“ဘယ်သောအခါမှ ဒူးထောက်အရှုံးပေးမည်မဟုတ်ပါ။ ရဲရဲတောက် တော်လှန်ရေး သူရဲကောင်းများ၏ပေးဆပ်မှုတွေ၊ သူတို့သွေးနဲ့ရေးခဲ့သည့် သမိုင်းမှတ်တမ်း မော်ကွန်းတွေကို ဆက်လက်ထိန်းသိမ်းတိုက်ပွဲဝင်နေကြဦးမည်”
လင်းယုန်
ဒီကနေ့ကျရောက်သည့် ဇွန်လ ၂၆ ရက်နေ့ဟာ မြန်မာနိုင်ငံစစ်အာဏာရှင်သမိုင်းမှာ ပထမဦးဆုံးသော ကြိုးပေးသတ်ဖြတ်ခြင်းခံရသည့် ချင်းအမျိုးသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦးကျဆုံးခြင်း(၄၇)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ သမိုင်းအဆက်ဆက် အမှန်တရားများကို ဖုံးကွယ်ရန် အစဉ်တစိုက်ကြိုးပမ်းနေသည့် စစ်မိစ္ဆာများ၏ ယုတ်မာစိုင်းရိုင်းမှုများကြောင့် ချင်းအမျိုးသားသူရဲကောင်း ဆလိုင်းတင်မောင်ဦး၏ ပေးဆပ်မှုကိုလည်း တလျှောက်လုံး ဖုံးကွယ်ခဲ့ကြသည်။

သေမယ်ထင်လို့ ဆလိုင်းတင်မောင်ဦးကို စစ်အာဏာရှင်များ ကြိုးပေးကွပ်မျက် သတ်ဖြတ်ခဲ့လည်း အရှိုသမိုင်း ချင်းသမိုင်းမှာ ဘယ်တော့အခါမှ သေမသွားခဲ့ပါ။ မြန်မာ့နိုင်ငံရေး စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းမှာလည်း ဘယ်တော့မှ မေ့ပျော်လို့ရမည်မဟုတ်ပါ။ ငါတို့ရင်ထဲထာဝရရှင်သန်နေမယ်ဆိုတာ စစ်အာဏာရူးများမှတ်ထား စေချင်ပါသည်။ စစ်အာဏာရှင်စနစ်ကို ရွံရှာမုန်းတီးခြင်းကြောင့် ဆလိုင်းတင်မောင်ဦး၏ သူ့ရင်တွင်းထဲမှ ထွက်ပေါ်လာသော စကားလုံးသည် ယနေ့ချိန်ထိ ပြည်သူများ၏ရင်ထဲမှာ ထင်ချန်နေဆဲဖြစ်ပါသည်။ “မင်းတို့ငါ့ကိုချင်သတ်လို့ရပေမယ့် ငါ့ခံယူချက်နှင့် စိတ်ဓာတ်ကို တော့ဘယ်တော့မှသတ်လို့မရဘူး”၊ “မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမ ထောက်ဘူး”ဆိုတဲ့ရဲရင့်ပြတ်သားသည့် စိတ်ဓာတ်နှင့်ခံယူချက်များသည် လေးစားဂုဏ်ယူ ထိုက်သည့်ဆုံးဖြတ်ချက်နှင့်ခံယူချက်များသာဖြစ်သည်။
စစ်အာဏာရှင်များသည် ခေတ်အဆက်ဆက်ဆန့်ကျင်လာသည့် ပြည်သူများကို နည်းလမ်းပေါင်းစုံဖြင့်သတ်ဖြတ်ညှင်းဆဲမှုများ ယနေ့အချိန်ထိကျူးလွန်နေဆဲဖြစ်သည်။ ဆလိုင်းတင်မောင်ဦးနည်းတူ ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်သည့် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကိုလည်း မတရားကွပ်မျက် သေဒဏ်ပေးခဲ့ကြပါသည်။ ဒါတွေဟာ ထင်သာမြင်သာရှိတဲ့ ဥပမာတွေပဲရှိပါသေးသည်။ နောက်ထပ်လဲ ကျောင်းသားလူငယ်များ၊ ဒီမိုကရေစီလိုလားသူများကို ပေါ်ပေါ်ထင်ထင်သတ်ဖြတ်နေသ လိုလူမသိသူမသိ ခိုးချောင်ခိုးဝှက်ဖြင့်သတ်ဖြတ်နေမှုများ နေရာတိုင်းတွင်ကျူးလွန်နေဆဲ ဖြစ်ပါသည်။
(more…)