စစ်ကောင်စီအတွက် ဆေးမမှီနိုင်တော့ပါ

“စစ်မြေပြင်မှာတော့ အောက်ခြေစစ်သားတွေဟာ တိုက်ရဲခိုက်ရဲပြီး တိုက်နိုင်ခိုက်နိုင်တဲ့ စိတ်ဓာတ်နဲ့ စွမ်းဆောင်ရည်တွေဟာ လုံးဝကို ပျောက်ဆုံးသွားကြပြီ ဖြစ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းသိမ်း တိုက်ပွဲတွေကို ခုခံကြတဲ့အခါမှာတော့ ရှုံးနိမ့်မှုတွေကိုပဲ ရင်ဆိုင်နေရပါတယ်”

ကေဂျီ – Wiper

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဟာ ပြန်လည်စတင်လာခဲ့ပါပြီ။ ညီနောင်မဟာမိတ် ၃ ဖွဲ့အတွက် အောင်ပွဲတွေများစွာရရှိခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအကြိမ်အဖြစ် တစ်ကျော့ပြန် တိုက်ပွဲတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့တွေမှာ သာမကဘဲ မန္တလေးတိုင်းအတွင်းက မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေမှာပါ စတင်လာခဲ့တာဖြစ်ပါတယ်။ TNLA နဲ့အတူ မဟာမိတ်တွေ ပူးပေါင်းပါဝင်တိုက်ခိုက်လာပါတယ်။

ဒီလိုတိုက်ပွဲတွေ မစတင်ခင် လပိုင်းအလိုလောက်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းဟာ မကြာခင် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပေါ်လာတော့မယ်ဆိုတာကို စစ်ရေးနဲ့ နိုင်ငံရေးသုံးသပ်သူတွေက ကြိုတင်မှန်းဆထားကြပါတယ်။ ပထမအကြိမ် ၁၀၂၇ စစ်ဆင်ရေးအဖြစ် စတင်တိုက်ခိုက်ခဲ့ချိန်က ၂ လကျော် စစ်ဆင်ရေးအတွင်း ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ရရှိခဲ့ပြီး ၂၀၂၄၊ ဇန်နဝါရီလ ၁၁ ရက်နေ့ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဟိုင်ဂင် အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုကာ အပစ်အခတ်ရပ်စဲခဲ့တာဖြစ်ပါတယ်။


အပစ်အခတ်ရပ်စဲပြီး ၅ လကျော်ကြာ အချိန်ရတဲ့ အခိုက်မှာ ပထမအကြိမ်တုန်းကလို သိလျက်နဲ့ အလစ်အငိုက်မိသွားတယ် ဆိုတာမျိုးကို အဖြစ်မခံနိုင်တော့တဲ့ စစ်ရှုံးကောင်စီရဲ့ သတိဝီရီယနဲ့ ရှမ်းမြောက်မှာ စစ်ရေးပြင်ဆင်မှုတွေ ကြိုတင်လုပ်ဆောင်တာတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ထားတဲ့ လားရှိုးမြို့ကို ဗဟိုပြုပြီး စစ်ကောင်စီက စစ်ရေးပိုင်း အားဖြည့်ပြင်ဆင်မှုတွေရှိခဲ့ပါတယ်။

ရှမ်းမြောက်၊ နောင်ချိုမြို့နယ်ထဲမှာလည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ် ခြိမ်းခြောက်မှုတွေလုပ်ခဲ့သလို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ၊ အသွားအလာ လမ်းကြောင်းဖျက်ဆီးတာတွေကို ကြိုတင်လုပ်ဆောင်ခဲ့ပါတယ်။ လားရှိုးမြို့ပေါ်မှာလည်း စစ်ကောင်စီဟာ လက်နက်ကြီးတွေ၊ တရုတ်ထုတ်နဲ့ ရုရှားထုတ် ဒရုန်းတွေကို ပြင်ဆင်ထားပြီး မြို့အပြင်မှာရှိနေတဲ့ စစ်စခန်းတွေကိုလည်း အင်အားဖြည့်တင်းခဲ့ပါတယ်။ ဒီလိုအချက်တွေကြောင့် ရှမ်းမြောက်ရဲ့ တိုက်ပွဲတွေသာ ဒုတိယအကြိမ် ဖြစ်ပေါ်လာခဲ့ရင် ညီနောင် ၃ဖွဲ့ဟာ ပထမအကြိမ်လောက် စွမ်းဆောင်နိုင်ပါတော့မလားလို့ စာရေးသူကိုယ်တိုင် ကြိုတင်သုံးသပ်ပြီး ပူပန်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ တကျော့ပြန်တိုက်ပွဲတွေဟာ ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းမှာ စတင်လာခဲ့ပြီး စတင်ပြီး ၃ ရက်အကြာမှာပဲ တအာင်းတပ် TNLA ဦးဆောင်ပြီး မန္တလေး PDF၊ ဓနုပြည်သူ့လွတ်မြောက် ရေးတပ်မတော် (DPLA) တို့ ပူးပေါင်းပြီး ရှမ်းမြောက်ရဲ့ မြို့ နှစ်မြို့ နဲ့ မန္တလေးတိုင်းအတွင်းက မြို့တစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အပြင် စစ်စခန်း နှစ်ဒါဇင် ကျော်ကို သုံးရက်အတွင်း သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ဒါကြောင့် ရန်သူရဲ့ ပြင်ဆင်မှုတွေအပေါ် အထင်ကြီးမိခဲ့ဖူးတဲ့ ကိုယ့်ကိုယ်ကိုတောင် ရှက်မိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အောင်မြင်မှုအပေါ် အံဩတကြီး ဝမ်းသာပီတိဖြစ်မိ ရပါတယ်။


ပထမလှိုင်းအပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တာဟာ ၅ မြို့သာ ရှိတော့တာကြောင့် နောင်ချို၊ သီပေါ၊ ကျောက်မဲကိုသာ သိမ်းပိုက်နိုင်ခဲ့ရင် လမ်းပန်းဆက်သွယ်ရေး အတွင်းပိုင်းကို ရောက်နေတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လာရှိုးဟာ ဒုတိယလောက်ကိုင် ဖြစ်လာကောင်းဖြစ်လာနိုင်ပြီး ရှမ်းမြောက်တစ်ခုလုံးဟာ လွတ်မြောက်ဒေသဖြစ်လာနိုင်ပါတယ်။

စစ်ကောင်စီဟာ အချိန်ယူကြိုတင်ပြင်ဆင်မှုတွေနဲ့ ဘယ်လောက်ပဲ အင်အားဖြည့်တင်းမှုတွေ လုပ်ခဲ့ပေမယ့်လည်း တကယ်တမ်း စစ်မြေပြင်မှာတော့ အောက်ခြေစစ်သားတွေဟာ တိုက်ရဲခိုက်ရဲပြီး တိုက်နိုင်ခိုက်နိုင်တဲ့ စိတ်ဓာတ်နဲ့ စွမ်းဆောင်ရည်တွေဟာ လုံးဝကို ပျောက်ဆုံးသွားကြပြီ ဖြစ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းသိမ်း တိုက်ပွဲတွေကို ခုခံကြတဲ့အခါမှာတော့ ရှုံးနိမ့်မှုတွေကိုပဲ ရင်ဆိုင်နေရပါတယ်။ ဒီအတွက်ကြောင့် အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ် မခွဲခြားနိုင်တဲ့ လေကြောင်းက လေယာဉ်၊ ဒရုန်းနဲ့ အဝေးပစ် လက်နက်ကြီးပစ်ကူတွေကိုပဲ အသုံးပြုပြီး ဆုတ်ခွာလိုက်ရတဲ့ မြို့နဲ့ ကျရှုံး စွန့်ခွာခဲ့တဲ့ တပ်စခန်းတွေကိုပဲ ဖျက်ဆီးတိုက်ခိုက်နေပါတယ်။

သူတင်ကိုယ်တင် ယှဉ်ပြိုင်ရင်ဆိုင်တိုက်ခိုက်ရာမှာတော့ စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လုံးဝကို မယှဉ်သာတော့တာ ဒီတစ်ကြိမ်မှာ ပိုပြီးသိသာသွားခဲ့ပါပြီ။ မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီ အင်အားဖြည့်တင်းမှု ပြုနိုင်ဖို့ စစ်မှုထမ်း ပထမအသုတ် ဆင်းပွဲကလည်း ဇွန်လ ၂၈ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ရခိုင်နဲ့ ရှမ်းမြောက်ကို အပို့ခံရမယ့် သင်တန်း ဆင်းတွေရဲ့ နောက်ကျန်မိသားစုတွေအတွက်တော့ တကယ့်ကို စိတ်မကောင်းစရာ အဖြစ်ဆိုးကို ရင်ဆိုင်တွေ့ကြုံရဦးမှာ ဖြစ်ပါတယ်။

စစ်ရှုံးကောင်စီဟာ ခုခံတိုက်ပွဲတွေအတွက် ဘယ်လောက်ပဲ ကြိုတင်ပြင်ဆင်စေကာမှု တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်အရှိန်ကို ဟန့်တားနိုင်စွမ်းမဲ့သွားခဲ့ပါပြီ။ ရှမ်းမြောက်မှာ တိုက်ပွဲတွေ စတင်လာပြီး ဇွန်လ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးနု လက်ထက်က စတင်ခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် ချမှတ်ခဲ့တဲ့ နှစ် (၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ဖို့အတွက် အငြိမ်းစားသမ္မတဟောင်း ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို ထွက်ခွာသွားခဲ့ပါတယ်။ နိုင်ငံပိုင် သတင်းစာ ဆောင်းပါကဏ္ဍမှာလည်း တရုတ်နိုင်ငံရဲ့ ကြီးမြင့်မှုတွေကို ဖြန့်ဝေရေးသားခဲ့ကြတဲ့အတွက် ပထမအကြိမ်တုန်းကလို တရုတ်နိုင်ငံကို အားကိုးယူပြီး တိုက်ပွဲကို ရပ်တန့်နိုင်ဖို့ ကြိုးစားလာကြပါဦးမယ် ထင်ပါတယ်။

အာဏာရူးစစ်ကောင်စီအနေနဲ့ သိသင့်တာ တစ်ခုကတော့ နိုင်ငံတစ်ခုရဲ့ စစ်မှန်တဲ့ အင်အားဟာ ပြည်သူလူထုသာဖြစ်တယ် ဆိုတာ ယုံတမ်းစကားမဟုတ်မှန်း သက်သေပြနိုင်လာတဲ့ အချိန်ကို ရောက်ရှိလာပြီ ဖြစ်တယ်ဆိုတာကိုပါပဲ။ စစ်အာဏာရှင် အမြစ်ပြတ် မကျမရှုံးမခြင်း ရှေ့ဆက်ဖြစ်ပေါ်လာမယ့် တိုက်ပွဲတွေမှာလည်း စစ်ကောင်စီအတွက် အပေါင်းဆောင်တဲ့ အခွင့်အရေး မရှိတော့ဘူး ဆိုတာဟာ ကြိမ်းသေသွားခဲ့ပါပြီ။ ဓမ္မဘက်ရပ်တည်တဲ့ တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်တွေအတွက် ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုဟာ ခွန်အားကိုဖြစ်စေသလို၊ ပို့သတဲ့ မေတ္တာတွေဟာလည်း ဘေးအန္တရာယ်ကင်းဝေးစေတဲ့ ဆေးစွမ်းကောင်းတွေကို ဖြစ်ပေါ်စေပါတယ်။


ပြည်သူတစ်ရပ်လုံးရဲ့ နာကျည်းမုန်းတီးမှုနဲ့ ကျိန်ဆဲခြင်းကို ခံနေရတဲ့ စစ်အာဏာရှင်နဲ့ လက်ကိုင်တုတ် စစ်တပ်ဘက်တော်သားတွေအတွက်တော့ ကုစားနိုင်စရာမရှိတော့တဲ့ စိတ်ဓာတ်ကျဆင်းမှုနဲ့ စွမ်းဆောင်ရည်ကျရှုံးမှုရောဂါကို ပြင်းပြင်းထန်ထန် စွဲကပ်စေခဲ့ ပြီပဲဖြစ်ပါတယ်။ ဒီအတွက်လည်း ရပ်တည်ချက်အမှားနဲ့ အဓမ္မဘက်တော်သား အကြမ်းဖက် စစ်ရှုံးများအတွက် ဆေးမှီနိုင်စရာ အကြောင်းမရှိတော့ပါ။ တော်လှန်ရေး ဘက်တော်သားများအတွက်တော့ တိုက်သမျှအောင် နယ်မြေများစွာသိမ်းနေတာက တော်လှန်ရေးသစ္စာဖြစ်ပါတယ်။ ။

#RedNewsAgency

By Editor