တောင်ပိုင်းတိုင်းစစ်ရေး အရှိန်အဟုန်က မြို့သိမ်းတိုက်ပွဲထိ ရောက်လာပြီလား

“တောင်ပိုင်း စစ်ဒေသမှာလည်း အင်အားအများဆုံးနဲ့ ပထဆုံးလက်နက်ချပွဲဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးအင်းအားစုများရဲ့ သမိုင်းတွင်တဲ့ အောင်ပွဲတခုဖြစ်ပါတယ်။ လက်နက်ချတယ်ဆိုတာကလည်း ခုခံနိုင်စွမ်း၊ စစ်ကူတွေမရတဲ့အဆုံး အသက်သေမှာကြောက်ပြီး အသက်ရှင်ဖို့ တခုတည်းသော နည်းလမ်းကို ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်”
****************************

ချမ်းမင်း

တော်လှန်ရေးအရှိန်ပြင်းလာတဲ့ သတင်းတွေဟာ ဒီရက်ပိုင်းမှာကို အတော်လေး ကျယ်ကျယ်လောင်လောင်နဲ့ မြင်တွေ့နေရပါတယ်။ ရခိုင်ဘက်ကသတင်းတွေ၊ ကချင်ဘက်ကသတင်းတွေသာမက အခုနောက်ဆုံး ကရင်ပြည်နယ်က သတင်းတွေကပါ တော်လှန်ရေးအတွက်အားတက်စရာ၊ အားရှိစရာ အောင်ပွဲတွေများစွာကို မြင်တွေ့နေရပါတယ်။

အနီးစပ်ဆုံးအနေနဲ့ဆိုရင် ဧပြီလ၆ ရက်နေ့က ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ သင်္ကန်းညီနောင် စစ်ဗျူဟာစခန်းမှ အရာရှိ ၆၇ ဦး အခြားအဆင့် ၄၁ ၀ ဦးအပါအဝင် စုစုပေါင်း စစ်ကောင်စီဘက်မှ ၆၁၇ ဦး လက်နက်ချအညံ့ခံခဲ့တယ် ဆိုတဲ့သတင်းကိုကြည့်ရင်သိနိုင်ပါတယ်။ ကရင်ပြည်က ထူးခြားလှတဲ့ လက်နက်ချပွဲကြီးဆိုရင်လည်း မမှားသလို KNU နဲ့ တော်လှန်ရေးအင်အားစုများရဲ့ ထူးခြားလှတဲ့ အောင်ပွဲကြီးလည်း ဖြစ်ပါတယ်။

လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ ဗျူဟာမှူးတစ်ဦးပါ ပါဝင်ပြီး လက်နက်ခဲယမ်းတွေ၊ အမြောက်နဲ့ စားနပ်ရိက္ခာတွေပါ မနည်းမနော ရရှိလိုက်ပြီး ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့ ကျည်တစ်ချက်တောင်မဖောက်လိုက်ရဘဲ အောင်ပွဲအကြီးကြီးကိုရရှိလိုက်တယ်လို့ဆိုနိုင်ပါတယ်။ ဒါ့အပြင် အခုလက်နက်ချလိုက်တဲ့ သင်္ကန်းညီနောင် စစ်ဗျူဟာ စခန်းဆိုတာ ၁၉၆၈ ခုနှစ်လောက်ကစပြီး ဒီအချိန်ထိ နှစ်ပေါင်း ၅၀ ကျော်အောင်အထိအခိုင်အမာတပ်စွဲထားတဲ့ ဗျူဟာကုန်းတစ်ခုဖြစ်သလို မြဝတီမြို့နဲ့ သင်္ကန်းညီနောင်မြို့အတွက် စစ်ရေးအရ အရေးပါလှတဲ့ ဗျူဟာစခန်းကုန်းတစ်ခုလည်းဖြစ်ပါတယ်။

အခုလက်နက်ချလိုက်တဲ့ သင်္ကန်းညီနောင်ဗျူဟာဆိုတာ ဒီနှစ်အစောပိုင်းမြောက်ပိုင်းညီနောင်သုံးဖွဲ့ဆီ လက်နက်ချအညံ့ခံခဲ့တဲ့ လောက်ကိုင်ဒကစ ပြီးရင် စစ်တပ်သမိုင်းတစ်လျှောက် ဒုတိယအကြီးဆုံးလက်နက်ချအညံ့ခံခဲ့တဲ့ ဖြစ်စဥ်တစ်ခုလို့လည်းဆိုနိုင်ပါတယ်။ တောင်ပိုင်း စစ်ဒေသမှာလည်း အင်အားအများဆုံးနဲ့ ပထဆုံး လက်နက်ချပွဲဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးအင်းအားစုများရဲ့ သမိုင်းတွင်တဲ့ အောင်ပွဲတခုဖြစ်ပါတယ်။ လက်နက်ချတယ်ဆိုတာကလည်း ခုခံနိုင်စွမ်း၊ စစ်ကူတွေမရတဲ့အဆုံး အသက်သေမှာကြောက်ပြီး အသက်ရှင်ဖို့ တခုတည်းသော နည်းလမ်းကို ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်။

သင်္ကန်းညီနောင်ဗျူဟာလက်နက်ချပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ ဘက်ကို ဆက်လက်ဖိအားပေးလာနေပြီး မြေပြင်ကြားသိရသလောက်ဆိုရင် မြဝတီမြို့စောင့်တပ်လို့ ပြောတဲ့ ၂၇၅ ကိုပါ လက်နက်ချအလင်းဝင်ဖို့အတွက် ညှိနှိုင်းမှုတွေ ဆောင်ရွက်နေတယ်လို့သိရပါတယ်။ တစ်ဖက်က အဲ့ဒီလိုညှိနှိုင်းမှုတွေ ပြုလုပ်နေသလို ကျန်တဲ့တစ်ဖက်ကနေလည်း အချိန်မရွေးဖြစ်ပေါ်လာနိုင်တဲ့ စစ်ရေးအခြေအနေအမျိုးမျိုးအတွက် ကြိုတင်ပြင်ဆင်မှုတွေကိုလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မြဝတီမြို့က ပြည်သူတွေကလည်း ဖြစ်ပေါ်လာနိုင်တဲ့ တိုက်ပွဲအခြေအနေတွေကို စောင့်ကြည့်နေကြပြီးတော့ တချို့ဆိုရင် စစ်ရှောင်ဖို့ နေရာတွေ ပြင်ထားတာတောင် ရှိနေပါပြီ။

တောင်ပိုင်းတိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အဲ့ဒီလို ခြေလှမ်းသွက်သွက်နဲ့ စခန်းသိမ်းတိုက်ပွဲတွေနဲ့ လိုချင်တဲ့ပန်းတိုင်ဆီ ချဥ်းကပ်နေသလို စစ်တပ်ဘက်ကလည်း မြဝတီကို ထိန်းနိုင်ဖို့နဲ့ ဆုံးရှုံးသွားတဲ့ စစ်စခန်းတွေကို မြောက်ပိုင်းကပေးလိုက်ရတဲ့ မြို့တွေလို ပြန်ရနိုင်မလားဆိုတဲ့အတွေးနဲ့ ပြန်လည်ထိုးစစ်ဆင်ဖို့ ပြန်လည်ပြင်ဆင်နေတာမျိုးကိုပြုလုပ်လာနေတာကိုလည်း သတိထားမိတယ်။ အခုဆိုရင် မြဝတီမြို့ပေါ်မှာ NCA လက်မှတ်ထိုးရာမှာ ပါဝင်တဲ့ လက်နက်ကိုင်တချို့နဲ့ စစ်တပ်ပေါင်းပြီး ကင်းလှည့်နေတာမျိုးရှိတယ်လို့တောင် ကြားနေရပါတယ်။

အထူးသဖြင့် သင်္ကန်းညီနောင်ဗျူဟာ လက်နက်ချအညံ့ခံလိုက်ပြီး သိပ်မကြာခင်မှာပဲ ကလော တပ်နယ်မှာရှိနေတဲ့ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းတွေကို စုစည်းပြီး အင်အားတစ်ထောင်ခန့်လောက်ဖြင့် ကရင်ပြည်နယ်ခွင်ထဲ စစ်ဆင်ရေးဝင်ရန် ကလောလေဆိပ်မှ မော်လမြိုင်လေဆိပ်သို့ လေကြောင်းဖြင့် ပို့ဆောင်နေတယ်လို့လည်း သိရပါတယ်။ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးမှ ထိုင်းအစိုးရသို့ မြဝတီရှိ အရာရှိကြီးပိုင်းတွေနဲ့ အစိုးရဝန်ထမ်းတွေကို ကယ်ထုတ်ဖို့အတွက် မဲဆောက်မြို့ လေယာဥ်ကွင်းမှာ မြန်မာ့လေယာဥ်ဆိုက်ရောက်ဖို့အတွက် ခွင့်တောင်းခဲ့ပြီး ထိုင်းအစိုးရရဲ့ခွင့်ပြုချက်နဲ့ပဲ ဧပြီလ ၇ ရက်နေ့က မြန်မာလေကြောင်းလိုင်းရဲ့သယ်ယူပို့ဆောင်ရေးလေယာဥ်တွေ မဲဆောက်မြိုကို ဆိုက်ကပ်ကာအရာရှိကြီးပိုင်းတွေနဲ့ မြဝတီရှိဘဏ်တွေမှာအပ်နှံထားတဲ့ ပိုက်ဆံတွေကို ရန်ကုန်သို့သယ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

မြဝတီမြို့အတွက် ယခုအခြေအနေကတော့ ရှုပ်ထွေးနေတဲ့ အခြေအနေဖြစ်တာကြောင့် ဘာကိုမှ သေချာမပြောနိုင်သေးပေမဲ့လည်း စစ်တပ်ဘက်ကတော့ သူတို့ဆုံးရှုံးသွားတဲ့နယ်မြေတွေ စစ်စခန်းတွေကို လေကြောင်းကနေ ပစ်အားသုံးကာဖျတ်ဆီးလေ့ရှိတဲ့ အလေ့အထကြောင့် ပြည်သူတွေနဲ့တော်လှန်ရေးအင်အားစုဘက်က ရှေ့လာမဲ့နေ့တွေမှာအထူးဂရုစိုက်ပြီး ကြိုတင်ပြင်ဆင်သင့်ပါတယ်။ ။

#RedNewsAgency #RNA #RedNews

By Editor