ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးတဦးစသည်တို့ တက်ရောက်ခဲ့ကြသည်ဟု BPLA ကယနေ့ထုတ်ပြန်ထားသည်။

သင်တန်းဆင်းပွဲအခန်းအနားတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)မှ စစ်ဦးစီးချုပ်နှင့် အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဌနှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကွပ်ကဲရေးမှူးတို့လည်း တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်များကို လက်နက်များပေးအပ်တပ်ဆင်ခဲ့ကြောင်း၊ BPLA၏ အမှတ်(၂၀၃)စစ်ဒေသအတွက် တပ်ရင်းသစ်တစ်ခုလည်းတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

သင်တန်းကာလအတွင်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆုအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည့်အထဲ လက်ဖြောင့်ထူးချွန်ဆုရရှိသူ စစ်မေသည် ၁၀၂၇ စစ်ဆင်ရေး၌ မြင့်မြတ်စွာအသက်ပေးခဲ့သော အာဇာနည်ရဲဘော်အောင်ပိုင်၏ ညီမဖြစ်ကြောင်း အမှတ်(၂၀၃)စစ်ဒေသ၊ ဗျူဟာမှူးက သင်တန်းဆင်းပွဲအစီရင်ခံချက်တွင် ထည့်သွင်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #REDNEWS #RNA

By RNA Editor