ဆလိုင်းတင်မောင်ဦးစိတ်ဓာတ်နှင့် ချီတက်နေသည့် ပြည်သူ့တော်လှန်ရေးရဲဘော်များ

“ဘယ်သောအခါမှ ဒူးထောက်အရှုံးပေးမည်မဟုတ်ပါ။ ရဲရဲတောက် တော်လှန်ရေး သူရဲကောင်းများ၏ပေးဆပ်မှုတွေ၊ သူတို့သွေးနဲ့ရေးခဲ့သည့် သမိုင်းမှတ်တမ်း မော်ကွန်းတွေကို ဆက်လက်ထိန်းသိမ်းတိုက်ပွဲဝင်နေကြဦးမည်”

လင်းယုန်

ဒီကနေ့ကျရောက်သည့် ဇွန်လ ၂၆ ရက်နေ့ဟာ မြန်မာနိုင်ငံစစ်အာဏာရှင်သမိုင်းမှာ ပထမဦးဆုံးသော ကြိုးပေးသတ်ဖြတ်ခြင်းခံရသည့် ချင်းအမျိုးသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦးကျဆုံးခြင်း(၄၇)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ သမိုင်းအဆက်ဆက် အမှန်တရားများကို ဖုံးကွယ်ရန် အစဉ်တစိုက်ကြိုးပမ်းနေသည့် စစ်မိစ္ဆာများ၏ ယုတ်မာစိုင်းရိုင်းမှုများကြောင့် ချင်းအမျိုးသားသူရဲကောင်း ဆလိုင်းတင်မောင်ဦး၏ ပေးဆပ်မှုကိုလည်း တလျှောက်လုံး ဖုံးကွယ်ခဲ့ကြသည်။

သေမယ်ထင်လို့ ဆလိုင်းတင်မောင်ဦးကို စစ်အာဏာရှင်များ ကြိုးပေးကွပ်မျက် သတ်ဖြတ်ခဲ့လည်း အရှိုသမိုင်း ချင်းသမိုင်းမှာ ဘယ်တော့အခါမှ သေမသွားခဲ့ပါ။ မြန်မာ့နိုင်ငံရေး စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းမှာလည်း ဘယ်တော့မှ မေ့​ပျော်လို့ရမည်မဟုတ်ပါ။ ငါတို့ရင်ထဲထာဝရရှင်သန်နေမယ်ဆိုတာ စစ်အာဏာရူးများမှတ်ထား စေချင်ပါသည်။ စစ်အာဏာရှင်စနစ်ကို ရွံရှာမုန်းတီးခြင်းကြောင့် ဆလိုင်းတင်မောင်ဦး၏ သူ့ရင်တွင်းထဲမှ ထွက်ပေါ်လာသော စကားလုံးသည် ယနေ့ချိန်ထိ ပြည်သူများ၏ရင်ထဲမှာ ထင်ချန်နေဆဲဖြစ်ပါသည်။ “မင်းတို့ငါ့ကိုချင်သတ်လို့ရပေမယ့် ငါ့ခံယူချက်နှင့် စိတ်ဓာတ်ကို တော့ဘယ်တော့မှသတ်လို့မရဘူး”၊ “မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမ ထောက်ဘူး”ဆိုတဲ့ရဲရင့်ပြတ်သားသည့် စိတ်ဓာတ်နှင့်ခံယူချက်များသည် လေးစားဂုဏ်ယူ ထိုက်သည့်ဆုံးဖြတ်ချက်နှင့်ခံယူချက်များသာဖြစ်သည်။

စစ်အာဏာရှင်များသည် ခေတ်အဆက်ဆက်ဆန့်ကျင်လာသည့် ပြည်သူများကို နည်းလမ်းပေါင်းစုံဖြင့်သတ်ဖြတ်ညှင်းဆဲမှုများ ယနေ့အချိန်ထိကျူးလွန်နေဆဲဖြစ်သည်။ ဆလိုင်းတင်မောင်ဦးနည်းတူ ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်သည့် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကိုလည်း မတရားကွပ်မျက် သေဒဏ်ပေးခဲ့ကြပါသည်။ ဒါတွေဟာ ထင်သာမြင်သာရှိတဲ့ ဥပမာတွေပဲရှိပါသေးသည်။ နောက်ထပ်လဲ ကျောင်းသားလူငယ်များ၊ ဒီမိုကရေစီလိုလားသူများကို ပေါ်ပေါ်ထင်ထင်သတ်ဖြတ်နေသ လိုလူမသိသူမသိ ခိုးချောင်ခိုးဝှက်ဖြင့်သတ်ဖြတ်နေမှုများ နေရာတိုင်းတွင်ကျူးလွန်နေဆဲ ဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စစ်တမ်းတွေအရဆိုလျှင် အာဏာသိမ်းကာလကမှယနေ့အချိန်ထိ ဒီမိုကရေစီလိုလားသူ စုစုပေါင်း ၆၄၂၂ ဦးထောင် ဒဏ်ချမှတ်ခံထားရပြီး ၁၅၇ ဦးကိုတော့ စစ်ကောင်စီ၏မတရားသည့် အမိန့်အောက်မှာ သေဒဏ်ချမှတ်ခံထားကြရပြီး စစ်အာဏာရှင်များလုပ်ချင်တိုင်းလုပ်နေကြသည်များကို တွေ့မြင်နေကြပြီ ဖြစ်သည်။

မြန်မာပြည်သူများသည် စစ်အာဏာရှင်လက်အောက်က မလွတ်မြောက်မချင်း ဒီလိုမျိုးဖြစ်စဉ်ဖြစ်ရပ်များကိုနေ့စဉ်နှင့်အမျှ တွေ့ကြုံခံစားနေရဦးမှာဖြစ်သည်။ စစ်မှန်သောဒီမိုကရေစီ မရမချင်း၊ အာဏာရူးစစ်ကောင်စီများအား အမြစ်ပြတ်ချေမှုန်းနိုင်မှုမရှိမ ချင်း၊ ပြည်သူများနေ့စဉ်မတရားပြစ်ဒဏ်ချမှတ်ခြင်း၊ သတ်ဖြတ်ခြင်း၊ဖမ်းဆီးခြင်း၊ အရှင် လတ်လတ်မီးရှို့ခြင်းများခံနေရဦးမည်ဖြစ်ပါသည်။ ဒါကြောင့်တိုင်းပြည်၏ အမှိုက်များ ဖြစ်သည့်ဖြစ် စစ်အာဏာရှင်များကိုအမြစ်ပြတ်ချေမှုန်းရမှာဖြစ်သည်။

စစ်မိစ္ဆာဘီးလူးများသည် လက်နက်အားကိုးပြီး ပြည်သူလူထုကိုအကြောက်တရားများနှင့် အနိုင်ကျင့်သတ်ဖြတ်မှုပေါင်းစုံကျူးလွန်ကြပြီး ပြည်သူများကကြောက်ရွံတုန်လှုပ် သွားခြင်းမရှိသည့်အပြင် ပို၍ပင်ရွံရှာမုန်းတီးလာကြပါသည်။ ယနေ့ချိန်တွင်လည်း ခေတ်အဆက်ဆက်က စစ်အာဏာရှင်တို့၏ အုပ်ချုပ်မှုကိုမကြိုက် မနှစ်မြို့ကြသည့် ပြည်သူလူထုအလွှာ ပေါင်းစုံက အသက်ပေး၊ ဘဝပေး၊ မိသားစုဘဝအပျက်ခံပြီး ဆန့်ကျင်တော်လှန်လာခဲ့ကြသည်။ ဒီလိုမျိုးပေးဆပ်ရင်းနှီးလာခဲ့ပြီးသော ဒီမိုကရေးစီအရေးကို ဘယ်သောအခါမှ သွေးအေးကြ မေ့ပျောက်သွားကြမည်မဟုတ်ပါ။

ဘယ်သောအခါမှ ဒူးထောက်အရှုံးပေးမည်မဟုတ်ပါ။ ရဲရဲတောက် တော်လှန်ရေး သူရဲကောင်းများ၏ပေးဆပ်မှုတွေ၊ သူတို့သွေးနဲ့ရေးခဲ့သည့် သမိုင်းမှတ်တမ်း မော်ကွန်းတွေကို ဆက်လက်ထိန်းသိမ်းတိုက်ပွဲဝင်နေကြဦးမည်ဖြစ်သည်။ သွေးကြွေးမှာဆွေးနွေး စရာမရှိဘူးဆိုသည့်စကားအတိုင်း ပြည်သူများ၏အသက်တစ်ချောင်းကို ကြက်ငှက် ကလေးသတ်ဖြတ်သည့်အလား လွယ်လင့်တကူသတ်ဖြတ်ကြသည့် စစ်အုပ်စုမိစ္ဆာများ၏ သွေးဆာလောင်မှုများကို အဆုံးသတ်နိဂုံးချုပ်ပေးကြရဦးမည်ဖြစ်သည်။ စစ်ကောင်စီ၏ ဖိနှိပ်ရက်စက်မှုကို ဘယ်တော့မှ ခေါင်းငုံခံကြမည်မဟုတ်ပါ။

ဒါကြောင့်ခေတ်အဆက်ဆက် ပြည်သူများကိုရန် ရန်သူသဖွယ်သဘောထားပြီး စစ်ကျွန်စနစ်သို့ထည့်သွင်းအုပ်ချုပ်မင်းပြုလာကြသည့် စစ်ကောင်စီတပ်သည် တစ်ဦးတစ်ယောက်ချင်းစီကိုသာ သတ်လို့ရနိုင်ပေမယ့် ပြည်သူလူထု၏ တော်လှန်ရေးကြီးကို ငြိမ်းသတ်နိုင်စရာအကြောင်းမရှိ။ ပြည်သူတရပ်လုံး အခက်အခဲအကျပ်တည်းများ ရဲရဲကြီး ရင်ဆိုင်ပြီး ရှေ့တိုး၍လှမ်းနေကြပြီဖြစ်သည်။ အောင်မြင်မှုပေါင်းများစွာ သိမ်းပိုက်နေကြ ပြီဖြစ်သည်။ ပြာပုံဘဝထဲကရုန်းထနေကြပြီဖြစ်သည်။

ဆလိုင်း တင်မောင်ဦးအပါအဝင် ခေတ်အဆက်ဆက် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၏ အသက်၊သွေး၊ ချွေး၊ ဘဝများစွာနှင့် ရင်းနှီးပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသည့် တော်လှန်ရေးကြီးသည် စစ်အာဏာရှင်ဖြုတ်ချရေး၊ တန်းတူဝါဒနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့ဖြစ်ပါသည်။ယခုချိန်မှာ မြန်မာ့သမိုင်းမှာ မကြုံစဖူး အထိရောက်ဆုံးနှင့် အအောင်မြင်ဆုံး တော်လှန်ရေးရေချိန်ကို ရောက်ရှိနေပြီဖြစ်သလို စစ်အာဏာရှင်ကိုအပြီးပြတ် ဖြိုချပြီး ဖက်ဒရယ်ဒီမိုကရေစီထွန်းကားရေးကို အားသစ်လောင်းကာ ဆလိုင်းတင်မောင်ဦး၏ ခံယူချက်နှင့် ဆုံးဖြတ်ချက်များကိုနှလုံးမူပြီး ပြိုင်တူ လုပ်ဆောင်ကြဖို့ အရေးကြီးသည့်အချိန် ရောက်ရှိနေပြီဖြစ်ကြောင်း ဆလိုင်းတင်မောင်ဦးနှင့် ပြည်သူ့တော်လှန်ရေးကြီးတွင် အသက်ပေးဆပ်ခဲ့ပြီးသော သူရဲကောင်းအာဇာနည်တော်လှန်ရေးရဲဘော်များအားလုံးကို ဂုဏ်ပြုလေးစားပါကြောင်း တင်ပြလိုက်ပါသည်။

#RedNewsAgency

By Editor