ချင်းတိုင်းရင်းသားတို့ရဲ့ တော်လှန်ရေး မော်ကွန်း

“တူမီးနဲ့ အစပြုလို့ ရရာလက်နက်နဲ့ စစ်ကောင်စီကို ချင်းပြည်နယ်က တော်လှန်ခဲ့တာဟာဆိုရင် ၉၀ ရာခိုင်နှုန်းဝန်းကျင်အထိ နယ်မြေစိုးမိုးမှု ရနေပြီ”

ကျော်ရဲစံ

မြန်မာနိုင်ငံမှာ စတုရန်းမိုင် ၁၃၀၀၀ ဝန်းကျင်ရှိတဲ့ ဖွံ့ဖြိုးမှုနောက်အကျဆုံး ပြည်နယ်ကိုပြပါဆိုပါက ချင်းပြည်နယ်ကို ပြရမှာ ဖြစ်ပါတယ်။ မြို့နယ်ပေါင်း ၁၉ မြို့နယ်တည်ရှိပြီး သွားလာရခက်ခဲတာကြောင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့တယ်လို့ ဆိုကြပါတယ်။ ဒီပြည်နယ်လေးကပဲ စစ်ကောင်စီကို တော်လှန်ရာမှာ ရှေ့ဆုံးကနေပါဝင်ခဲ့တယ်ဆိုတာ အားလုံအသိဖြစ်ပါတယ်။ မင်းတပ်၊ ထန်တလန်စတဲ့ မြို့ကြီးတွေကို ပြာကျအောင် စစ်ကောင်စီက စွမ်းဆောင်နိုင်ခဲ့ပေမဲ့ ဒီမြို့တွေရဲ့ တော်လှန်ရေးအင်အားကတော့ ပိုလို့သာ အားကောင်းခဲ့ပါတယ်။

အနောက်တောင်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြောက်ဘက်မှာ အိန္ဒိယနိုင်ငံ မဏိပူရနယ်နဲ့ အနောက်ဘက်မှာ မီဇိုရမ်ပြည်နယ်တွေရှိနေပါလျက်နဲ့ စစ်ခေါင်းဆောင်အဆက်ဆက်ဟာ ချင်းပြည်နယ်ကို ဖွံ့ဖြိုးမှုအားကောင်းအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါဘူး။ အရပ်သားအစိုးရလက်ထက်မှာ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်နေပေမဲ့ မထိရောက်သေးတဲ့အချိန်မှာပဲ စစ်ခေါင်းဆောင်တွေက အာဏာသိမ်းခြင်းကို ခံလိုက်ရပါတယ်။

ဒါပေမဲ့ ဒီပြည်နယ်က ပြည်သူတွေရဲ့ နိုင်ငံရေးအသိနဲ့ တော်လှန်စိတ်ဓာတ်ဟာ လျော့နည်းခြင်းမရှိ ရှေ့ဆုံးက ဦးဆောင်ခဲ့တာပါ။ ချင်းလူငယ်တွေဟာ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းထဲက တာဟန်း ခံတပ်မှာ ပထမအဆုံးအကြိမ်တူမီးတွေနဲ့ တိုက်ပွဲဝင်ခဲ့ကြတာပါ။ ဒါ့အပြင် ထန်တလန်ကို တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းတွေကိုလည်း ကျောက်ခဲနဲ့ ပေါက်ရသည်အထိ ရွံရွံချွံချွံတိုက်ပွဲဝင်ပြီး စစ်ကောင်စီကို အနိုင်ပိုင်းခဲ့တာပါ။ အမဲလိုက်တာကျွမ်းကျင်တဲ့ ချင်းလူမျိုးတွေဟာ နယ်မြေဒေသတောတောင် ကျွမ်းကျင်မှုကို ပိုင်ပိုင်နိုင်နိုင်အသုံးချပြီးတော့ မှ စစ်ကောင်စီတပ်သားတွေကို အမဲလိုက်နေကြတာပါ။ ချင်းအမျိုးသားတို့ရဲ့ သတ္တိသွေးကို တဖန်ပြခွင့်ရခဲ့ကြတာပါ။

ချင်းပြည်နယ်ဆိုတာ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း မကွေးတိုင်းတွေနဲ့ ဆက်စပ်နေသလို ဒီဒေသက ကာကွယ်ရေးတပ်တွေ ၊ ရက္ခိုင့်တပ်တော် AA တို့နဲ့လည်းတော်လှန်ရေးကို ပူးပေါင်းဆောင်ရွက်နေတာပါ။ စစ်ကောင်စီက တီးတိန်မြို့နယ်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ဟားခါးနဲ့ ထန်တလန်မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာထားတာပါ။ ဒီမြို့နယ်တွေကိုလည်း ၂၀၂၁-၂၂ ခုနှစ်တွေမှာ စစ်ကြောင်းထိုးဖျက်စီးတာတွေပြုလုပ်ခဲ့ပါတယ်။ ကျေမွနေအောင် ခံခဲ့ကြရတာလည်း အားလုံးအသိဖြစ်တယ်။ မြို့လုံးကျွတ် မီးရှို့ခံခဲ့ကြရတယ်။ စစ်ဘေးရှောင်တွေထိ အသတ်ခံခဲ့ကြရတာဖြစ်ပါတယ်။

Photo : CDF – Mindat

အညာဒေသ လက်နက်ကိုင်တော်လှန်ရေးအစမှာလည်း တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့ ကရင်နဲ့ ကချင်ပြည်နယ်တွေအပြင် ချင်းပြည်နယ်မှာပါ စစ်ပညာ သွားရောက်သင်ယူခဲ့တာပါ။ MOD ရဲ့ မကွေးနဲ့ စစ်ကိုင်းက တပ်တချို့ဆိုတာ ချင်းပြည်နယ်ကနေ ပေါက်ဖွားလာတယ်ဆိုမမှားပါဘူး။ လက်နက်ကိုင်တော်လှန်ရေးကာလ အရှိန်မရခင်မှာပဲ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ မြေသြဇာတွေက ပုံလို့နေခဲ့တာပါ။ တောတောင်နဲ့ ရာသီဥတုအခြေနေကြောင့် စစ်ကောင်စီလေကြောင်းပစ်ကူတွေဆိုတာကလည်း မြေပြန့်နဲ့နီးတဲ့ မြို့တွေမှာသာပေါက်ရောက်ခဲ့တာပါ။

ဒီလိုအခြေနေတွေကို အခြေခံပြီး တူမီးနဲ့ အစပြုလို့ ရရာလက်နက်နဲ့ စစ်ကောင်စီကို ချင်းပြည်နယ်က တော်လှန်ခဲ့တာဟာဆိုရင် ၉၀ ရာခိုင်နှုန်းဝန်းကျင်အထိ နယ်မြေစိုးမိုးမှု ရနေပြီလို့ဆိုကြပါတယ်။ ချင်းပြည်နယ်မှာ ရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာလည်း လပေါင်းအတန်ကြာ စားနပ်ရိက္ခာပြတ်လတ်မှု သတင်းစီးဆင်းမှု ပြတ်တောက်တာနဲ့ လက်နက်ခဲယမ်း လုံလောက်အောင် ထောက်ပံ့မှုမရရှိဘူးလို့ သိထားပါတယ်။ ဒါ့ကြောင့် ကာကွယ်ရေးအဖွဲ့တွေလာရောက်တိုက်ခိုက်တဲ့အခါမှာလည်း ပြန်ခံမပစ်နိုင်တာမျိုးတွေအထိ ကြုံနေရတယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲအတွက်ပါ ပြင်ဆင်နေကြပြီလို့ သိထားရပါတယ်။

Photo : CDF – Mindat

၂၀၂၃ စက်တင်ဘာလ ၂၈ ရက်နေ့မှာပဲ ချင်းတော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ CDF-Kanpetlet က ကန်ပက်လက်မြို့အဝင်မှာ ၎င်းတို့အလံကို လွှင့်ထူခဲ့ပါတယ်။ ချင်းပြည်နယ်က မြို့ကြီးတချို့ကို ပြည်သူတွေ စွန့်ခွာပြိး စစ်ဘေးတိမ်းရှောင်နေရတာနဲ့နည်းတူ အင်တာနက်လိုင်း ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားတာပါ။ ဒါကြောင့်ပဲ ဒီဘက်က​တာ်လှန်ရေး​​ အဖွဲ့တွေ ဟာ ထုတ်ပြန်ကြေညာချက်တွေ၊ တိုက်ပွဲ သတင်းတွေထုတ်ပြန်ဖို့ အချိန်ကာလတစ်ခုယူပြီးမှ အင်တာနက် ရတဲ့ နေရာတွေကို သွားရောက်ထုတ်ပြန်ကြရတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်ရဲ့ မြို့ဟာ ဟားခါးမြို့ဖြစ်ပါတယ်။ ဟားခါးမြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာထားတာဟာ ကိုးလနီးပါးကြာမြင့်လာပြီပဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာ သံချပ်ကာကားတွေအပါအဝင် ကားအစီးရေ ၃၀ ကျော်ဟာကလေးမြို့ကနေ ဟားခါးမြို့ကို ရောက်ရှိဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဟားခါးမြို့ကို မရောက်ခင် ငါးမိုင်အလိုမှာပဲ စစ်ကောင်စီရဲ့ တပ်သားအများအပြားကျဆုံးပြီးပါလာတဲ့ ကားအားလုံး ပျက်စီးခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သားတွေရှိသလို သံချပ်ကာ ကားတွေပါဆုံးရှုံးခဲ့တာပါ။ ဒါ့အပြင် စစ်ကောင်စီယာဉ်ပေါ်ပါလာတဲ့ ရိက္ခာတွေဆိုတာလည်း လမ်းပေါ်မှာ ပြန့်ကျဲနေခဲ့တယ်လို့ သိရပါတယ်။ လေကြောင်းပစ်ကူ ဘယ်လောက်ပေးပေး အထိနာသူဟာ စစ်ကောင်စီပဲ ဖြစ်ခဲ့တဲ့ ထင်ရှားတဲ့ တိုက်ပွဲတွေပါ။

ယခုရက်ပိုင်းမှာပဲ ချင်းပြည်နယ်က မြို့နယ်ကြီးတွေကို ဒေသခံတွေပြန်လည်ဝင်ရောက်နေထိုင်တာတွေရှိလာပါတယ်။ ဒီမြို့နယ်တွေမှာ စစ်ကောင်စီရဲ့တပ်စခန်းတွေမရှိတော့သလို ကာကွယ်ရေးအဖွဲ့တွေက နယ်မြေအရ ရှေ့တိုးလုပ်ဆောင်တာတွေ ရှိလာတယ်လို့ဆိုပါတယ်။ အောက်တိုဘာလ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ တီးတိန်မြို့ပေါ်မှာ PDF Zoland က နယ်မြေစည်းရုံးရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ လေးရက်တာ အင်အား ၁၀၀ ကျော်နဲ့ ကင်းလှည့်နိုင်ပြိး မြို့ကို ထိန်းချုပ်ဖို့ပါ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါက ချင်းပြည်နယ်မှာ တော်လှန်ရေးအဖွဲ့တွေဘယ်လောက်ထိ အားသာနေတယ်ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။

Photo : CDF – Mindat

ဒါ့အပြင် မြေပြင်လာတဲ့ သတင်းတွေအရ စစ်ကိုင်း၊မကွေးနဲ့ ချင်းအစပ်က စစ်ကောင်စီတပ်စခန်းတွေ၊ ပျူစောထီးကျေးရွာတွေကို ပိတ်ဆို့ထားတာဟာ ခြောက်လကျော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။ ချင်းမြေထဲကနေ စစ်ကောင်စီတပ်တွေဟာ အခြားတိုင်းအစပ်တွေကို နောက်ဆုတ်လာရင်း မြေပြန့်က အညာတော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကိုလည်း ခံနေရပါတယ်။ ဂန့်ဂေါမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခု တိုက်ခိုက်ခံရပြီးတော့ လေးဆယ်ဝန်းကျင်သေဆုံးပြီး လက်နက်အများပြားဆုံးရှုံးတာတွေရှိခဲ့ပါတယ်။ ဖွံ့ဖြိုးမှုနောက်ကျခဲ့ပေမဲ့ တော်လှန်ရးမှာ ထိပ်ဆုံးကပါဝင်ခဲ့တဲ့ ချင်းပြည်နယ်ဟာ မကြာခင်မှာ ချင်းတိုင်းရင်းသားတွေချည်းပဲ အုပ်စိုးတော့မှာ အသေခြာပါပဲ။ ။

#RedNewsAgency

By Editor