မိခင်အတွက် ကျန်မျက်လုံးတစ်ဖက် အမြန်ဆုံး ပြန်မြင်ချင်နေတဲ့ သူရဲကောင်း မင်းသူရ

“ကျွန်တော့် ကျန်မျက်လုံးတစ်ဖက် အများကြီး မမြင်ရရင် နေပါစေ။ ဘယ်သူ၊ ဘယ်ဝါ သဲသဲကွဲကွဲလေးလောက်ပဲ ပြန်မြင်ရရင် ကျေနပ်ပါတယ်။ ကျွန်တော် အမေ့အတွက် အမြန်ဆုံး ပြန်မြင်နေချင်ပြီ”

ရန်ကုန်မြို့ မြောက်ဥက္ကလာအဝိုင်းမှာ စစ်သားနှင့် ရဲများက အင်အားသုံးဖြိုခွင်းခဲ့သည့် ဖြစ်စဥ်တွင် ကျည်ထိမှန်၍ ဘယ်ဘက်မျက်လုံးတစ်ဖက် ကျွတ်ထွက်ခဲ့ပြီး ကျန်ညာဘက်မျက်လုံးတစ်ဖက်ကိုလည်း ဆေးကုသမှုများ ပြုလုပ်နေရသည့် မောင်မင်းသူရက နှလုံးရောဂါသည် မိခင်ကြီးအတွက် ကျန်မျက်လုံးတစ်ဖက်ကို အမြန်ဆုံး ပြန်မြင်ချင်နေသည့် သူ့ဆန္ဒကို ဆိုသည်။

ရန်ကုန်မြို့တွင် စစ်သားနှင့် ရဲများက အင်အားသုံးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့သည့် မတ်လ ၃ ရက် ဖြစ်စဥ်တွင် ဆန္ဒပြသပိတ်စစ်ကြောင်းမှ လူငယ်များစွာ အထိအခိုက် များခဲ့သည်။ ထို့နေ့ ပစ်ခတ်မှုများကြောင့် မောင်မင်းသူရမှာ မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ရသည့်အပြင် သူငယ်ချင်းနှစ်ယောက်၏ အသက်ကိုလည်း မကယ်တင်နိုင်ခဲ့သည်ကို ဝမ်းနည်းစိတ်မကောင်းစွာဖြင့် ဆိုသည်။

“ဖိုးချစ်ကို ထိသွားတော့ ကျွန်တော်က ပြေးတက်သွားတာ။ အဲ့မှာ မျက်လုံးကပူခနဲ့ဖြစ်သွားတယ်။ ကျည်ထိသွားပြီးဆိုတာ သိလိုက်ရတယ်။ လက်နဲ့ ပွတ်ပြီးဆွဲလိုက်တာ သွေးတွေနဲ့ အမျှင်တွေ ထွက်လာတယ်။ ဘာမှမမြင်ရတော့ အနောက်ကို ပြန်လှည့်ပြေးချိန် ဇွဲထက်စိုးက ကာဗာလုပ်ပြီး လာခေါ်တယ်။ အဲ့အချိန်မှာပဲ ငါ့ကို ထိသွားပြီး မင်းပြေးတော့ဆိုတဲ့ အသံကြားလိုက်ရပြီး သူကျန်ခဲ့တယ်။ ကျွန်တော်လည်း ဘာမှမမြင်ရတော့ ပြန်လှည့်မဆွဲနိုင်ခဲ့ဘူး” ဟု စိတ်မကောင်းစွာဖြင့် ထိုနေ့က အဖြစ်အပျက်ကို ပြောသည်။

မြောက်ဥက္ကလာအဝိုင်း ပစ်ခတ်မှုတွင် မောင်မင်းသူရ၏ သူငယ်ချင်းများ ဖြစ်သည့် မောင်ဖိုးချစ်နှင့် ​မောင်ဇွဲထက်စိုးတို့မှာ အခင်းဖြစ်ပွားသည့် နေ့တွင်ပင် ကျဆုံးခဲ့သည်။ ထိုနေ့က မျက်လုံးကျည်ထိမှန်ပြီး ဦးတည်ရာမဲ့ရမ်းသန်းပြေးနေရသည့် မောင်မင်းသူရကို ဦးကျော်သူ နာရေးကူညီမှုအသင်းက ကားဖြင့်ကွယ်၍ ကားပေါ် ဆွဲတင် ခေါ်ယူပြီး ဆေးရုံကို ပို့ဆောင်ပေးနိုင်ခဲ့သဖြင့် အသက်ရှင် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်ဟု ဦးကျော်သူနာရေးကူညီမှုအသင်းကျေးဇူးကို အသိအမှတ်​ပြုရင်း​မောင်မင်းသူရက ပြောသည်။

ဒဏ်ရာပြင်းထန်ရလာသည့် သားငယ်ကို ညလုံးပေါက် ပြုစုပေးရင်း တစ်ဖက်မှာလည်း နှလုံးရောဂါသည် ဇနီးသည်ကို ဖုံးကွယ်ထားနိုင်ရန် ဗျာများနေခဲ့ရသူက မောင်မင်းရသူ၏ ဖခင်ဖြစ်ပြီး ​ဆေးရုံပေါ်တွင်လည်း လုံခြုံရေး အခြေအနေအရ သွေးများ မတိတ်သေးသည့် သားငယ်ကို ထမ်းပြေးတိမ်းရှောင်မှုများ ပြုလုပ်ခဲ့ရသည်ဟုလည်း မောင်မင်းသူရ ဖခင်က သောကများခဲ့ရပုံကို ဆိုသည်။သာမန်ခေတ်ကာလ မဟုတ်သည့်အပြင် မောင်မင်းသူရ၏ ဒဏ်ရာမှာ ပြင်းထန်သောအခြေအနေတစ်ရပ်ဖြစ်သောကြောင့် မိခင်ဖြစ်သူက မကြာမီပင် အခြေအနေမှန်ကို သိရှိခဲ့ရသည်။

သို့သော်လည်း နှလုံးရောဂါသည် မိခင်ကြီးက မောင်မင်းသူရတို့ သားအစ်ဖနှစ်ယောက် ကြိုတင် စိတ်ပူပင်နေကြသလို စိတ်ကို ဒုန်းဒုန်းကျမသွားဘဲ သားငယ်ကို အနီးကပ် ပြုစုပေးပြီး သားငယ် အမြန်ဆုံးသက်သာကောင်းမွန်လာရန် စိတ်ခွန်အားများ ပေးနေခဲ့သည်။ “အခုနောက်ပိုင်းမှာ အမေ့ရောဂါက နည်းနည်းဆိုးလာတယ်။ ဆေးခန်းတွေ ပြပြနေရတယ်” ဟု မောင်မင်းသူရက မိခင်အတွက်စိုးရိမ်စိတ်ဖြင့် ပြောသည်။​

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၄၈ ရပ်ကွက် ရှင်တစ်ရာလမ်းတွင် နေထိုင်သော အသက် ၂၃ နှစ်အရွယ် မောင်မင်းသူရသည် ဘယ်ဘက်မျက်လုံးတစ်ဖက်ကို အပိတ်ချုပ်ထားရပြီးကျန်ညာဘက်မျက်လုံးတစ်ဖက် ပြန်မြင်ရရေးအတွက် ဆေးကုသမှု ခံယူနေရသည်။မောင်မင်းသူရ၏ ကျန်ညာဘက်မျက်လုံးတစ်ဖက်မှာ ပြန်မြင်နိုင်ရန် အခွင့်အရေးက ၅၀-၅၀ ရာခိုင်နှုန်းသာရှိနေသည့် အခြေအနေဖြစ်သည်။ ဆေးရုံမှ ဆင်းပြီး တစ်လအကြာ ယနေ့ ဧပြီ ၆ ရက်တွင် ဆေးရုံသို့ ထပ်မံသွားပြခဲ့ရာ မျက်လုံးသွေးကြောနှင့် အာရုံကြောများမှာ ရောင်နေသေးသည့်အတွက် ရှေ့အလားအလာအတွက် ဆရာဝန်က စစ်ဆေးမှုပြုလုပ်၍ မရသေးကြောင်း သိရသည်။

“ဆေးဆက်တိုက်ပြီးတော့ တစ်လ ချိန်းလိုက်တယ်။ အခု စက်နဲ့ကြည့်တော့ ရောင်နေတော့ အမြောင်းတွေက မပေါ်ဘူး။ ကြည့်လို့ မရသေးဘူးတဲ့။ နောက်လကျမှ အခြေအနေ သိရမယ်” ဟု မောင်မင်းသူရကို အနီးကပ်စောင့်ရှောက်နေသည့် သူနာပြုဆရာမက ပြောသည်။

မောင်မင်းသူရ၏ မျက်လုံးကို လာမည့် မေလ ၇ ရက်တွင် ထပ်မံပြသရမည်ဖြစ်ပြီး လက်ရှိတွင်မောင်မင်းသူရမှာ အစားအသောက်လည်း ပါးစပ်ကောင်းစွာ ဟ၍ မစားသောက်နိုင်သေးသောကြောင့် ခံတွင်းနှင့် မေးရိုးဆိုင်ရာ ဆရာဝန်ထံတွင်လည်း ပြသရမည်ဖြစ်သည်ဟု သူပြုဆရာမပြောသည်။

မောင်မင်းသူရအနေဖြင့်တော့ မျက်လုံး နှစ်ဖက်စလုံး အကောင်းတိုင်းပြန်ဖြစ်ချင်သည်မှာ အလိုချင်ဆုံး တောင်းဆုဖြစ်သော်လည်း လတ်တလောတွင်တော့ အနီးစပ်ဆုံး မျက်လုံး တစ်ဖက် အလင်းရဖို့ကိုသာ မိခင်အတွက် ရည်မှန်းမျှော်လင့်လို့ နေသည်။

သံလွင်ခတ် – Than Lwin Khet News သတင်းဌာနမှ ဖော်ပြထားမှုအား ပြန်လည်ဖော်ပြသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *