ကရင်နီအိပ်မက်နှင့် အာဏာရှင်တို့၏ လားရာ

“ကရင်နီ အိပ်မက် အကောက်အထည်ပေါ်လာခြင်းသည် မင်းအောင်လှိုင်သာမက စစ်အာဏာရှင်အဆက်ဆက်နှင့် လူမျိုးကြီးဝါဒ၊ တစ်ပါတီအာဏာရှင်စနစ်တို့ကို ရင်ဝ ဓါးသွားစိုက်သလို အထိနာခံစားကြရ”

မေဇော်

ပြည်တွင်းစစ် သက်တမ်းအရှည်ဆုံး မြန်မာနိုင်ငံ၏ အရေးများကို နိုင်ငံတကာ အဖွဲ့အစည်းများက ပုံမှန်အခြေအနေဟုသာ မှားယွင်းရှုမြင်တက်ကြသည်။ စစ်ပွဲဟူသည် သွေးချောင်းစီးစေသော၊ နှစ်ဖက်အပြန်အလှန် လက်စားချေကြသော ကိစ္စရပ်များဟု ပညာရှင်များ၊ ညှိနှိုင်းရေးသမားများက သုံးသပ်ကြသည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း သိသိသာသာ တဖုံ၊ မသိမသာတမျိုး တိုက်တွန်းကြမည် တိုက်တွန်းနေမှုများလည်းရှိသည်။

သို့သော် ဒီမြေ၊ ဒီရေတွင် ရှင်သန်ခဲ့သူများအနေဖြင့် ယခုပြည်တွင်းစစ်သည် လွတ်မြောက်မှုနှင့် အနီးကပ်ဆုံးဖြစ်ကြောင်း ကောင်းမွန်စွာ သိနားလည်ကြသည်။ စစ်မီးများ တောက်လောင်နေခြင်းကို မည်သူမှ မနှစ်သက်ကြ။ လက်နက်ကြီးသံများဖြင့် နေ့စဉ်ဘဝကိုလည်း မည်သူမှ မဖြတ်သန်းလို။ ဆိုးရွားလှသော စနစ်ယန္တရားတခုလုံးကို အပြီးတိုင်ရပ်တန့်နိုင်ရန်အတွက်သာ မိမိ အသက်ကို ရင်းနှီးကြခြင်းဖြစ်သည်။ တော်လှန်ရေးတခုဖြစ်ဖို့အတွက် အချက်အလက်များစွာလိုအပ်သလို လူထုတိုက်ပွဲဆိုတာ စိတ်ကူးဖြင့်ဖော်ဆောင်လို့ရသည့်အလုပ်မဟုတ်။ လူထုထူတန်းစားအားလုံး အဖိနှိပ်ခံဘဝရောက်မှသာ ရုန်းထွက်ကြခြင်းဖြစ်သည်။

ယခုနှစ်တွင်မူ တော်လှန်ရေးကို ရွေးချယ်ခဲ့ခြင်း၏ အဖူးအပွင့်များ စတင်မြင်တွေ့ကြရသည်။ ကရင်နီပြည်သည် တော်လှန်ရေးအတွင်း ပထမဆုံး ပြည်နယ်တခုအနေဖြင့် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းနိုင်ခဲ့သည်။ ကြားကာလ အစိုးရပေါ်ပေါက်လာခြင်းသည် တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးအစရှိ ယန္တရားများကို ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်တိုင်လည်ပတ်နိုင်ခြင်းဖြစ်သည်။ ကရင်နီပြည်ကိုအတုယူပြီး အခြားသော ပြည်နယ်များတွင်လည်း အကောင်အထည်ဖော်လာကြတော့မည်ဖြစ်သည်ဟု ကြားသိရသည့်အတွက် အိမ်မက်များကို အကောင်အထည်ဖော်နေကြပြီဖြစ်သည်။

စစ်ကောင်စီကို အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသော ဒေသခံ လူထု၏ ရွေးချယ်မှုသည် ကရင်နီအိပ်မက်ကို အကောင်အထည်ပေါ်စေခဲ့သည်။ ကရင်နီအိပ်မက်သည် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မှု တို့ကိုအခြေခံထားသည်။ ကရင်နီအိမ်မက်သည်ကား လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ဝန်းကျင်ကတည်းကဖြစ်သည်။ ယနေ့ ရောင်နီသန်းလာပြီဟု ပြောလို့ရသည်။

ငွေတောင်ဆည်

ယခင်ကဆိုလျှင် ကယားပြည်နယ်ကို ကရင်နီပြည်ဟု ခေါ်ဆိုရမှန်း ဒေသခံလူထုမှလွဲရင် အခြားမသိကြ။ မြို့ကြီးများတွင် နေထိုင်သူများမှာ ကယားပြည်နယ်တွင် ကယားလူမျိုးများ ရှိကြသည် ဆိုသည်ကလွဲ ကျန်တာမသိတော့သည်အထိ ကရင်နီပြည် သမိုင်းပျောက်ခဲ့ရခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် မြန်မာနိုင်ငံကို ဗမာလူမျိုးဦးတည်ကာ ဗဟိုချုပ်ကိုင်မှုပြုခဲ့သောအခါ ကရင်နီကဲ့သို့ ဒေသများသည် ကိုယ်ပိုင်သမိုင်းနှင့် ပြဌာန်းခွင့်များ မှေးမှိန်ခဲ့သည်။ အဆိုပါ ဒေသရှိ လူမျိုးစုများ၏ သီးခြားယဉ်ကျေးမှုနှင့် အိပ်မက်များသည်လည်း ပုံဖျက်ရောနှောခံခဲ့ရသည်။

ယခုကဲ့သို့ ကရင်နီ အိပ်မက် အကောက်အထည်ပေါ်လာခြင်းသည် မင်းအောင်လှိုင်သာမက စစ်အာဏာရှင်အဆက်ဆက်နှင့် လူမျိုးကြီးဝါဒ၊ တစ်ပါတီအာဏာရှင် စနစ်တို့ကို ရင်ဝ ဓါးသွားစိုက်သလို အထိနာခံစားကြရမည်။ ၎င်းတို့ သက်တမ်းတလျှောက် နည်းအမျိုးမျိုးဖြင့် ဝါဒဖြန့်နှိမ်ချဆက်ဆံခဲ့သော လူမျိုးစုများသည် နွေဦးတော်လှန်ရေးတွင် ကိုယ်ပိုင်အစိုးရဖွဲ့စည်းကာ စစ်အာဏာရှင်ကို လည်မျိုနင်းနေချေပြီ။ အာဏာရှင်ကို အမြစ်ဖြတ်ကြတော့မည်။ အနှစ်နှစ်အလလ ချိုးနှိမ်ခံထားရသည့် တန်းတူရေး၊ လူ့အခွင့်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အကောင်အထည်ဖော်ကြတော့မည်။

အဏာသိမ်း စစ်ကောင်စီသည် ကရင်နီဒေသတွင် လွိုင်ကော်မြို့ပေါ်မှ လွဲ၍ အခြားနေရာများကို စိုးမိုးနိုင်ခြင်းမရှိတော့။ ထူးချွန်ပါပေ့ဆိုသည့် ဗျူဟာမှူးများကို ကရင်နီတွင် ချေမှုန်းရေး တာဝန်ပေးခဲ့သော်လည်း မစွမ်းသာ။ စစ်အင်အားများ ဖြည့်တင်းပါသော်လည်း ဒေသခံ အင်အားစုများကို ယှဉ်နိုင်စွမ်းမရှိ။ယခုအခါ လွိုင်ကော်မြို့ပေါ်တွင် စစ်ကောင်စီ တင့်ကားများလှည့်လည်သွားလာနေကြောင်း ဒေသခံ မီဒီယာ များတွင်တွေ့ရသည်။ အဆိုပါ ခြိမ်းခြောက်မှုများကိုလည်း လူထုက လက်နက်ရော စိတ်ဓါတ်ပါ ဆွဲကိုင်ကာ ထပ်မံဖြတ်ကျော်သွားဦးမည်ဖြစ်သည်။

ကရင်နီပြည်အတွင်း မြင်ကွင်းတခု

ကရင်နီ၏ အိပ်မက်သည် တောက်ပသစ်လွင်၏။ တောတောင်ရှူခင်းများဖြင့် လွတ်လပ်မှုပြည့်ဝသည်။ ကရင်နီပြည်နှင့် မရှေးမနှောင်းပင် ချင်းပြည်နယ်တွင်လည်း ချင်းအုပ်ချုပ်ရေးကောင်စီဖွဲ့ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ လူမျိုးစုများ၏ အိပ်မက်များ အကောင်အထည် ပေါ်လာခြင်းသည် စစ်ကောင်စီအတွက်တော့ ဘီလူးစီးခံရသည့် အိပ်မက်ဆိုးများဖြစ်သည်။ ထမင်းလုံးတစ္ဆေခြောက်လှန့်ခံရသလို ပြေးလွှားနေလည်း စစ်ခေါင်းဆောင်များသည် ပြန်လည် မလွတ်မြောက်နိုင်တော့ပါ။ တော်လှန်ရေး အင်အားစုများသည် နှစ် (၇၀) နီးပါး ကာလအတွင်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန် အနီးကပ်ဆုံး လမ်းစသို့ ရောက်ရှိခဲ့ကြပြီးဖြစ်သည်။

#RedNewsAgency

By Editor