Red News / Fact Check
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အား ဇွန်လ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA မှ ကျောက်ပေါက်နှင့် ရွှေဒါးဦးဆောင်အဖွဲ့မှ (၁၅) ဦး၊ ကျော်ဦးအဖွဲ့မှ ၁၃ ဦး၊ ကိုအေးအဖွဲ့မှ ၂၁ ဦး စုစုပေါင်း ၄၉ ဦး သေဆုံးခဲ့သည်ကို TNLA ဘက်မှ တင်ပြီး ပြန်ဖျက်သွားသည်ဟုဆိုကာ စစ်ကောင်စီလော်ဘီများသည် ဇွန်လ ၃၀ ရက်နေ့မှစတင်ကာ ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။
စစ်ကောင်စီလော်ဘီများဝါဒဖြန့်မှု
——————————
စစ်ကောင်စီလော်ဘီ တယ်လီဂရန် ဗြုတ်စဗျင်းတောင်း သတင်းများ ဆိုသည့် ချန်နယ်မှစတင်ကာ ဇွန်လ ၂၉ ရက်နေ့က စတင်ဝါဒဖြန့်ခဲ့ရာ ကြည့်ရှုသူ တစ်ထောင်ကျော်သာရှိခဲ့သော်လည်း ထိုဝါဒဖြန့်အကြောင်းအရာအား အခြားသော ဖော်လိုဝါများသည့် လော်ဘီချန်နယ်များဖြစ်သည့် Kyaw Swar, Ko Thet, Snow Queen အပါအဝင် ချန်နယ် ၂၅ ခုက ကူးယူဝါဒဖြန့်ထားကြသဖြင့် ပျံ့နှံ့မှုအားကောင်းလျက်ရှိသည်။ Kyaw Swar ချန်နယ်တွင် ဝင်ရောက်ကြည့်ရှုသူ ၃ သောင်း ၄ ထောင်ခန့်၊ Ko Thet ချန်နယ်တွင် ၂ သောင်း ၄ ထောင်ကျော်နှင့် Snow Queen ချန်နယ်တွင် ခုနစ်ထောင်နီးပါးရှိခဲ့သည်။




