“စစ်မြေပြင်မှာတော့ အောက်ခြေစစ်သားတွေဟာ တိုက်ရဲခိုက်ရဲပြီး တိုက်နိုင်ခိုက်နိုင်တဲ့ စိတ်ဓာတ်နဲ့ စွမ်းဆောင်ရည်တွေဟာ လုံးဝကို ပျောက်ဆုံးသွားကြပြီ ဖြစ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းသိမ်း တိုက်ပွဲတွေကို ခုခံကြတဲ့အခါမှာတော့ ရှုံးနိမ့်မှုတွေကိုပဲ ရင်ဆိုင်နေရပါတယ်”
ကေဂျီ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဟာ ပြန်လည်စတင်လာခဲ့ပါပြီ။ ညီနောင်မဟာမိတ် ၃ ဖွဲ့အတွက် အောင်ပွဲတွေများစွာရရှိခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအကြိမ်အဖြစ် တစ်ကျော့ပြန် တိုက်ပွဲတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့တွေမှာ သာမကဘဲ မန္တလေးတိုင်းအတွင်းက မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေမှာပါ စတင်လာခဲ့တာဖြစ်ပါတယ်။ TNLA နဲ့အတူ မဟာမိတ်တွေ ပူးပေါင်းပါဝင်တိုက်ခိုက်လာပါတယ်။
ဒီလိုတိုက်ပွဲတွေ မစတင်ခင် လပိုင်းအလိုလောက်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းဟာ မကြာခင် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပေါ်လာတော့မယ်ဆိုတာကို စစ်ရေးနဲ့ နိုင်ငံရေးသုံးသပ်သူတွေက ကြိုတင်မှန်းဆထားကြပါတယ်။ ပထမအကြိမ် ၁၀၂၇ စစ်ဆင်ရေးအဖြစ် စတင်တိုက်ခိုက်ခဲ့ချိန်က ၂ လကျော် စစ်ဆင်ရေးအတွင်း ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ရရှိခဲ့ပြီး ၂၀၂၄၊ ဇန်နဝါရီလ ၁၁ ရက်နေ့ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဟိုင်ဂင် အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုကာ အပစ်အခတ်ရပ်စဲခဲ့တာဖြစ်ပါတယ်။
(more…)