“ချန်ဂင်တို့စခန်း (၁၂)”

ဒီကလေးတွေကို စိတ်အားငယ်မသွားအောင်၊ စိတ်ဓါတ်ကျမသွားအောင် ဘယ်သူ့ကိုမှ အားမကိုးပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် မြဲမြဲမြံမြံ ရပ်တည်နိုင်ဖို့ နည်းပေးလမ်းပြချင်တဲ့ စေတနာနဲ့ ဒီစာကိုရေးပါတယ်။

ဒေါက်တာစိုးမင်း (CDM ဆရာဝန်)

စစ်တပ်ကဖျက်စီးပစ်လိုက်တဲ့ အေငြိမ်းရဲ့ဆေးရုံကလေးကို သူဘယ်လောက်ကြာကြာ ကြိုးစားတည်ဆောက်ခဲ့ရသလဲ မသိပါဘူး။ ကိုယ့်ဆေးရုံကလေးကတော့ အတောင်အလက်စုံဖို့ နှစ်လကြာပါတယ်။ လူကိုယ်တိုင်လာမနေပဲ သွားလိုက်ပြန်လိုက် အလုပ်လုပ်နေရတာက အဲ့ဒီမတိုင်ခင် တစ်လလောက်ကြာတာပါ။ ကိုဗစ်စင်တာသိမ်းပြီး အိမ်ပြန်ပို့ဖို့ စီစဉ်ကြတဲ့အခါ ရွာကလူကြီးတွေက ကိုယ့်အပြန်လမ်းကို စိတ်မချပါဘူး။ ရွာမှာပဲ ဆေးခန်းလေးဖွင့်ပြီး ဆက်နေပါ။ နေရေးစားရေးသာမက လခလည်း ကောင်းကောင်းပေးပါ့မယ် ဆိုသည့်တိုင် ခွဲခန်းမပါတဲ့ ဆာဂျင်ဟာ ဆက်ရက်တောင်ပံကျိုးသက်သက်မျှသာပါပဲ။ အဲ့ဒါနဲ့ ဘယ်နေရာမှာ ဘယ်လိုလုပ်ရမလဲ အကြံထုတ်ရင်း ပစ္စည်းကိရိယာစုဆောင်းတာ အဲ့ဒီအချိန်ကတည်းကပေါ့။ အရာအားလုံးကို ပြည့်ပြည့်စုံစုံနဲ့မှ ခရီးစမယ်ဆိုရင် ကိုယ့်မလည်း ခုချိန်ထိ ကမ်းစပ်မှာပဲ ရှိနေဦးမှာ သေချာတယ်။ မဖြစ်မနေ မရပ်မနား တစိုက်မတ်မတ် ကြိုးစားခဲ့လို့သာ ဒီခရီးထိပေါက်လာခဲ့တာ။

အိပ်စရာနေရာ အိမ်သာ ရေမီး စီစဉ်လို့ပြီးတာနဲ့ စခန်းမှာရွှေ့နေပြီး လူနာလေးတွေ လက်ခံဆေးကုခဲ့တယ်။ လူနာတွေ ကျောခင်းဖို့ အမိုးအကာအောက်က ကုတင်ကလေးတွေ ပြီးတဲ့အခါ အတွင်းလူနာကလေးတွေ ဆေးရုံတင်ကုခဲ့တယ်။ မွေးလူနာတွေမွေးပေးစတုန်းက မွေးခုံတောင် မလုပ်ရသေးပါဘူး။ လူနာစမ်းတဲ့ကုတင်ပေါ်တင် ထုတ်တန်းက ကြိုးလေးတွဲလောင်းခို ညှစ်ခိုင်းပြီး ကလေးကောက်လာခဲ့တာ။ ဘာမဆို လုပ်ရင်းလုပ်ရင်း လိုအပ်သမျှ ပြည့်စုံအောင် စုဆောင်းရတယ်။ ဒီကလူတွေအားလုံး ဆေးကုလိုက်၊ ထမင်းချက်လိုက်၊ ထင်းခွေလိုက်၊ ရေခပ်လိုက်၊ ခွဲခန်းဆောက်ရာ ဝင်ပါလိုက်၊ တစက်ကလေးမှ မနားကြရပါဘူး။

အိမ်ထရံကာဖို့ ကိုယ်ကိုယ်တိုင်က အသားချောင်းတွေ ဝင်ထမ်းနေတာမြင်ရင် ဆေးခန်းလာပြတဲ့ အမယ်ကြီးတွေလည်း ဘယ်နေသာမလဲ။ သူတစ်ချောင်း ငါတစ်ချောင်း ဝင်ဆွဲပြီး အလုပ်ပြီးသွားတာပေါ့။ တကယ်တမ်းကျ အမယ်ကြီးသာဆိုတယ်။ သူတို့က ကိုယ့်ထက်တောင် သန်စွမ်းကြပါသေး။ Initiative ဖြစ်တယ်ဆိုတာ အဲ့ဒါကိုပြောတာ။ ကိုယ်ကစလိုက်ရင် သူများကို ပါလာအောင် ခေါ်နိုင်ရတယ်။

“ဟုတ်ပါတယ်။ ခများချည့်ပဲတော်ပါတယ်။ ခများချည့်ပဲ တတ်ပါတယ်။” လို့ လာမငေါ့နဲ့။ ဘာဖြစ်လို့ ဒီစကား ပြောရသလဲဆိုတာ အကြောင်းရှိတယ်။ ကိုယ်တိုင်ဝင်မလုပ်ပဲ သူများကို လက်ညှိုးလေးနဲ့ ဩဇာပေးတာနဲ့ ဒိုးတူဘောင်ဘက်အတူတူ ဝင်ရုန်းတာ အရွေ့ချင်းမှာ အရမ်းကွာတယ်။ မြေပြင်အခြေအနေကိုလည်း ကိုယ်တိုင်သိရတယ်။ သို့သော် တကယ့်အလုပ်တွေက သူတို့လုပ်မှ ခရီးတွင်တာကိုလည်း နားလည်ထားရတာပေါ့။ သူများရက်ပြီးသား ဝါးထရံချပ်တွေကို ကိုယ်တို့ ဆရာဝန်တွေ အင်ဂျင်နီယာတွေ ကိုယ်တိုင်ထမ်းပြီး ဇလီရိုက်တာ ၂ ရက်ကြာတယ်။ မသပ်ရပ်ဘူး။ အဲ့ဒါ သူတို့ကပ်ခိုင်းလိုက်ရင် နာရီပိုင်းလောက်ဆို ပြီးရော။ လှည့်ကြည့်စရာ​တောင်မလို။ “ဒါဖြင့်လည်း သူတို့ပဲ ကပ်ခိုင်းလိုက်လေ။” ဆိုလည်း မှားလိမ့်မယ်။ ပိုက်ဆံပေးခေါ်တာ မဟုတ်ဘူး။ ကိုယ်တိုင်ဝင်မလုပ်ရင် သူတို့ကလည်း ငုတ်တုတ်ကြည့်နေတာ။ နေ့ချင်းပြန်နဲ့ လာညွှန်ကြားရင် အခုပြီးခဲ့တဲ့အလုပ်ဟာ နောက်တခါလာမှ အဲ့သည်က ပြန်စ။ ကိုယ်မရှိရင် ဘယ်သူမှ လုပ်ထားမှာ မဟုတ်။ အဲ့ဒါကြောင့် နေရာတကာ ဝင်ပါတာ မဟုတ်ပေမယ့် ဘယ်အလုပ်မဆို ကိုယ်တိုင်ပါဝင် လုပ်ကိုင်မှ ပြင်စရာရှိလည်း ကိုယ့်စိတ်တိုင်းကျရအောင် လိုသလို ပြင်ယူလို့ရတာ။

ငါက ဆရာဝန်လေ။ ဆာဂျင်လေ။ ဆရာ ပေးရှင့် အန်ဒါဖြစ်ပါပြီ လို့မေ့ဆေးဆရာဝန်က ဖုန်းဆက်ခေါ်မှ လက်ကလေးဆေး gowns ကလေးဝတ်ပြီး သူများ draping ခင်းပြီးသားကလေး ဓါးကောက်တင်နေကျလေ။ အဲ့သလိုမျိုးနဲ့ လာရင် နားကားသွားမယ်။ အိမ်သာထဲကရေတောင် ခပ်ပြီးသား ရမယ်လို့ ဘယ်သူကမှ အာမမခံနိုင်။ ဘာပဲလိုလို ရန်ကုန်လမ်းညွှန်ထဲမှာ မရှာနဲ့။ ကိုယ့်ဘာသာကိုယ် ရှာဖွေစုဆောင်းထားချေတော့။ ခုလိုအချိန်မျိုးမှာ ဦးဇော်ဝေစိုးကြီးတောင် ခါးနာလို့ ဗိုက်စည်းကြီးပတ်ထားချင်ရင် သူ့ဘာသာသူ ဝယ်ယူရှာဖွေနေရတဲ့အခိုက်မှာ “ငါ ဒီမှာ ဆေးရုံဆောက်နေပြီလေ။ NUG က ဘာမှလည်း လာမကူပေးဘူးလား။ “ လို့ ထအော်နေရင် လူကြားရုံပဲ ရှိပါမယ်။ အော်လည်း မအော်ပါနဲ့။ လူကြားမကောင်းပါဘူး။ ကိုယ်လိုချင်တာ ကိုယ့်ဘာသာကိုယ် ရအောင်လုပ်။ ရတဲ့နည်းနဲ့လုပ်။ မရ မသုံးပဲနေ။ အဲ့သလိုပဲ စိတ်ထဲထားကြရပါမယ်။ (တကယ်တော့ အော်စရာမလိုပဲ လာကူပါတယ်ဗျ။ ဒီစာပိုဒ်ကလေးတင် ဖြတ်တောက်ပြီး “ဆရာစိုးမင်း ပြောပြီလေ။” ဆို ဖွမှာကြောက်လို့ စာမြှောင်ထပ်ကပ်ပေးလိုက်တယ်။ မှတ်ပလား။)

အစကတည်းက ဘယ်သူ့တိုက်တွန်းမှုမှမပါပဲ ကိုယ့်ဘာသာလျှောက်ခဲ့တဲ့လမ်းမှာ ဘယ်သူ့ဆီက အကူအညီ မရလို့ဆိုပြီး နှေးကွေးတုန့်ဆိုင်းနေတာ တစ်ရက်မှ မရှိခဲ့ပါဘူး။ တောထဲကိုရောက်ခဲ့တုန်းကလည်း NUG / CRPH နဲ့ ဆက်သွယ်ပြီး လာခဲ့တာ မဟုတ်ဘူး။ ကိုယ့်ကိုလည်း ဘယ်သူမှ မသိကြဘူး။ ဒီလိုပဲ ရောက်တဲ့အရပ်မှာ ကိုယ့်ကိုယ်ကိုယ် ရှင်သန်အောင် ရုန်းကန်လာခဲ့တာ။ ကိုယ့်မှာပါလာတာဆိုလို့ ကိုယ်သယ်နိုင်သမျှ ကျောပိုးအိပ်တစ်လုံးစာပဲ ရှိတယ်။ CDM ဆရာဝန်တစ်ယောက်ဆိုတာထက် ဘာတစ်ခုမှ အခွင့်ထူးခံလာတာ မရှိဘူး။ ရှူးရှဲနဲ့လည်း စားနိုင်တယ်။ အဝတ် ၃ စုံ ကို ကိုယ်ဝတ်တစ်စုံ လျှော်တစ်စုံ လှန်းတစ်စုံနဲ့ တစ်လခွဲလုံးလုံး နေဖူးတယ်။ အဲ့သလောက် ခြေမဲ့လက်မဲ့ဘဝကနေ ကိုယ်ဖြစ်ချင်တာကို မဖြစ်မချင်း ကိုယ့်ဘာသာ ကြိုးစားလာခဲ့တာ။

ဒါပေမယ့် အခွင့်အခါသာလို့ အခြေအနေပေးလာရင်တော့ မလွတ်တမ်း ဖမ်းဆုပ်ယူခဲ့တာချည့်ပဲ။ တချို့အသီးအပွင့်တွေက အလိုလို ကြွေကျမလာဘူး ဆိုရင် အပင်တက် ခူးရခူးရ၊ တံချူနဲ့ချိုင်ရချိုင်ရ၊ ရအောင်ယူရမှာပဲ။ တောထဲတောင်ထဲ လေးလေးပင်ပင် ခွဲခုံကြီးတွေ မီးစလောင်းကြီးတွေ ကလေးမွေးခုံတွေ လိုချင်တယ်ဆိုရင် ကိုယ့်တစ်ယောက်တည်း အားနဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ။ အဲ့ဒီအခါမျိုးကျ NUG ဆီ ဆက်သွယ်ပြီး လိုချင်တယ် ဝယ်ပေးပါ ပူဆာလိုက်ရင် သူတို့လည်း ဘယ်နေမလဲ။ ပေးရှာပါတယ်။ ပါးစပ်ပြောကလေးနဲ့ မတောင်းပဲ လက်တွေ့ အလုပ်လုပ်ပြဖို့သာ လိုတာပါ။

“NUG က PDF တွေကို လက်နက်မဝယ်ပေးဘူးလား။ ကလေးတွေကို စစ်မြေပြင်မှာ မီးကျိုးမောင်းပျက်တွေနဲ့ အသေခံဖို့ စတေးနေတာလား။” ဆိုတဲ့ ပေါက်ကွဲသံတွေ နေ့တိုင်းဖတ်နေရတော့ ဟုတ်များဟုတ်နေမလားလို့ ကြောက်မိတယ်။ “အို မဟုတ်ရပါဘူးနော်။ ဟိုတစ်နေ့တုန်းကတောင် ကယားအတွက် လက်နက် ဘယ်နှစ်သိန်းဖိုး၊ ကရင်အတွက် လက်နက် ဘယ်နှစ်သိန်းဖိုး ဘယ်သူ့လက်ထဲကို အပ်ခဲ့ပါတယ်။” လို့ အမှန်ကိုအမှန်အတိုင်း ပြန်ရှင်းပြမှာကို ပိုလို့တောင် ကြောက်ရပါသေးတယ်။ “မကြောက်ပါနဲ့။ ဘယ်တုန်းကမှ လာမဝယ်ပေးဖူးပါဘူး။” လို့ လာမန့်ပြီး ဂျာအေး သူ့အမေရိုက်နေမှာတော့ အကြောက်ဆုံးပါပဲဗျာ။

ကလေးတွေက ငယ်သေးတော့ စိတ်အားအတက်အကျ မြန်တယ်။ တကယ်ဆို သူတို့ခမျာ ကိုယ့်သားသမီးအရွယ်ကလေးတွေပဲ ရှိသေးတာ။ လူတိုင်း စိတ်ဒဏ်ရာကိုယ်စီနဲ့ မိဝေးဖဝေး တောထဲတောင်ထဲမှာ စစ်သင်တန်း လာတက်နေကြရတာ အင်မတန် သနားစရာကောင်းတယ်။ ပင်ပန်းဆင်းရဲမှုတွေကလည်း စာဖွဲ့လို့ မကုန်နိုင်ဘူး။ သူတို့ဖြစ်စေချင်တဲ့အတိုင်း “ဒီမှာ။ ရော့။ လက်နက်တွေ။ ဒီလိုပစ်ရတယ်နော်။ အင့်။ ပစ်ကြည့်စမ်း။ ဒိုင်းညှောင့်။ ရပြီ။ သွား။ တိုက်ချေတော့။” လို့ လွှတ်လိုက်ရမှာလား။ အဲ့သလိုတော့ မဖြစ်သေးဘူးလေ။ စခန်းက သင်တန်းဆင်းပြီးပြန်သွားတဲ့ကလေးတွေကို ဂိတ်မှာတင် စောင့်ဖမ်းပြီး လူမဆန်အောင်နှိပ်စက်တယ် ခေါင်းဖြတ်ပြီး စခန်းကို ပြန်ပို့တယ်ဆိုတာ လှထုံတို့ရွာမှာကတည်းက ရေးခဲ့ပြီးပြီ။ ပုံပြင်မဟုတ်ဘူး။ ကိုယ်တွေ့။

ဒီကလေးတွေကို စိတ်အားငယ်မသွားအောင်၊ စိတ်ဓါတ်ကျမသွားအောင် ဘယ်သူ့ကိုမှ အားမကိုးပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် မြဲမြဲမြံမြံ ရပ်တည်နိုင်ဖို့ နည်းပေးလမ်းပြချင်တဲ့ စေတနာနဲ့ ဒီစာကိုရေးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြော်ငြာဝင်ဖို့ ဘယ်တုန်းကမှ စိတ်မကူးဘူး။ ဘယ်သူ့ဘက်မှလည်း ရှေ့နေမလိုက်ဘူး။ NUG ပဲဖြစ်ဖြစ်၊ နိုင်ငံတကာအကူအညီပဲဖြစ်ဖြစ်၊ ကိုယ့်လမ်းကိုယ် မှန်အောင်လျှောက်နေရင် တချိန်ချိန်မှာ လမ်းချင်းတူတဲ့အတွက် လူချင်းတွေ့ကြမှာ မလွဲဘူး။ အဲ့ဒီအခါကျလည်း သွေးသောက်ရောင်းရင်းချင်း ဘယ်သူကမှ မရိုင်းပင်းပဲ မနေပါဘူး။ အကူအညီဆိုတာ လာရင်ကောင်းတယ်။ မလာလည်း ကိစ္စမရှိ။ ကိုယ့်အားကိုယ်ကိုးမယ် လို့ စိတ်ပိုင်းဖြတ်ထားလိုက်ရင် ခေါင်းထဲမှာ တော်တော်ပေါ့သွားတာ။ အရေးကြီးတာ ကိုယ့်ကိုယ်ကိုယ် ရှင်သန်အောင်နေဖို့။ ကိုယ်လုပ်ချင်တာ ဘာမှန်းသိပြီး မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြစ်အောင်လုပ်ဖို့ပါပဲ။ ခရီးဝင်္ကပါဆိုတာ ရှည်ကြာသည်နှင့်အမျှ မျက်စိမှောက်နားမှောက် မှောက်တတ်တယ်။ ကိုယ်သွားလိုတဲ့အရပ်ကို သံလိုက်အိမ်မြှောင်ကလေးသုံးလို့ ချင့်ချိန်တတ်တော့ လမ်းမပျောက်ဘူးပေါ့။

ဒီဆေးရုံကလေး ဆောက်ရတာ သူတို့ကလေးတွေ ဒဏ်ရာအနာတရရှိရင် ကိုယ်တတ်တဲ့ပညာနဲ့ ကုစားပေးချင်လို့ အဓိကပဲ။ ပါးစပ်ပြောနဲ့ သနားတာ မဟုတ်ဘူး။ ရင်ထဲအသည်းထဲကကို သားသမီးချင်း စာနာလို့ သနားတယ်။ တချို့ကလေးတွေက သူတို့မျက်နှာပေါ်မှာကို တက်တူးထိုးထားတာ။ “အမေစုကို ချစ်တယ်” တဲ့။ ဘယ်ဘက်ရင်အုံက နှလုံးသားတည့်တည့်မှာ အမေစုပုံ တက်တူးထိုးထားတဲ့သူလည်း ရှိတယ်။ အဲ့ဒီကလေးတွေ အပြင်မှာ အမေစုကို မြင်တောင်မမြင်ဖူးကြပါဘူး။ သူတို့စိတ်ထဲမှာ ဒီအမေကို လူ့တိရိစ္ဆာန်တွေလက်က လွတ်မြောက်အောင် ကယ်တင်မယ် ဆိုတဲ့စိတ်ပဲ ရှိတယ်။ မိုးရွာရင် မိုးရေချိုးမယ်။ မေမေလာရင် ဓါတ်ပုံတွဲရိုက်မယ် ဆိုတဲ့ အစားမျိုး မဟုတ်ကြဘူး။ အဲ့ဒီကလေးတွေ အရေးအကြောင်းကြုံလို့ ဆေးကုပေးနိုင်တာကို ဝမ်းသာလို့မဆုံး။ ကိုယ်လည်း သူတို့ကို ဘယ်သူဘယ်ဝါလို့ မသိ။ သူတို့လည်း ကိုယ့်ကို ဘယ်သူဘယ်ဝါမှန်း မသိ။ ဒါပေသိ သေရာပါအောင် မမေ့နိုင်တော့တာ သေချာတယ်။ လောကကြီး ဒီလိုလူတွေလည်း ရှိပေသေးသကိုးပေါ့။

တောထဲက ဘဝတွေဟာ ကြမ်းတမ်းပါတယ်။ မငြင်းလိုပါဘူး။ ကိုယ်တိုင်လည်း နေထိုင်ဖြတ်သန်းနေတာ အများအသိပါ။ ကိုယ်ငယ်ငယ်က ကိုယ့်အဖိုးလေး ကွန်မြူနစ်ပါတီထဲဝင်ပြီး တောခိုသွားတယ်လို့ သိရတုန်းက တနေ့သောအခါ ကိုယ်လည်းပဲ တောခိုရလိမ့်မယ် လို့ ယောင်လို့တောင် အိပ်မက်မမက်ဖူးဘူး။ ဆယ်တန်းအောင်ကာစ တက္ကသိုလ်တက်နေကြတဲ့ ဒီကလေးလေးတွေ တောထဲရောက်နေရတာ ဘယ်လောက် အသည်းနာစရာကောင်းလဲ။ တနေကုန် စစ်သင်တန်းတွေပန်းလို့ ညကျရင် ဂီတာလေးနဲ့ သီချင်းတွေဆိုကြတယ်။ တော်တော်လေးကို ဆိုတတ်တီးတတ်ကြတာ။ သင်တန်းမပြီးမချင်း ဖုန်းပေးမသုံးဘူးလေ။ ညဘက်ကျလည်း အလှည့်ကျ ကင်းစောင့်ရသေးတယ်။ ဒီကလေးတွေ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ဘဝလောကဓံဟာ “ပါပီမ” ထဲမှာ ဝါဒဖြန့်သလိုတော့ ပေါ့သွမ်းသေးသိမ်မနေဘူး။ အဲ့ဒီအကြောင်းတွေကို အချိန်အတိုင်းအတာ တစ်ခုအထိ သူတို့နဲ့အတူ လိုက်ပါနေထိုင်ရင်း ရင်ထဲမှာ သိမ်းလာခဲ့တယ်။ ဒါတွေဟာ အလဟဿမဖြစ်စေရဘူး။ စာပြန်ရေးရမယ်။ သူတို့အတွက် ကိုယ်ဟာသက်သေ၊ ကိုယ့်အတွက် သူတို့ဟာ သက်သေပဲ။

ချန်ဂင်တို့စခန်း အခန်းဆက်ကို ရေးတဲ့အခါ ဒီကလေးတွေလည်းပဲ ဇာတ်လိုက်ဇာတ်ကောင်အဖြစ် ပါဝင်လာတာ သဘာဝကျပါတယ်။ သဘာဝရဲ့ရင်သွေးငယ်ကလေးတွေ မဟုတ်လား။ ဇာတ်နာအောင် ဇွတ်ဖန်တီးထားတာလည်း မပါဘူး။ ဇာတ်ကောင်းအောင် နှပ်ကြောင်းပေးပြီး လုပ်ဇာတ်တွေလည်း မခင်းဘူး။ အရှိကို အရှိအတိုင်းရေးတာ။ ဖတ်တဲ့သူက ရင်ထဲမှာ နာလာတယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း ရင်နာနာနဲ့ ရေးနေတာမို့ပဲ။ ဒီကလေးတွေကတော့ သူတို့ရဲ့ ဘဝနဲ့ အသက်နဲ့ရင်းပြီး ဖြတ်သန်းနေရတာပါလေ။ အဲ့ဒါတွေ စာဖတ်သူနားလည်နိုင်စေဖို့ကတော့ ကိုယ့်တာဝန်ပေါ့နော့။ ဆက်လက်ကြိုးစားပါဦးမယ်။

Red News Agency

By Editor