တရုတ်စွန့်ပစ်ခံဖြစ်လာတဲ့ အာဏာရှင်တစ်စု

“နိုင်မြင်းကိုသိလာတဲ့ တရုတ်ဟာ အာဏာသိမ်းစစ်တပ်ကို တဖြည်းဖြည်း ဖယ်ကျဉ်လာပါတယ်”

လှဆောင်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အမေရိကန်ကို နာမည်တပ်ပြီး မကောင်းကြောင်းပြောနေတဲ့အချိန်မှာပဲ သူအားကိုးတဲ့ တရုတ်က အာဏာသိမ်းစစ်တပ်ကို ဥပက္ခာပြုလိုက်ပါပြီ။

အောက်တိုဘာလ တတိယပတ်ထဲ ကျင်းပခဲ့တဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း ၁၀ နှစ်ပြည့် မကျင်းပခင် တရုတ်နိုင်ငံကို မင်းအောင်လှိုင်ရဲ့ကိုယ်စားလှယ်တွေ ခပ်စိပ်စိပ်စေလွှတ်ခဲ့ပါတယ်။ ဒါဟာ စီမံကိန်း ၁၀ နှစ်ပြည့်ပွဲကို မင်းအောင်လှိုင်တက်ခွင့်ရရေးအတွက် ကြိုးပမ်းမှုအဖြစ် ပုံဖော်ကြည့်လို့ရပါတယ်။

ဒါပေမဲ့လည်း အဲဒီ ၁၀ နှစ်ပြည့်ပွဲကို မင်းအောင်လှိုင်တက်ခွင့်မရခဲ့ပါဘူး။ အကြောင်းက တရုတ်ဘက်က မဖိတ်ကြားခဲ့လို့ပါ။ အဲဒီပွဲကိုတော့ စစ်ကောင်စီရဲ့ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဖြစ်တာ မကြာသေးတဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့အဖွဲ့ပဲ တက်ရောက်ခွင့်ရခဲ့ပါတယ်။ “ရှီကျင်းဖျင်က မင်းအောင်လှိုင်ကို ဂါရဝပြု” ဆိုပြီး စစ်တပ်လော်ဘီသတင်းစာတွေမှာ အထည့်ခံရမှာ ကြောက်လို့လားဆိုပြီး အရွှန်းဖောက်တွေးကြည့်ရင်လည်း တွေးကြည့်နိုင်ပါတယ်။

မင်းအောင်လှိုင်ကို တရုတ်က မဖိတ်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်ကမှ အာဖဂန်နစ္စတန်မှာ အာဏာသိမ်းပြီးတက်လာတဲ့ တာလီဘန်တွေကိုတော့ ဖိတ်ကြားခဲ့ပါတယ်။ ပြီးတော့ အဲဒီပွဲကနေ ဘာစီမံကိန်းအတွက်မှ တရုတ်နဲ့ လက်မှတ် ထိုးပြီး စစ်ကောင်စီကိုယ်စားလှယ်တွေ ပြန်မလာနိုင်ခဲ့ပါဘူး။ တစ်ခြားနိုင်ငံတွေနဲ့တော့ တစ်နိုင်ငံပြီး တစ်နိုင်ငံ တရုတ်က သဘောတူစာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ရပ်ဝန်းနဲ့ ပိုးလမ်စီမံကိန်းကိုတော့ ၂၀၁၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ အမှန်ဆိုရင် ၂၀၁၈ ခုနှစ် စီမံကိန်းအကြီးစားကြီးအတွက် လက်မှတ်ထိုးပြီးပြီဆိုရင် အခု ၁၀ နှစ်ပြည့်လို အခမ်းအနားမှာ တရုတ်ဟာ မြန်မာနဲ့ စာချုပ်တွေ အများကြီးချုပ်ဆိုရမှာဖြစ်ပါတယ်။

ဒါပေမဲ့ မင်းအောင်လှိုင်နဲ့ပတ်သက်ပြီး အမြင်မကြည်ဖြစ်လာ၊ နိုင်မြင်းကိုသိလာတဲ့ တရုတ်ဟာ အာဏာသိမ်းစစ်တပ်ကို တဖြည်းဖြည်း ဖယ်ကျဉ်လာပါတယ်။ မြစ်ဆုံစီမံကိန်းလိုမျိုး စီမံကိန်းအကြီးတွေလို ဖြစ်မှာလည်း တရုတ်က စိုးရိမ်ပုံရပါတယ်။ ဒါကြောင့် သူ့စီမံကိန်းတွေကို မြန်မြန်အကောင် အထည်ဖော်နိုင်ဖို့အတွက် သေချာတဲ့ နိုင်မြင်းဘက်ကနေ တရုတ်ဘက်က မီးစိမ်းပြပြီး လောင်းလိုက်တာလို့ ယူဆလို့ရပါတယ်။

တရုတ်ဘက်က မီးစိမ်းမပြရင်တော့ ရှမ်းပြည်မြောက်ပိုင်းမှာ အခုလို ထိုးစစ်တွေကို တော်လှန်ရေးအင်အားစုတွေဘက်က မလုပ်နိုင်ပါဘူး။ ပြီးတော့လည်း ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေကို တရုတ်နိုင်ငံဘက်က အဆင့်သင့်ကူညီပေးခဲ့ကြပါသေးတယ်။ ဒါဟာ အဘက်ဘက်က ဖယ်ကျဉ်ခံရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေအတွက်တော့ အကြီးမားဆုံးအကျပ်ရိုက်စရာတွေထဲက တစ်ခုဖြစ်လာပါတယ်။ အခုတောင် ၃ ရက်မပြည့်သေးဘူး ရှမ်းမြောက်မှာ စခန်း ၅၇ ခုကို သိမ်းနိုင်ထားပြီလို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

အခု မင်းအောင်လှိုင်အားကိုးနေတဲ့ ရုရှားရဲ့ မြန်မာနိုင်ငံမှာ လာရင်းနှီးမြုပ်နှံ့မှုဟာလည်း နှစ်တစ်စက်လောက်ပဲ ရှိပါတယ်။ မင်းအောင်လှိုင်စကားကိုယုံပြီး ရုရှားခရီးသွားဧည့်သည်တွေကို မျှော်နေတဲ့ ခရီးသွားလုပ်ငန်းရှင်တွေတောင် သစ်ကုလားအုတ်လည်ပင်းတွေ ဖြစ်ကုန်ပါပြီ။

ရုရှားဘက်ကတော့ မင်းအောင်လှိုင်တို့ကို သူတို့ဆီက ပစ္စည်းဝယ်တဲ့ အရေးကြီးဖောက်သည်လောက်အဖြစ်ပဲ သဘောထားတာပါ။ ဒါကြောင့်လည်း ပူတင်နဲ့ မင်းအောင်လှိုင်ကို တစ်ခါဆုံဆည်းခွင့်ပေးပြီး သူတို့ဖောက်သည်ကို ချွေးသိပ်ထားတာလည်း ဖြစ်ပါတယ်။

တဖြည်းဖြည်းနဲ့ စစ်ကောင်စီဟာ သူတို့အသိုင်းအဝိုင်းထဲမှာကော၊ ပြည်တွင်းမှာကော ပြည်ပနဲ့ အိမ်နီး ချင်းတွေဆီက ဖိအား များသထက်များလာပြီး ပျောက်ကွယ်တော့မယ် အနေအထားရောက်နေပါပြီ။ မင်းအောင်လှိုင်ကိုလည်း အစွမ်းအစမရှိတဲ့သူလို့ မြင်လာကြပါပြီ။

အာဏာသိမ်းစစ်တပ်ရဲ့ ဇာတ်သိမ်းခန်းဟာ လည်းမဝေးတော့ပါဘူး။ ဒီရက်ပိုင်းတော့ တရုတ်ကြီးက စွန့်ပစ်သွားတဲ့ မင်းအောင်လှိုင်ခမျာ သွေးလေခြောက်ခြားနေမှာကတော့ မြေကြီးကိုလက်နဲ့ခတ်သလိုပဲ ဖြစ်နေမှာပါ။ ။

#RedNewsAgency

By Editor