ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း၊ ဥက္ကဌအဖြစ် ခူဦးရယ်က တာဝန်ယူ

RNA_ဇွန်(၁၂)၊၂၀၂၃ ခုနှစ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State -IEC) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ကောင်စီအဖွဲ့ဝင် (၆)ဦးဖြင့် ကနဦး ဖွဲ့စည်းခဲ့ရာတွင် ဥက္ကဌအဖြစ် ခူဦးရယ်က တာဝန်ယူထားသည့်ဟု ယနေ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းက တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီတွင် ဥက္ကဋ္ဌ ခူဦးရယ်၊ ဒုတိယဥက္ကဋ္ဌ ခွန်ဘီထူး၊ အထွေထွေအတွင်းရေးမှူး ခူပလုရယ်၊ အတွင်းရေးမှူး ၁ ဇူးပဒုမ္မာ၊ အတွင်းရေးမှူး ၂ ဗညားခွန်အောင်၊ ဘဏ္ဍာရေးမှူး မော်ဖိုးမြာတို့ဖြစ်ဖြင့် ကနဦးဖွဲ့စည်းခဲ့ကြောင်း၊ပြည်နယ် အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများ အပြန်အလှန် ထိန်းညှိပြီး တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန် အပါအဝင် ရည်ရွယ်ချက် ၅ ချက်ရှိကြောင်း သိရှိရသည်။

“ ကျနော်တို့ လျှောက်လှမ်းနေကြရတဲ့ ဖက်ဒရယ်ဒီမိုကရေစီ လမ်းခရီးရဲ့ အခြေခံမိုင်တိုင်များအရ ဒီကြားကာလကြီးကနေစပြီး အခြေခံကျောရိုးပြည်နယ်များက အုပ်ချုပ်ရေးပိုင်းမှာ စနစ်တကျ စတင်ဖွဲ့စည်းရင်း အင်အားကောင်းမှ ခိုင်ခံ့ပြီး အားကောင်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ပုံဖော်နိုင်မှာဖြစ်ပါတယ်” ဟု ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ခူဦးရယ်က ပြောကြားသည်။

ကရင်နီပြည်အတွင်း ရဲဌာန၊ တရားရုံးတို့ကို ထူထောင်သွားမည်ဖြစ်ပြီး၊ ပြည်တွင်းပြည်ပ တော်လှန်ရေး အင်အားစုအသီးသီး၊ CRPH ၊ NUCC နှင့် NUG တို့နှင့် အတူ လက်တွဲသွားမည်ဖြစ်ကြောင်း၊ လွတ်လပ်တရားမျှတသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဖော်ဆောင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

#RedNewsAgency

By Editor