“တောင်ပိုင်း စစ်ဒေသမှာလည်း အင်အားအများဆုံးနဲ့ ပထဆုံးလက်နက်ချပွဲဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးအင်းအားစုများရဲ့ သမိုင်းတွင်တဲ့ အောင်ပွဲတခုဖြစ်ပါတယ်။ လက်နက်ချတယ်ဆိုတာကလည်း ခုခံနိုင်စွမ်း၊ စစ်ကူတွေမရတဲ့အဆုံး အသက်သေမှာကြောက်ပြီး အသက်ရှင်ဖို့ တခုတည်းသော နည်းလမ်းကို ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်”
****************************
ချမ်းမင်း
တော်လှန်ရေးအရှိန်ပြင်းလာတဲ့ သတင်းတွေဟာ ဒီရက်ပိုင်းမှာကို အတော်လေး ကျယ်ကျယ်လောင်လောင်နဲ့ မြင်တွေ့နေရပါတယ်။ ရခိုင်ဘက်ကသတင်းတွေ၊ ကချင်ဘက်ကသတင်းတွေသာမက အခုနောက်ဆုံး ကရင်ပြည်နယ်က သတင်းတွေကပါ တော်လှန်ရေးအတွက်အားတက်စရာ၊ အားရှိစရာ အောင်ပွဲတွေများစွာကို မြင်တွေ့နေရပါတယ်။
အနီးစပ်ဆုံးအနေနဲ့ဆိုရင် ဧပြီလ၆ ရက်နေ့က ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ သင်္ကန်းညီနောင် စစ်ဗျူဟာစခန်းမှ အရာရှိ ၆၇ ဦး အခြားအဆင့် ၄၁ ၀ ဦးအပါအဝင် စုစုပေါင်း စစ်ကောင်စီဘက်မှ ၆၁၇ ဦး လက်နက်ချအညံ့ခံခဲ့တယ် ဆိုတဲ့သတင်းကိုကြည့်ရင်သိနိုင်ပါတယ်။ ကရင်ပြည်က ထူးခြားလှတဲ့ လက်နက်ချပွဲကြီးဆိုရင်လည်း မမှားသလို KNU နဲ့ တော်လှန်ရေးအင်အားစုများရဲ့ ထူးခြားလှတဲ့ အောင်ပွဲကြီးလည်း ဖြစ်ပါတယ်။
လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ ဗျူဟာမှူးတစ်ဦးပါ ပါဝင်ပြီး လက်နက်ခဲယမ်းတွေ၊ အမြောက်နဲ့ စားနပ်ရိက္ခာတွေပါ မနည်းမနော ရရှိလိုက်ပြီး ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့ ကျည်တစ်ချက်တောင်မဖောက်လိုက်ရဘဲ အောင်ပွဲအကြီးကြီးကိုရရှိလိုက်တယ်လို့ဆိုနိုင်ပါတယ်။ ဒါ့အပြင် အခုလက်နက်ချလိုက်တဲ့ သင်္ကန်းညီနောင် စစ်ဗျူဟာ စခန်းဆိုတာ ၁၉၆၈ ခုနှစ်လောက်ကစပြီး ဒီအချိန်ထိ နှစ်ပေါင်း ၅၀ ကျော်အောင်အထိအခိုင်အမာတပ်စွဲထားတဲ့ ဗျူဟာကုန်းတစ်ခုဖြစ်သလို မြဝတီမြို့နဲ့ သင်္ကန်းညီနောင်မြို့အတွက် စစ်ရေးအရ အရေးပါလှတဲ့ ဗျူဟာစခန်းကုန်းတစ်ခုလည်းဖြစ်ပါတယ်။


