စစ်မျက်နှာအသစ်ဖြစ်လာတဲ့ ရှမ်းမြောက်နဲ့ တော်လှန်ရေးအောင်ပွဲ

“စစ်တပ်ဘက်က အများအပြား ရှင်းလင်းခံခဲ့ရပြီးတော့ အကောက်ခွန်ရုံးနှင့်စခန်းတစ်ခုလုံး ပြာကျသွားပြီလည်း ဖြစ်ပါတယ်။ ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ”

မောင်ဝိ

မြန်မာ ပြည်သူတစ်ရပ်လုံး လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို ကိုးကန့် MNDAA ၊ ရခိုင်တပ်တော် AA နဲ့ တအာင်း TNLA မဟာမိတ် ၃ ဖွဲ့ တို့က ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲပြီဖြစ်ကြောင်း ကြေညာချက်နဲ့အတူ ဒီကနေ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်တော့တယ်။

အောက်တိုဘာ ၂၇ ရက်​နေ့ မနက် ၅ နာရီလောက်ကစတင်ပြီး၊ ရှမ်းပြည် နယ်မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ တာမိုးညဲ၊ သိန္နီ၊ လောက်ကိုင်၊ ကွမ်းလုံနှင့် ချင်းရွှေဟော်ဘက်များမှာ တိုက်ပွဲများဖြစ်ပွားနေပါတယ်။ စစ်ကောင်စီရဲ့ ဂိတ်စခန်းတွေ အသိမ်းခံနေရသလို ချင်းရွှေဟော်မြို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ထိန်းထားလိုက်ပြီလို့ ကြားနေရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့မှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီရဲ့ စခန်းတွေနဲ့အတူသံချပ်ကာကားနှစ်စီး သိမ်းပိုက်နိုင်ခဲ့ကြောင်း လည်းမြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရတယ်။

တိုက်ပွဲအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော် ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာနစခန်းကို တော်လှန်ရေးတပ်ဖွဲ့ရဲဘော်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်တပ်ဘက်က အများအပြား ရှင်းလင်းခံခဲ့ရပြီးတော့ အကောက်ခွန်ရုံးနှင့်စခန်းတစ်ခုလုံး ပြာကျသွားပြီလည်း ဖြစ်ပါတယ်။ ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီပဲ ဖြစ်ပါတယ်။

နောက်ထပ်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်ကြားမှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးအနီး က စစ်ကောင်စီရဲ့ “ရင်ကွဲတောင်” တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က အောက်တိုဘာ ၂၇ ရက်​​နေ့၊ မနက် ၁၀နာရီတွင် တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။ ရှမ်းမြောက်မှာရှိတဲ့ မန္တလေး PDF ကလည်း မြောက်ပိုင်းမဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်မယ်လို့ ကြေညာထားပါသေးတယ်။

အခုလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုနဲ့ပတ်သတ်ပြီး စစ်တပ်ဘက်က အသံမျိုးစုံထွက်ပေါ်လာပါတယ်။ လက်ရှိ စစ်ခေါင်းဆောင်ကို အပြစ်တင်ပြောဆိုနေကြတာအပြင် “လက်နက်ကြီး အင်အားသုံးပြီး၊ အမြစ်ပျက်ချေမှုန်းပေးဖို့၊ အောက်ခြေက တပ်သားတွေအကျအရှုံး များနေတဲ့အကြောင်းနဲ့ စစ်ခေါင်းဆောင်အနေနဲ့ မလုပ်နိုင်ရင် အာဏာပြန်လွှဲပေးဖို့” စသဖြင့် ဝမ်းနည်းပူဆွေးစွာ ပြောဆိုနေကြတာတွေမြင့်တွေ့ရတယ်။ ဒါပေမယ့် စစ်တပ်လော်ဘီ အကောင့်တွေကတဆင့် စစ်သားများနဲ့ တပ်ထောက်ခံသူတွေ စိတ်ဓာတ်ကျဆင်းမှာစိုး၍ ” တပ်မတော်က လက်နက်ကြီး၊ လေယာဥ်တွေနဲ့ ဘယ်လို ဗျင်းနေပြီ” ဆိုတာမျိုး လက်ရှိမှာ ဝါဒဖြန့်လျက်ရှိတယ်။

တဆက်တည်းမှာပဲ တအာင်း TNLA တပ်ဖွဲ့များနဲ့ Mandalay PDF ပူးပေါင်းတပ်များက ရှမ်းပြည်နယ်၊ နောင်ချိုမြို့အနီး အုမ္မခါးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဆက်လက်တိုက်ပွဲပြင်းထန်လျက်ရှိပါတယ်။ အုမ္မခါးကျေးရွာဟာ ပြင်ဦးလွင်နဲ့ နောင်ချိုမြို့ကြား မန္တလေး- လားရှိုး အဝေးပြေးလမ်းမကြီးပေါ်မှာ ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် နောင်ချို့မြို့ အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၁၁၅ တပ်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို၊ တိုက်ခိုက်ရေး ရဟတ်ယာဥ်များဖြင့်လည်း ပစ်ခတ်လျက်ရှိတယ်။

ဒါတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က အာဏာရှင်စနစ် အမြစ်ပြတ်ရေး စစ်ကြေညာပြီး၊ အခုလို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ တဲ့ ၁၀၂၇ စစ်ဆင်ရေး (1027 Operation) ဖြစ်ပါတယ်။ လက်ရှိမှာ တိုက်ပွဲတွေပိုပြီး ပြင်းထန်လာသလို စစ်တပ်က အင်အားဖြည့်တင်းလျက်ရှိတယ်လို့ သိရတယ်။ စစ်ကားအစီး ၁၀၀ နီးပါးဟာ ကလောနဲ့ သာစည်ဘက်ကနေ အောင်ပန်းမြို့ကိုကျော်လာပြီး စစ်ကူပေးနိုင်ရေး ဆောင်ရွက်နေတာတွေလည်း ဒေသခံတွေက တဆင့်သိရတယ်။

KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့များကလည်း ရှမ်းမြောက်- မုံးကိုးမြို့နဲ့ ၁၀ မိုင်အကွာမှာရှိတဲ့ နမ့်ကွတ် စစ်စခန်းကိုပါ သိမ်းပိုက်ခဲ့ပါသေးတယ်။ ဒီရက်ထဲ တိုက်ပွဲတွေဆိုရင် အောက်တိုဘာ ၈ ရက်နေ့မှာ ကချင် ပြည်နယ်၊ ဝိုင်းမော်​မြို့အနီး၊နမ့်ဆန်းယန်နားမှာရှိတဲ့ စစ်ကောင်စီရဲ့ လဲလုံစခန်းကို တိုက်ခိုက်ခဲ့ကြပါတယ်။အောက်တိုဘာ၂၀ ရက်နေ့မှာ ၈၁ ကြိမ် အထိ KIA နှင့် ပူးပေါင်းတပ်များ မှ အောင်ဂျာကျေးရွာနားတဝိုက် စစ်ကောင်စီတပ်စခန်း ၃ ခုကိုအပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ခြင်းဖြစ်တယ်။ ဒါ့ကြောင့် ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ (၁၀၂၇) စစ်အာဏာရှင်အမြစ်ပြတ်ရေး စစ်ဆင်ရေးကို Mandalay PDF နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့က ထောက်ခံအားပေးခဲ့ကြပြီး၊ တိုက်ပွဲအတွင်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒါ့အပြင် PLA ကလည်း ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ကြားထားပါသေးတယ်။

ဒါတွေကို ကြည့်ချင်းအားဖြင့် နွေဦးတော်လှန်ရေး လက်နက်ကိုင်တော်လှန် ရေးကို ပြည်သူတွေထောက်ခံထားတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စုစည်းမှုနဲ့ တိုက်ခိုက်လာနိုင်တဲ့ အခုတိုက်ပွဲတွေဟာ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်တပ်ကို အတော်အထိနာစေပါတယ်။ စစ်အာဏာရှင်တွေ ကျဆုံးဖို့အချိန်ဟာ ပိုပိုနီးကပ်လာပြီလို့ဆိုရပါမယ်။

တချိန်က ၂၀၁၅ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ကိုးကန့်တိုက်ပွဲတွေမှာ “တပ်မတော်က ကိုးကန့်ကို ဘယ်လို တိုက်နိုင်တယ်”ဆိုတာမျိုး အခုချိန်မှာ ပြည်သူကို ဂျင်းထည့်လို့မရတော့ပါဘူး။ ၂၀၁၅ ခုနှစ်တိုက်ပွဲမှာဆိုရင် စစ်တပ်ဘက်က ၄၀ ကျော်သေပြီး၊ ၇၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် တကယ့်မြေပြင်မှာ တိုက်ပွဲဝင်ဖူးသူတွေပြောပုံအရ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းတစ်ရင်းလုံး ပြုတ်ခဲ့တဲ့အထိ စစ်တပ်က အထိနာခဲ့ဖူးတယ်။

အဲဒီအချိန်က စစ်တပ်က ကိုးကန့်ကိုတိုက်မယ်ဆိုရင် ကျန်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးယူပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်တယ်။ အခုချိန်မှာတော့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ဦးဆောင် တိုက်ပွဲဖော်ဆောင်တာ ဖြစ်ပြီး၊ စစ်မျက်နှာအသစ်ဖြစ်လာတဲ့ ရှမ်းမြောက် စစ်ဆင်ရေးဟာ စစ်အာဏာရှင်တွေ ကျဆုံးရေးဦးတည်နေပြီး နွေဦးတော်လှန်ရေးအတွင်း တဆစ်ချိုးပြောင်းလဲလိုက်တဲ့ စစ်ရေးအခြေအနေဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။

Red News Agency

By Editor