တူမီးကြောင့် သွေးပျက်နေတဲ့ ဖက်ဆစ်စစ်တပ် 

” ခေါင်းအစား ခေါင်း၊ မျက်လုံးအစား မျက်လုံး၊အသက်အစား အသက်ပြန်ယူတက်သည့် ကလဲ့စားသည် တောင်ပိုင်းချင်းလူမျိုးတစ်စု၏ ရိုးရာ ဓလေ့အမှန်ရှိခဲ့သည်ကိုလည်း မ‌မေ့သင့်ပါ။ မတရားမှုကိုရွံရှာမုန်းတီးပြီး အမှန်တရားကို အသက်ပေးမြတ်နိုးတန်ဖိုးထားကာကွယ်ထိန်းသိမ်းသည့်လူမျိုး” 

 

လင်းယုန်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေပေါ်ပေါက်လာခဲ့သလို ချင်းပြည်နယ်အတွင်းရှိ မြို့နယ်၊ကျေးရွာတွေအထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အဆက် မပြတ်ပေါ်ပေါက်လာခဲ့ပါသည်။ ချင်းလူမျိုးအားလုံးနီးပါး စစ်အာဏာရှင်ကို ရွံ့ရှာမုန်တီးတဲ့စိတ်က မွေးကတည်းကပါလာပြီးသားဖြစ်သလို မတရားအာဏာလု မင်းအောင်လှိုင်၏ လုပ်ရပ်ကြောင့်လည်းပို၍ ချင်းပြည်သူလူထု သွေးဆူလာစေသည်ဟု သုံးသပ်မိပါသည်။

တူမီးသေနတ်နှင့်ချင်း

တူမီးသေနတ်သည် ချင်းလူမျိုးများ၏ ရှေးယခင်ဘိုးဘွားခေတ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်လာသည့် ရိုးရာလက်နက်တစ်ခုဖြစ်သလို ချင်းယောက်ျားလေးရှိသည့်အိမ်တိုင်းနီးပါး တူမီး သေနတ်ရှိကြသည်။ လူတစ်ဦးတစ်ယောက်ကိုအသက်အန္တရာယ်ပြုရန်ကိုင်‌ဆောင်ခြင်းမဟုတ်ပါ။ ချင်းပြည်နယ်သည်တောတောင်ထူထပ်ပြီး တောရိုင်းတိရိစ္ဆာန်ပေါင်းစုံပေါများသည့်ဒေသဖြစ်သည့်အလျောက် တောရိုင်းတိရိစ္ဆာန်များ၏အသက်ဘေးရန်ကနေကာကွယ်ဖို့အဓိက ကိုင်ဆောင်ကြသော်လည်း ယခုအခါမှာ အကြမ်းဖက် ဖက်ဆစ်စစ်တပ် မတရားအာဏာလု မင်းအောင်လှိုင်နှင့်သူ၏ အပေါင်းအပါစစ်ခွေးများအား တစ်ဖြုတ်ဖြုတ်ခြွေနိုင်သည့် လက်နက်အဖြစ်နေရာယူလာခဲ့ပါသည်။

အရွယ်ရောက်ပြီး ချင်းယောက်ျားလေးတိုင်းနီးပါး တူမီးသေနတ်ပစ်တတ်အောင်လူကြီးမိဘများမှသင်ပေးသည့်အပြင် လေး၊ မြှား၊ လှံ၊ ဓါး၊ တူးလေးနှင့် အခြားအခြားသောတိုက်ခိုက်ရေးနည်းများစွာလည်း ကျွမ်းကျင်အောင်သင်ပေးကြသေးသည်။ သင်ပေးရခြင်း၏ အကြောင်းအရင်းမှာ တောထဲတောင်ထဲသို့သွားလာရတော့မည်ဆိုလျှင် တောရိုင်းတိရိစ္ဆာန်များ၏တိုက်ခိုက်ရန်ပြုခြင်း၊ အသက်အန္တရာယ်ပေးနိုင်ခြင်းမှခုခံကာကွယ်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့်တိုက်ခိုက်ရေးသည်ယောက်ျားလေးတိုင်း၏တတ်သင့်တတ်အပ်သည့် ပညာရပ်တစ်ခုအနေဖြင့်လည်း ရှုမြင်သင်ယူရပါသည်။ တူမီးသေနတ်အပြင် လေး၊ မြှားပစ်ခတ်မှု အတတ်ပညာကိုလည်း တစ်ဘက်ကမ်းခတ်တတ်မြောက်ကြသည့် ချင်းလူမျိုးများဖြစ်ကြောင်းကိုလည်း ဖော်ပြလိုပါသည်။

အစဉ်အလာနှင့် ဝါသနာ မုဆိုး

ချင်းယောက်ျားလေးတစ်ဦးကို သေနတ်ပစ်တတ်အောင် အထူးလေ့ကျင့်သက်ကြားပေးရန်လိုအပ်မည်ဟု ကျွန်တော်မထင်ပါ။ အကြောင်းမှာ ငယ်စဉ်အရွယ်ရောက်စကတည်းက သေနတ်ပစ်၊ အမဲလိုက်၊ တောကောင်ဖမ်းခြင်း၊ ထောင်ခြင်း၊ မုဆိုးအလုပ်များသည် သူတို့၏ ရိုးရာဓလေ့ဖြစ်သလို အထူးဝါသနာထုံသူများလည်းဖြစ်ကြသည်။

တောထဲမှာပြေးလွှားနေသည့် ရွှေ့လျားပစ်မှတ်သားကောင်တွေကိုတောင်မှ မှန်အောင်ပစ်နိုင်သည့်သူများက အစုလိုက်အဖွဲ့လိုက် အတန်းလိုက်တတ်လာသည့် စစ်ခွေးအုပ်စုကိုပစ်ရတာသူတို့အတွက် မခဲယဉ်းဘူးလို့မြင်ပါသည်။ ဒါ့ကြောင့်လည်း ချင်းပြည်နယ်မှာ ဖက်ဆစ်စစ်တပ် အသေအဆုံးများတဲ့ တိုက်ပွဲတွေ အများကြီးပါ။

သင်ကကိုယ်တိုင်အမဲလိုက်ပြီး သားကောင်ရလာခဲ့မည်ဆိုလျှင် တစ်ရွာလုံးက ချင်းခေါင်းရည်ဖြင့်ကြိုဆိုပြီး အသိ အမှတ်ပြုဂုဏ်ပြုပေးကြမည်ဖြစ်ပါသည်။ လူကိုအသက်အန္တရာယ်ပေးနိုင်သော ပစ်ရန်ခက်ခဲသည့် တောကောင်မျိုးဖြစ်ရန်တော့လိုအပ်မည်ဖြစ်သည်။ ဥပမာ- ဆင်၊ ပြောင်၊ ကျား၊ ဝံ၊ တောဝက်လိုမျိုးကိုဆိုလိုသည်။ ထို‌နေ့မှစ၍ သင်၏ဖခင်မှ ငါ့သားလေးယောက်ျားပီသလာပြီကွဟု အသိအမှတ်ပြုပေးနိုင်သလို တချို့သောရပ်ရေးရွာရေး၊ သာရေးနာရေး ကိစ္စများတွင်လည်း သင့်ဖခင်ကိုယ်စား စိတ်ချလက်ချစေလွှတ်ရဲလာမည်ဖြစ်သည်။

ပြင်းပြသည့်စိတ်ဓာတ်

ချင်းတော်လှန်ရေးတပ်သားတိုင်းသည် ရန်သူ ဖင်ဆစ်တပ်ကို တိုက်ပွဲအကြိမ်ကြိမ်ဆင်နွဲ့လည်း တိုက်ပွဲတိုင်းအောင်မြင်နိုင်ရမည်ဟု မိမိကိုယ်မိမိအပြည့်အဝယုံကြည်မှုရှိကြသည်။ ချင်းလူမျိုး၏ စိတ်ဓာတ်ကိုပြောရမည်ဆိုလျှင် လေနှင့်ပုံဥပမာပေးချင်ပါသည်။ မုန်တိုင်းမဖြစ်ခင်အထိ လေကောင်းလေသန့်သည် သက်ရှိသတ္တဝါတိုင်းအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်သလို လေပြည် လေညင်းမှသည် မုန်တိုင်းအဖြစ်သို့ပြောင်းသွားပြီဆိုလျှင် လူကိုအကြီး အကျယ်ဒုက္ခပေးနိုင်သည့် ဘေး အန္တရာယ်အဖြစ်ပြောင်းလဲသွားတတ်သကဲ့သို့ ကျွန်တော်ထင်မြင်မိပါသည်။

ချင်းလူမျိုးဘိုးဘွားမိဘများ၏ နယ်မြေ အိမ်ယာ တောတောင်အပေါ်ထားသည့် စိတ်ဓာတ်၊ ချစ်တတ်သည့် စိတ်ဓာတ်၊ သံ‌ယောဇာဉ်ထားသည့်စိတ်ဓာတ်များသည် အရမ်းလေးစားဂုဏ်ယူစရာဖြစ်သည်။ ချင်းလူမျိုးတစ်ဦးသည် မည်မျှခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးများသို့ရောက်ရှိကောင်းစားနေသော်လည်း မိမိ၏မွေးရပ်ဇာတိတောရွာကို မေ့လျော့သွားခြင်းမရှိပဲ သူတတ်နိုင်သည့် နည်းလမ်းဖြင့် ကူညီထောက်ပံ့အကျိုးပြုပေးမှုများကို ကြည့်ခြင်းအားဖြင့် သူ၏သံယောဇာဉ်ကြီးမားမှုကို ခန့်မှန်းနိုင်မည်ဖြစ်သည်။

သူတို့နှင့်မသက်ဆိုင်သည့်တပါးသူ၏ ပစ္စည်းဥစ္စာကိုလည်း ကိုင်တွယ်ထိတွေ့မှု၊ ဖျက်ဆီးမှုများပြုလုပ်လေ့မရှိပါ။ ဥပမာ-သစ်၊ ဝါး၊ ထင်းစမှအစဖ့စ်သည်၊ တပါးသူ၏ ကိုယ်ကျိုးစီးပွားထိခိုက်ရေးကို ကိုယ်တိုင်မကျူးလွန်သည့်အပြင် မနာလိုဝန်တိုစိတ်၊ တွန်းပို့လိုသည့်စိတ်ဓာတ်လည်း မထားကြပါ။ သို့ပေမယ့်သူတို့အပေါ် မတရားအနိုင်ယူဗိုလ်ကျချယ်လှယ်ခြင်း၊အုပ်ချုပ်ခြင်း၊လိမ်ညာခြင်းတို့ကား လုံးဝသည်းခံနိုင်ခြင်းမရှိကြပါ။ တန်းတူလွတ်လပ်မှုကို မြတ်နိုးကြသလိုတန်ဖိုးလည်းကြသည်။ မိသားစု လွတ်လပ်ပျော်ပါးခြင်း၊ နွေးထွေးခြင်းကိုခုံမင်ကြသည်။

သစ္စာတရားကိုအသက်ထက်တန်ဖိုးထား

ချင်းအမျိုးသားတို့သည် အောက်ချင်းငှက်တည်းဟူသော သစ္စာငှက်၏ စံနမူနာကိုယူပြီး တိုင်းပြည်နှင့် လူမျိုးအပေါ်သစ္စာစောင့်သိကြသူများဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်နှင့်သူရသတ္တိပြောင်မြောက်ကြသည်။ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းတွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားအောင် စွမ်းဆောင်ခဲ့ကြသည်။ ချင်းလူမျိုးများသည် ရိုးသားပွင့်လင်းပြီးသစ္စာရှိကြသည်။ ကတိကဝတ်အပေါ်၌လည်းအသက်ပေးပြီး ကာကွယ်ထိန်းသိမ်းကြသလိုလိမ်လည်ခြင်းကို လွန်စွာရွံရှာမုန်းတီးသည့် လူမျိုးလည်းကြသည်။

အရင်ခေတ်များတွင်ဒေသ၏ ခက်ခဲမှုများကြောင့် အသိပညာအားနည်းကြသော်လည်း ယခုအချိန် အခါတွင် ချင်းမျိုးဆက်သစ်လူငယ်အများအပြား ပြည်တွင်းထဲမှာ နေရာပေးမှုမရှိခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးသို့ ကဏ္ဍစုံ ဘက်စုံနေရာစုံမှာသူ့နည်းသူ့လမ်းဖြင့် အောင်မြင်ဖြစ်ထွန်းနေကြပြီး အကြမ်း ဖက်ဖက်ဆစ်စစ်တပ် မင်းအောင်လှိုင်၏ လက်အောက်မှ လွတ်မြောက်ရုန်းထွက်နိုင်ရေးအတွက် မိမိတို့လုပ်နိုင်သည့်ဘက်ပေါင်းစုံ၊ ကဏ္ဍစုံများ၌ ပါဝင်နေကြသည်ကိုကြည့်ခြင်းအားဖြင့် သိမြင်နိုင်သည်။

နှစ်ဦးသဘောတူ သစ္စာကတိပြုထားသော အမှု အရာပေါ်မှာ သင့်ဘက်မှ သစ္စာဖောက်ပျက်မည်ဆိုပါက သင့်ကိုဘယ်တော့မှ အခေါ်အပြော၊ အပေါင်း အသင်းလုပ်တော့မည်မဟုတ်ပါ။ အများအားဖြင့်သည်းခံတတ်ကြပေမဲ့ သူတို့သည်းခံခွင့်လွှတ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်လာပြီဆိုပါက အသက်ပေးသည်အထိပြန်လည်တုန့်ပြန် ဝန်မလေးတတ်ကြပါ။ ရိုးသားပြီးသူတို့၏ခွင့်လွတ်သည်းခံမှုကို သင့်အနေဖြင့်အခွင့်ကောင်းမယူမိပါစေနှင့်။

ခေါင်းအစား ခေါင်း၊ မျက်လုံးအစား မျက်လုံး၊အသက်အစား အသက်ပြန်ယူတက်သည့် ကလဲ့စားသည် တောင်ပိုင်းချင်းလူမျိုးတစ်စု၏ ရိုးရာ ဓလေ့အမှန်ရှိခဲ့သည်ကိုလည်း မ‌မေ့သင့်ပါ။ မတရားမှုကိုရွံရှာမုန်းတီးပြီး အမှန်တရားကို အသက်ပေးမြတ်နိုးတန်ဖိုးထားကာကွယ်ထိန်းသိမ်းသည့်လူမျိုးလည်းဖြစ်ပါသည်။

နယ်ချဲ့အင်္ဂလိပ်တွေကို တိုတ်ထုတ်ခဲ့တုန်းကလည်း ချင်းလူမျိုးများ တူမီးသေနတ်ကိုပဲ အဓိကထားအသုံးပြုကြသည်။ ယခုချိန်တွင်လည်း စစ်ကိုင်းတိုင်း ကလေးမြို့၊ ချင်းလူမျိုးတွေနေတဲ့ရပ်ကွက်တွေက ချင်းလူငယ်များ၊ ဆန္ဒပြလူငယ်များကို အကြမ်းဖက်ဖြိုခွဲခဲ့သည့်စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့တွေကို ရိုးရာတူမီးသေနတ်တွေသုံးပြီး ခုခံဆန့်ကျင်ရာကနေ တူမီးတော်လှန်ရေးတခေတ်ဆန်းလာပြန်တယ်လို့ ပြောရမှာပါ။ ခေတ်မှီစက်လက်နက်ပေါင်းများစွာပိုင်ဆိုင်သည့် မတရားအာဏာလု မင်းအောင်လှိုင်နှင့် သူ၏အပေါင်းအပါများအတွက် သွေးပျက်စေသည့် ရိုးရာတူမီး သေနတ်ဖြစ်လာခဲ့ပြန်ပါသည်။

Photo : CDF – Mindat

 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် မည်သို့ပင် စစ်ဗျူဟာအသစ်ဖွင့်ဖွင့် သူ့လက်အောက် ငယ်သားများသည် တိုက်ရည်ခိုက်ရည်နိမ့်ကျလာခြင်း၊ စိတ်ဓာတ်ပျက်ပြားလာခြင်း၊ တိုက်ခိုက်ရေးစစ်သည်အင်အား လုံလောက်မှုမရှိတော့ခြင်းများကြောင့် ရိုးရာတူမီးသေနတ်တောင်မှ လက်တွေ့စစ်မြေပြင်တွင် မျက်နှာချင်းဆိုင် ယှဉ်မတိုက်နိုင်အောင် သွေးပျက်နေသည့် အနေအထားဖြစ်သည်။ တူမီးမှစသည့် လက်နက် ကိုင် နွေဦးတော်လှန်ရေး အောင်ပွဲများစွာ ရနေပြီ၊ မင်းအောင်လှိုင်တပ် တပ်ပျက်နေပြီ သွေးပျက်နေပြီ။ ။

Red News Agency

By Editor