ဆေးခန်းမှာ နေ့နေ့ညည ဆက်နေဖြစ်တဲ့အခါ CDM လူနာတွေကို ခွဲဖြစ်တာပေါ့ဗျာ။ သို့သော်ငြား အင်မတန်ကို သတိဝီရိယနဲ့ နေရတာပေါ့။ အရေးပေါ်ထွက်ပေါက်နဲ့ လှေကားကို သော့တောင်းထားရတယ်။ အဝင်အထွက် ဂယ်ပေါက်လေးတွေ ရှာရကြည့်ရတယ်။ အစစ်အဆေး လမ်းကြောင်းတွေကို လှစ်လှစ်ကလေးနေအောင် သိရတယ်။ စစ်ကားတွေတားစစ်နေရင် မီးပွိုင့် ၂ ခုစာလောက်ကနေ လှမ်းမြင်တတ်ရတာ။ ဆေးခန်းရှိတဲ့လမ်းထိပ်မှာ light truck တစ်စီးနဲ့ အရပ်ဝတ်တွေ လာရပ်နေရင် တိမ်းရတယ် သူငယ်ချင်းက သော့ပေးထားတဲ့ အခန်းလေးဆီကို
ဒေါက်တာစိုးမင်း ( ဆရာဝန်တော်လှန်ရေးသမား)
ခုရက်ပိုင်းအတွင်း ညကြီးသန်းကောင် လူနာလာလာနှိုးလို့ အိပ်ရတယ် မရှိပါဘူး။ လူနာမလာလည်း လေယာဉ်က လာပြန်တယ်။ လာပစေဟာ။ ဗုံးကျသံမကြားလို့ကတော့ ဆက်အိပ်မှာပဲ။ လေယာဉ်သံကြားတိုင်း ဗုံးခိုကျင်းထဲပြေးပုန်းရရင် အိပ်ပျက်တယ်။ ချမ်းကလည်းချမ်းသနဲ့။ ကြာတော့လည်း ရိုးသွားပြီလေ။ သေစရာရှိ အစောကြီးကတည်းက သေနှင့်မှာပဲဟာ။ သေကံမရောက်သ၍ အသက်မပျောက်ဘူး။ ကိုယ့်မှာ အသက်အပိုမပါပေမယ့်လည်း ခုချိန်ထိအောင်တော့ ဂိမ်းအိုဗာ ဖြစ်မသွားသေးဘူး။ သေဖို့ကိစ္စဆိုတာ သူတို့လက်အောက် သက်ဆိုးရှည်ရတာလောက် အဖြစ်မဆိုးဘူး။ ကြောက်စရာမကောင်းဘူး။ တော်လှန်ရေးအတွင်းမှာ အသက်နဲ့ရင်းပြီး စွန့်စားသူမှန်သမျှ အဲ့သလို သဘောပေါက်ထားပြီးသား။ ပြန်စဉ်းစားကြည့်တော့ ကိုယ့်ဇာတ်လမ်းကလည်း အတော်ကြီး ကိုရီးယားဆန်ပါပေတယ်။ ဒါကြောင့်မို့ ဓါတ်သက်ပါပြီး ချန်ဂင်တို့စခန်း မှည့်မိတာ ထင်ပါရဲ့။
ဇာတ်လမ်းရဲ့အစ နန်းတွင်းကိုလုပ်ကြံသူတွေ ဝင်စီးတဲ့အခန်းဆို ကိုယ်ကိုယ်တိုင် ပြန်တွေးကြည့်ရင်တောင် အသည်းတုန်အူတုန် ရှိလှတယ် မဟုတ်လား။ မီးတွေဖြတ်၊ မှောင်အတိကျ၊ ဖုန်းလိုင်းတွေမရ၊ အင်တာနက်တွေပါဖြတ်။ လောကကြီးတစ်ခုလုံး ဘာတွေဖြစ်ကုန်ပါလိမ့်လို့ သိချင်စိတ်တွေ ပြင်းပြနေဆဲမှာ စစ်ကားတွေက မြို့ထဲလှည့်။ တီဗီလိုင်းတွေတစ်ခုမှမလာပဲ မြဝတီတစ်ခုတည်းက စစ်ချီတေးတွေ အဆက်မပြတ်လွှင့်နေ။ “ငါ အိပ်ပျော်နေတုန်း အိပ်မက်ဆိုးတွေ မက်နေတာလား။” လို့ ကိုယ့်ကိုယ်ကိုယ် မယုံနိုင်တဲ့ အထိပါပဲ။
ဒါ အိပ်မက် မဟုတ်ဘူး။ လက်တွေ့ကို ငရဲကျတာ ဆိုတာကိုတော့ ဖုန်းလိုင်းတွေ ခနပြန်ပွင့်တဲ့အချိန်မှာ ကိုယ့်ဆီကို စိတ်ပူလို့ ဖုန်းဆက်ကြတဲ့သူတွေဆီက သိရပါတယ်။ “လုံခြုံရဲ့လား။ ဘေးကင်းရဲ့လား။”“ပန်ဆယ်လို အရည်ကြို မောင်မောင်အေးတို့တောင်ဖမ်းသွားပြီ။ ဒီတခါဆွဲစိတာ ဆယ်လီတွေပါပါတယ်။ လစ်တော့ လစ်တော့။” နဲ့ တိမ်းဖို့ရှောင်ဖို့ သတိပေးတာပါ။ ဘယ်တတ်နိုင်မလဲ။ ဖမ်းချင်လည်း လာဖမ်းလှည့်ပေါ့။ ကိုယ့်ကိုဖမ်းချင်ရင် PPE လေးတော့ ဝတ်ခဲ့မှရမယ်။ ကိုယ်နေတာ ကိုဗစ်လူနာဆောင်ထဲမှာလေ။ ဘယ်မှလိုက်ရှာစရာမလိုဘူး။ အပြင်လည်း လျှောက်သွားလို့မရဘူး။ ဧရာဝတီစင်တာမှာ မရှိရင် YGH က ကိုဗစ်ခွဲစိတ်ဆောင်မှာ ရှိတယ်။ ကိုဗစ်ဖြစ်ကတည်းက အိမ်တောင်ပြန်လို့မရ။ နေ့ရောညရော မော်နီတာတွေကြည့်လိုက် မှန်ခန်းထဲကအော်လိုက်နဲ့ နေတာ။ ဒါကြောင့်မို့ သူတို့ ကိုယ့်ကို ရှာမရတာ နေပါလိမ့်မယ်။ (more…)