“ကျွန်တော့် ကျန်မျက်လုံးတစ်ဖက် အများကြီး မမြင်ရရင် နေပါစေ။ ဘယ်သူ၊ ဘယ်ဝါ သဲသဲကွဲကွဲလေးလောက်ပဲ ပြန်မြင်ရရင် ကျေနပ်ပါတယ်။ ကျွန်တော် အမေ့အတွက် အမြန်ဆုံး ပြန်မြင်နေချင်ပြီ”
ရန်ကုန်မြို့ မြောက်ဥက္ကလာအဝိုင်းမှာ စစ်သားနှင့် ရဲများက အင်အားသုံးဖြိုခွင်းခဲ့သည့် ဖြစ်စဥ်တွင် ကျည်ထိမှန်၍ ဘယ်ဘက်မျက်လုံးတစ်ဖက် ကျွတ်ထွက်ခဲ့ပြီး ကျန်ညာဘက်မျက်လုံးတစ်ဖက်ကိုလည်း ဆေးကုသမှုများ ပြုလုပ်နေရသည့် မောင်မင်းသူရက နှလုံးရောဂါသည် မိခင်ကြီးအတွက် ကျန်မျက်လုံးတစ်ဖက်ကို အမြန်ဆုံး ပြန်မြင်ချင်နေသည့် သူ့ဆန္ဒကို ဆိုသည်။
ရန်ကုန်မြို့တွင် စစ်သားနှင့် ရဲများက အင်အားသုံးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့သည့် မတ်လ ၃ ရက် ဖြစ်စဥ်တွင် ဆန္ဒပြသပိတ်စစ်ကြောင်းမှ လူငယ်များစွာ အထိအခိုက် များခဲ့သည်။ ထို့နေ့ ပစ်ခတ်မှုများကြောင့် မောင်မင်းသူရမှာ မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ရသည့်အပြင် သူငယ်ချင်းနှစ်ယောက်၏ အသက်ကိုလည်း မကယ်တင်နိုင်ခဲ့သည်ကို ဝမ်းနည်းစိတ်မကောင်းစွာဖြင့် ဆိုသည်။
“ဖိုးချစ်ကို ထိသွားတော့ ကျွန်တော်က ပြေးတက်သွားတာ။ အဲ့မှာ မျက်လုံးကပူခနဲ့ဖြစ်သွားတယ်။ ကျည်ထိသွားပြီးဆိုတာ သိလိုက်ရတယ်။ လက်နဲ့ ပွတ်ပြီးဆွဲလိုက်တာ သွေးတွေနဲ့ အမျှင်တွေ ထွက်လာတယ်။ ဘာမှမမြင်ရတော့ အနောက်ကို ပြန်လှည့်ပြေးချိန် ဇွဲထက်စိုးက ကာဗာလုပ်ပြီး လာခေါ်တယ်။ အဲ့အချိန်မှာပဲ ငါ့ကို ထိသွားပြီး မင်းပြေးတော့ဆိုတဲ့ အသံကြားလိုက်ရပြီး သူကျန်ခဲ့တယ်။ ကျွန်တော်လည်း ဘာမှမမြင်ရတော့ ပြန်လှည့်မဆွဲနိုင်ခဲ့ဘူး” ဟု စိတ်မကောင်းစွာဖြင့် ထိုနေ့က အဖြစ်အပျက်ကို ပြောသည်။







