင်းဝင်သွားတဲ့ ကိစ္စတွေကို ထည့်မပြော။ စခန်းစွန့်ပြီး ထွက်ပြေးနေကြတဲ့အကြောင်း လုံးဝမဟရဲ”

ငြိမ်းမောင်

တိုက်ပွဲတွေနိုင်ငံအဝှမ်း အရှိန်မြင့်သထက် မြင့်တက်နေပြီး နိုင်ငံအဝှမ်း စစ်မျက်နှာဖွင့်နေရတဲ့ အာဏာလုစစ်ကောင်စီက  နိုဝင်ဘာ ၂၉ ရက်နေ့မှာ အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒီပွဲကို စစ်အုပ်စု ခေါင်းဆောင်တွေ တက်ကြပါတယ်။ မင်းအောင်လှိုင်က ထုံစံအတိုင်း ဒီမိုကရေစီအရေး၊ လက်နက်ကိုင်အဖွဲ့များအရေး၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တိုက်ခိုက်ခံနေရတဲ့ အခြေအနေတွေကို ချပြဆွေးနွေးသွားခဲ့တယ်။

ကာလုံအစည်းအဝေး ဘာအစည်းအဝေးဆိုပြီး ခေါင်းစဉ်တပ်နေပေမယ့် နေရာထိုင်ခုံအခင်းအကျင်း လူပါဝင်မှု အနေအထားနည်းနည်းပဲ ကွာတာကလွဲရင် ပြောနေတဲ့စကားတွေနဲ့ အကြောင်းအရာတွေက ထူးထူးထွေထွေ သိပ်မတွေ့ရပါဘူး။ မင်းအောင်လှိုင် စီမံခန့်ခွဲမှု ညွှန်ကြားနိုင်မှု စွမ်းစွမ်း တမံလုပ်ပြနိုင်မှု ဘာတစ်ခုမှမရှိခဲ့သလို အဲဒီအစည်းအဝေးမှာ ပြောသွားတာမတွေ့ရပါဘူး။

KIA အဖွဲ့က တပ်အင်အားများ တိုးချဲ့နေပုံအပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့မကွေး တိုင်းဒေသကြီးတွေမှာ စစ်ကောင်စီတပ်သားတွေ အတိုက်ခံနေရကြောင်း၊ ဖုန်ကြားရှင်ရဲ့သား ဖုန်တာရွှင် ဦးစီးတဲ့​အဖွဲ့က MNDAA လက်ကျန်အဖွဲ့နဲ့ ကိုးကန့်များကို စည်းရုံးပြီး အထူးဒေသအဖြစ် ပြန်လည်အသက်သွင်းရန် ကြိုးပမ်းခဲ့ကြောင်း မင်းအောင်လှိုင်ထည့်ပြောသွားပါတယ်။


TNLA ကလည်း အာဏာပြန်လည်ရရှိရေး ဆောင်ရွက်ခဲ့ပြီး မန္တလေး-လားရှိုး-သိန္နီလမ်းကြောင်းပေါ်ရှိ နောင်ချို၊ သိန္နီမြို့နဲ့လားရှိုးမြို့တို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ ဒီလို တိုက်ခိုက်တဲ့နေရာမှာ Drone ကြီးများသုံးပြီး  Drop Bomb များနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို ပြောသွားတယ်။ TNLA အဖွဲ့အနေနဲ့ မန္တလေး-လားရှိုးလမ်း ကြောင်းကိုဖြတ်တောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး အဓိကအားဖြင့် လားရှိုး – မူဆယ် – ချင်းရွှေဟော် ဆက်သွယ်သည့် လမ်းကြောင်းပေါ်မှအဓိကကျတဲ့သိန္နီမြို့မှ ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ကိုတွေ့ရကြောင်း၊ MNDAA တိုက်ခိုက်တဲ့  ဖြစ်စဉ်တွေမှာ TNLA ကလည်း ထပ်ဖြည့်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ  စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့တယ်လို့ ပြောသွားတယ်။

ပြီးခဲ့တဲ့လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်းက တပ်လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့တာဟာ TNLA၊ KIA၊ AA အဖွဲ့တွေအပြင် စုစည်းထားတဲ့ တခြားတပ်ဖွဲ့များက ကိုးကန့်များပါဝင်ပြီးတော့ ပြည်ပ Drone ပညာ ရှင်များ  ၆၅၀၀ ခန့် ပါဝင်ခဲ့တယ်လို့ ဆိုတယ်။ ပြည်ပ Drone ပညာရှင် ၆၅၀၀ ခန့်ပါဝင်ခဲ့တာကို မင်းအောင်လှိုင်က ထည့်ပြောသွားတာ တွေ့ရသလို Drone  တိုက်ခိုက်ခံရတယ်ကို အလုံးရေ  ဘယ်လောက်နဲ့ဆိုပြီး အတိအကျပြောသွားတာတွေ့ရပါတယ်။ အထိနာနေတဲ့ ဒရုန်းတွေကြောင့် မင်းအောင်လှိုင် တုန့်လှုပ်နေပါတယ်။ နေပြည်တော်ကနေ ဒရုန်းဘယ်နှလုံး ပစ်ချခံနေရပြီဆိုတာကို တာလီမှတ်ပြီး ရေတွက်နေရပြီ။

ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်များကိုသုံးသပ်ကြည့်မည်ဆိုရင် သာလွန်အင်အားစုစည်းခြင်းနဲ့  နည်းပညာသာလွန်မှုကို အသုံးချပြီး စစ်သုံးအဆင့် Drone များဖြင့် Drop Bomb များအသုံးပြုတိုက်ခိုက်ခံခဲ့ရတာလို့ Drop Bomb အသုံးပြုမှုမှာ ဒီ​နေ့အချိန်အထိ အလုံးပေါင်း ၂၅၀၀၀ ကျော်ခန့် အသုံးပြုခဲ့တယ်။ ၁၀၇ မီလီမီတာ လျှော့တိုက်ဒုံး အလုံး ၁၂၀ ခန့်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာလို့ ပြောသွားတယ်။

သူတို့အနေနဲ့ ဒီလို တိုက်ခိုက်ခံနေရတာကို ပြန်ပြီး ခုံခံနေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ၂၀၂၁ အာဏာရူးပြီး အာဏာလုခဲ့ရတော့ တပ်နဲ့ ရဲကို အာဏာရှုး အိပ်မက်ရှည်မက်ခွင့်ရရေး အသုံးချခဲ့ရလို့ အထိနာခဲ့ရတယ်လို့ သွယ်ဝိုက်ပြီး ပြောသွားပါတယ်။ နယ်မြေ လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေး အမည်ခံဟန်ပြလုပ်ငန်းများကို တပ်နဲ့ရဲ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ရလို့ စစ်ဆင်ရေးဆောင်ရွက်ချိန်မှာ ကန့်သတ်ထိဆောင်ရွက်ခဲ့ရတယ်လို့ ပြောသွားတာပါ။

တချို့ လုံခြုံရေးအရ တပ်ဖွဲ့ဝင်များထားရှိရတဲ့ နေရာတွေမှာ MNDAAနဲ့ ပူးပေါင်းအဖွဲ့များက Drop Bomb များနဲ့ အတိုက်ခံရပုံ၊ သာလွန်အင်အားများနဲ့ တိုက်ခိုက်ခဲ့တာကြောင့်  မိသားစုဝင်များရဲ့ အသက်အန္တရာယ်လုံခြုံရေးအရ အချို့နေရာများကို စွန့်ခွာပေးခဲ့တယ်လို့ ပြောသွားပါတယ်။ စစ်ရှုံးတယ်ဆိုတာ၊ လက်အောက်ငယ်သား အရာရှိတွေအများအပြား လက်နက်ချအလင်းဝင်သွားတဲ့ ကိစ္စတွေကို ထည့်မပြော။ စခန်းစွန့်ပြီး ထွက်ပြေးနေကြတဲ့အကြောင်း လုံးဝမဟရဲ။

Photo: Kokang

ရှုံးမဲ မဲပြီး ရမ်းသမ်းပစ်ခတ်နေတဲ့ ဖက်ဆစ်တပ်က နယ်စပ်ဒေသဖြစ်လို့ တစ်ဖက်နိုင်ငံမှအထင်အမြင် မလွဲမှားစေဖို့ထိန်းပြီး လုပ်နေရတယ်လို့ ပြောသွားတယ်။ အပြစ်မဲ့ ပြည်သူကို သတ်နေပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာဒေသတွေကို လေယာဉ်နဲ့ဗုံးကြဲတာတွေ လက်နက်ကြီးတွေနဲ့ ပစ်နေ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက် ဖက်ဆစ်တပ်က အရပ်သူအရပ်သားအပြစ်မဲ့ ပြည်သူများမထိခိုက်အောင်လည်း ဆောင်ရွက်နေတယ်လို့ မင်းအောင်လှိုင်က လိမ်ညာပြောခဲ့တယ်။

စစ်ကောင်စီ က သူ့ကိုမထောက်ခံတဲ့သူ မှန်သမျှ အကြောင်းအမျိုးမျိုးရှာ ဖမ်းဆီးနှိပ်စက်ထောင်ချနေတာ အားလုံးအသိဖြစ်ပါတယ်။ စစ်ကောင်စီကို လက်မခံဆန့်ကျင်သူတွေကိုလည်း နည်းမျိုးစုံသုံးပြီး ရက်စက်ယုတ်မာနေပါတယ်။ ပြည်သူကို ရန်သူလို ဆက်ဆံလာတာဟာ အာဏာလုကာစကတည်းကဆိုတာ နိုင်ငံတကာကလည်း သိထားပြီးဖြစ်ပါတယ်။ အညာကျေးလက်ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်။ အထိနာနေပြီဆိုရင် စစ်ကောင်စီ တပ်သားတွေဟာ အဲဒီပတ်ဝန်းကျင် ကျေးရွာတွေကို မီးရှို့တယ်။ PDF မနိုင်တဲ့ အပြစ်မဲ့ပြည်သူကိုမဲတယ် ရန်ရှာတယ်။

တိုင်းရင်းသား ဒေသတွေမှာ EROs နဲ့ PDF တွေက စစ်ကောင်စီတပ်ကို တိုက်ကြတော့ လေယာဥ်နဲ့ ရမ်းသမ်းဗုံးကြဲတာ၊ လက်နက်ကြီး အ​မြောက်တွေနဲ့ ပတ်ရမ်းခဲ့တယ်။ စစ်ရေးပစ်မှ တ်မဟုတ်တဲ့ အရပ်သားပြည်သူများ နေထိုင်ရာနေရာ အဆောက်အဦတွေ ထိမှန်ခဲ့တယ်။ ကလေးသူငယ် သက်ကြီးရွယ်တွေအများအပြားဟာ စစ်ကောင်စီတပ်သားတွေ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အသက်ပေးခဲ့ရတာတွေရှိတယ်။ လူအခွင့်ရေး ချိုးဖောက်နေတာ၊ အစုလိုက်အပြုံလိုက် သတ်နေတာတွေ၊ စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုလည်း အာဆီယံအသိ၊ ကမ္ဘာအသိ အားလုံးအသိ အားလုံးမြင်နေကြရတာ ဖြစ်ပါတယ်။

ဒီလို ယုတ်မာနေတဲ့ အကြမ်းဖက် ဖက်ဆစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်က အရပ်သူအရပ်သားအပြစ်မဲ့ ပြည်သူများမထိခိုက်အောင်လည်း ဆောင်ရွက်နေတယ်လို့ ပြောသွားတာကတော့ စစ်ယူနီဖောင်းဝတ် စစ်အုပ်စုခေါင်းဆောင်ရဲ့ အရှက်မရှိတဲ့ စကားပါပဲ။ မင်းအောင်လှိုင် က AA အဖွဲ့နဲ့ပတ်သက်ပြီး ယာယီပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူညီထားပါရက်နဲ့ ဒီသဘောတူညီချက်ကို ချိုးဖောက်ပြီးတော့ MNDAA အဖွဲ့နဲ့​ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ MNDAA ဘက်က ဝင်တိုက်ပေးလို့ ဒေါသထွက်နေပုံရတယ်။ ပလက်ဝဒေသရှိ လုံခြုံရေးစခန်းငယ်နှစ်ခုနဲ့ ပေါက်တောမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ရဲစခန်းအချို့ကိုလည်း သာလွန်အင်အားများဖြင့် တိုက်ခိုက်ခဲ့လို့ သူ့လက်အောက်ငယ်သားတွေ သေဆုံးခဲ့ရတာလို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။

KNPP/KNDF အဖွဲ့နဲ့ပတ်သက် ပြီးတော့လည်း နိုဝင်ဘာ ၁၁ ရက်မှ စတင်ပြီး KNPP/KNDF အဖွဲ့က ကယားပြည်နယ်လွိုင်ကော်မြို့ကို  အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြောသွားတယ်။ အဲဒီတိုက်ပွဲ မဖြစ်မီ ကယား ပြည်နယ်အတွက် လက်နက်ခဲယမ်းများကို ​ကြိုတင်စုစောင်းခဲ့တယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ၎င်းတို့ကြိုတင်စုဆောင်းသည့် လက်နက်အလက် ၅၀၀ နဲ့ ခဲယမ်းတွေရှိခဲ့တယ်လို့ ဆိုတယ်။ ဒါက AA၊ KNPP/KNDF အဖွဲ့တွေနဲ့ပတ်သက်ပြီး ပြောသွားချက်တစ်ချို့ပါ။

Photo: Kokang

နောက်ပြီး KNU နဲ့ပတ်သက်လို့ KNLA တပ်မဟာ ၅၊ တပ်မဟာ ၆ တို့က NCA လမ်း ကြောင်းပေါ်မှသွေဖယ်ခဲ့ပြီး တပ်စခန်းငယ်များနဲ့မြဝတီ၊ ကော့ကရိတ်မြို့တို့ကို တိုက်ခိုက်ခဲ့တာဟာ ဒီနေ့အထိ ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်တွင် KNLA တပ်မဟာ ၅ အနေနဲ့  တပ်မတော်တပ်စခန်းတစ်ခုကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အကြောင်း ပြောသွားပါတယ်။

အဲဒီအခြေအနေတွေကိုကြည့်ပြီး တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဟာ ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး နောက်ကွယ်တွင် အင်အားစုစည်းတည်ဆောက်တာ၊ လက်နက်ခဲယမ်းမီးကျောက်များ  အပြိုင်အဆိုင်တည်ဆောက်ထုတ်လုပ်တာ၊ PDF များကို သင်တန်းများ ဖွင့်လှစ်သင်တန်းပေးတာ၊ လက်နက်ခဲယမ်းများ ရောင်းချပေးတာတွေ လုပ်နေတာလို့ မင်းအောင်လှိုင်က ကောက်ချက်ချခဲ့တယ်။ ဒါဟာ ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ် တာပါလို့လည်း သူက ဆက်ပြောသွားပြီး နိုင်ငံတော်ကာကွယ်ရေးမှာ တာဝန်ရှိတဲ့အတွက် နိုင်ငံအဝှမ်း ဘက်ပေါင်းစုံက စစ်မျက်နှာ ဖွင့်နေရတဲ့ အ​ခြေအနေကို ပြန်ပြီးတိုက်ခိုက်ဖို့ ဖိဖိစီးစီးဆောင်ရွက်သွားမယ်လို့ ဆိုပြန်တယ်။

ဒီစကားကလည်း ပြတ်ပြတ်သားသား ချေမှုန်းမယ်တို့ ထိရောက်စွာ ဆောင်ရွက်မယ်တို့ ဆိုတာမျိုး ကာလုံအစည်းအဝေးမှာ ပြောသွားတဲ့ စကားလုံးမျိုးပါပဲ။ မထူးပါ။ မင်းအောင်လှိုင်ပြောသွားတဲ့ စကားတွေကို ကြည့်ရင်EROs တွေရဲ့ အတိတ်သမိုင်းကြောင်းတွေကို အများဆုံးပြောသွားပြီး “ဝ” အဖွဲ့နဲ့ ငြိမ်းချမ်းရေးယူထားတာ နှစ် ၃၀ လောက်ရှိပေမယ့် တပ်နဲ့တိုက်ပွဲမဖြစ်ခဲ့တဲ့အကြောင်း ပြောသွားပါသေးတယ်။

AA နဲ့ TNLA အဖွဲ့တွေက KIA ရဲ့အကူအညီနဲ့ KIA နယ်​မြေလိုင်ဇာမှာ ဘယ်တုန်း​က စဖွဲ့ခဲ့ပုံ၊ TNLA က ပလောင်ဒေသကို ရရှိရေး ကြိုးပမ်းနေပုံ၊ MNDAA က ကိုးကန့်အထူးဒေသကို အသက်သွင်းဖို့ ကြိုးစားနေပုံ၊ KNPP/KNDF နဲ့ PDF တွေပူးပေါင်းပြီး ကယား ပြည်နယ်အတွင်းမှာ လက်နက်ခဲယမ်းတွေကို နည်းမျိုးစုံနဲ့ ဘယ်လိုသယ်ပုံ၊ ဘယ်လို လှုပ်ရှားနေပုံ၊ NCA ရေးထိုးခဲ့တဲ့ KNUရဲ့ ဥက္ကဌ အပြောင်းအလဲကိစ္စ နဲ့ တပ်မဟာ ၅ နဲ့ ၆ တို့ရဲ့ တပ်အပေါ် တိုက်ခိုက်ခဲ့မှုအခြေအနေ ဒါတွေပြောသွားတာပါ။

ကျန်တာကတော့ တိုင်းရင်းသား နယ်မြေတွေနဲ့ မူးယစ်ဆေးကိစ္စနဲ့ ပါတီစုံဒီမိုကရေစီကိစ္စတွေပါ။ အချုံ့အနေနဲ့ ပြောရရင် အမည်ခံ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးအပြီး ရက်ပေါင်း ၂၀အတွင်းမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးဟာ ဘာမှမထူး၊ ဘာတိုးတက်မှု စွမ်းစောင်နိုင်ခဲ့မှုတွေကိုမှ ချမပြနိုင်ခဲ့။ မင်းအောင်လှိုင်ပြောသွားတာတွေအများဆုံးက ကာလုံအစည်းအဝေးမှာ ပြောထားချက်တွေပါပဲ၊ ကာလုံအစည်းအဝေးမှတ်တမ်းပြောစကားတွေကို ကြည့်ပြီးပြောသွားပုံရတယ်။

သေချာပြန်စဉ်းစားကြည့်တော့ ထူးခြားတာကတော့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့အသီးသီးက ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ စုပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို ဝိုင်းတိုက်နေကြတာ မင်းအောင်လှိုင် အတော်ထိတ်လန့်နေပါပြီ။ EROs တွေ အင်အားကြီးထွားလာပြီး ပြည်သူထောက်ခံမှုတွေ အပြည့်အဝ ရသွားကြမှာကိုလည်း သူတော်တော် တုန်လှုပ်နေပြီ ဖြစ်ပါတယ်။ EROs တွေကို ဘက်ပေါင်းစုံက ခုခံနေရလို့လည်း မင်းအောင်လှိုင် အတော်ဒေါခွီးနေပုံရတယ်။

တော်လှန်ရေးအင်အားစုတွေကို သီးမခံဘူး ပြတ်ပြတ်သားသား နှိမ်နင်းမယ်လို့ ပြောထားတဲ့ အကြမ်းဖက် စတန်းဒက်အာမီအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်က သူ့လက်အောက်တပ်သားတွေ တပ်စခန်းတွေ ဘယ်လိုအတိုက်ခံရ၊ အသိမ်းခံရတယ်ဆိုတာနဲ့ ဒရုန်းဗုံးအလုံးရေ အရေအတွက် ဘယ်လောက် အကြဲခံနေရတယ်ဆိုတာကို နေပြည်တော်ထိုင်ခုံပေါ်ကနေ တယ်လီမှတ် ရေတွက်နေတယ်ဆိုတာကို အံ့သြ ထူးခြားချက်တစ်ခုအနေနဲ့တွေ့လိုက်ရပါတယ်။ ။

#RedNewsAgency

By Editor