ကရင်နီပြည် ကာကွယ်ရေးဌာန ဖွဲ့စည်း

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ကရင်နီပြည်၏ ကြားကာလအစီအမံ အပိုဒ် ၃၆၊ အပိုဒ်ခွဲ (ခ)၊ အပိုဒ်ခွဲငယ်(၆) ပြဋ္ဌာန်းချက်နှင့်အညီ ကာကွယ်ရေးဌာနကို ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင်လ (၂၉) ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

ကရင်နီပြည်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (Karenni Army-KA)နှင့် ဒေသတွင်း တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များ စုပေါင်းပြီး အကြမ်းဖက်စစ်ကြောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်းအား ပစ်ချနိုင်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့ ထုတ်ပြန်ချက်တွင် “ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့” ဟု သုံးနှုန်းခဲ့သည်ကို တွေ့ရှိရသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ကရင်နီပြည်၏ ကြားကာလအစီအမံအမိန့်ဖြင့် ဖွဲ့စည်းလိုက်သည့် ကာကွယ်ရေးဌာနတွင် ကရင်နီပြည်၏ ကြားကာလအစီအမံ အပိုဒ် ၃၆၊ အပိုဒ်ခွဲ (ခ)၊ အပိုဒ်ခွဲငယ် (၆) ပါ ပြဋ္ဌာန်းချက်နှင့် အပိုဒ် ၃၈၊ အပိုဒ်ခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်တို့အရ ဌာနမှူးကြီးအဖြစ် စောဘီထူး၊ ဒုတိယဌာနမှူး (၁) အဖြစ် စောထိုကာရီ၊ ဒုတိယ ဌာနမှူး (၂) အဖြစ် စစ်မုန်း (ခ) အေးဆေး၊ ဒုတိယ ဌာနမှူး (၃) အဖြစ် စောတူးတူးတို့အား ခန့်အပ်တာဝန်ပေးအပ်ခဲ့ကြောင်းကိုလည်း ဇူလိုင် (၂၉) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာပြီး စိုးမိုးနယ်မြေများစွာ ရရှိထားသည့် ကရင်နီပြည်တွင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC ကို ၂၀၂၃ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် ဦးတည်ချက် (၅) ရပ်ဖြစ် ဖွဲ့စည်းနိုင်ခဲ့သည်။

IEC ၏ ဦးတည်ချက် (၅) ရပ်သည် ကရင်နီပြည်၏ အုပ်ချုပ်ရေးကို ပြည်နယ်ကြားကာလအစီအမံနှင့်အညီ လက်တွေ့အကောင်အထည်ဖော်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ဘဝလုံခြုံရေးနှင့် အခြားအခြေခံလိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်းပေးရန်၊ ပြည်နယ်အတိုင်ပင်ခံကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းကူးပြောင်းရေးကာလ အစီအမံများကို စနစ်တကျ ချမှတ်ဖော်ဆောင်နိုင်ရန်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခုအဖြစ်ပါဝင်ရန်၊ ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခု၏ ကျင့်သုံးရမည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အညီ အုပ်ချုပ်ရေးစနစ်ကို အစပျိုး၍ လက်တွေ့အကောင်အထည်ဖော်ရန် တို့ဖြစ်သည်။

#RedNewsAgency #RedNews #RNA

By RNA Editor