မြို့သစ်မြို့နယ်မှာ စစ်တပ် အထူးယာဉ်တန်း တိုက်ခိုက်ခံရပြီး ရွေးကောက်ပွဲ အရာရှိတစ်ဦးအပါအဝင် (၈) ဦးသေဆုံး

RNA_ဇန်နဝါရီ(၇)၊၂၀၂၆ခုနှစ်။

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာအနီး၊ ကန်ပြားလမ်းပိုင်း တစ်နေရာ၌ အာဏာသိမ်းစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၂) အား ဟန့်တားသည့်အနေဖြင့် အာဏာသိမ်းစစ်တပ်၏ ယာဉ် (၄) စီးပါ အထူးယဉ်တန်းအား ဇန်နဝါရီ ၆ ရက်နေ့က ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရွေးကောက်ပွဲ အရာရှိတစ်ဦးအပါအဝင် (၈) ဦးသေဆုံးကြောင်း သိရသည်။

တိုက်ခိုက်ခံရမှုအတွင်း ရွေးကောက်ပွဲကော်မရှင်အရာရှိ တစ်ဦးအပါအဝင် (၈)ဦး သေဆုံးသွားခဲ့ပြီး၊ G3 သေနတ် (၂)လက်၊ ၎င်းကျည် (၁၆၁) တောင့်နှင့် ကျည်ဘောက် (၃)ခု သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


အာဏာသိမ်းစစ်တပ် အထူးယာဉ်တန်းသည် အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပနိုင်ရေးအတွက် မကွေးတိုင်းမှ မြို့နယ်(၁၁)မြို့နယ်အား နယ်လှည့်စစ်ဆေးရန် နေပြည်တော်မှ စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Nay Pyi Taw PDF ကထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယဉ်တန်းတွင် ရွေးကောက်ပွဲကော်မရှင် ဗဟိုအဆင့်နှင့် တိုင်းအဆင့်များ လိုက်ပါလာပြီး ကန်ပြားလမ်းပိုင်းအတွက် မြို့သစ်မြို့နယ် ရဲတပ်ဖွဲ့မှ လုံခြုံရေးယူပေးနေသည့်ကြားက စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယဉ်တန်းပါ ယာဉ် (၄)စီးအနက် (၃)စီး တိမ်းမှောက်ပျက်စီးသွားပြီး ကား (၁)စီးသာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းစစ်တပ် ယာဉ်တန်းကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၇)၊ တပ်ရင်းအမှတ် (၉၀၃)မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးအား အချိန်ယူပြင်ဆင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ နေပြည်တော်တိုင်းစစ်ဌာနအနေဖြင့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲပြုလုပ်မှုများကို နေရာ ပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ဟန့်တားပိတ်ပင်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား အသိပေးထားသည်။

#RedNewsAgency #RNA #REDNEWS

By RNA Editor