“ကရင်နီ အိပ်မက် အကောက်အထည်ပေါ်လာခြင်းသည် မင်းအောင်လှိုင်သာမက စစ်အာဏာရှင်အဆက်ဆက်နှင့် လူမျိုးကြီးဝါဒ၊ တစ်ပါတီအာဏာရှင်စနစ်တို့ကို ရင်ဝ ဓါးသွားစိုက်သလို အထိနာခံစားကြရ”
မေဇော်
ပြည်တွင်းစစ် သက်တမ်းအရှည်ဆုံး မြန်မာနိုင်ငံ၏ အရေးများကို နိုင်ငံတကာ အဖွဲ့အစည်းများက ပုံမှန်အခြေအနေဟုသာ မှားယွင်းရှုမြင်တက်ကြသည်။ စစ်ပွဲဟူသည် သွေးချောင်းစီးစေသော၊ နှစ်ဖက်အပြန်အလှန် လက်စားချေကြသော ကိစ္စရပ်များဟု ပညာရှင်များ၊ ညှိနှိုင်းရေးသမားများက သုံးသပ်ကြသည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း သိသိသာသာ တဖုံ၊ မသိမသာတမျိုး တိုက်တွန်းကြမည် တိုက်တွန်းနေမှုများလည်းရှိသည်။
သို့သော် ဒီမြေ၊ ဒီရေတွင် ရှင်သန်ခဲ့သူများအနေဖြင့် ယခုပြည်တွင်းစစ်သည် လွတ်မြောက်မှုနှင့် အနီးကပ်ဆုံးဖြစ်ကြောင်း ကောင်းမွန်စွာ သိနားလည်ကြသည်။ စစ်မီးများ တောက်လောင်နေခြင်းကို မည်သူမှ မနှစ်သက်ကြ။ လက်နက်ကြီးသံများဖြင့် နေ့စဉ်ဘဝကိုလည်း မည်သူမှ မဖြတ်သန်းလို။ ဆိုးရွားလှသော စနစ်ယန္တရားတခုလုံးကို အပြီးတိုင်ရပ်တန့်နိုင်ရန်အတွက်သာ မိမိ အသက်ကို ရင်းနှီးကြခြင်းဖြစ်သည်။ တော်လှန်ရေးတခုဖြစ်ဖို့အတွက် အချက်အလက်များစွာလိုအပ်သလို လူထုတိုက်ပွဲဆိုတာ စိတ်ကူးဖြင့်ဖော်ဆောင်လို့ရသည့်အလုပ်မဟုတ်။ လူထုထူတန်းစားအားလုံး အဖိနှိပ်ခံဘဝရောက်မှသာ ရုန်းထွက်ကြခြင်းဖြစ်သည်။

ယခုနှစ်တွင်မူ တော်လှန်ရေးကို ရွေးချယ်ခဲ့ခြင်း၏ အဖူးအပွင့်များ စတင်မြင်တွေ့ကြရသည်။ ကရင်နီပြည်သည် တော်လှန်ရေးအတွင်း ပထမဆုံး ပြည်နယ်တခုအနေဖြင့် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းနိုင်ခဲ့သည်။ ကြားကာလ အစိုးရပေါ်ပေါက်လာခြင်းသည် တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးအစရှိ ယန္တရားများကို ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်တိုင်လည်ပတ်နိုင်ခြင်းဖြစ်သည်။ ကရင်နီပြည်ကိုအတုယူပြီး အခြားသော ပြည်နယ်များတွင်လည်း အကောင်အထည်ဖော်လာကြတော့မည်ဖြစ်သည်ဟု ကြားသိရသည့်အတွက် အိမ်မက်များကို အကောင်အထည်ဖော်နေကြပြီဖြစ်သည်။
(more…)