Tag: CDMဆရာဝန်

  • “ချန်ဂင်တို့စခန်း” (၅)

    “ချန်ဂင်တို့စခန်း” (၅)

    “ငါတို့နိုင်ငံ စစ်တပ်မရှိရင် ဘာဖြစ်သွားမယ် ထင်သလဲ။” လို့ မေးလေ့ရှိတဲ့ ရူးသွပ်ပေါ့သွမ်း မှိုင်းမိနေသူတွေအတွက် “ငါတို့နိုင်ငံ အခုရှိနေတဲ့ စစ်တပ်ကြောင့် ဘာတွေဖြစ်ကုန်သလဲ။” ဆိုတာကို ရှင်းရှင်းနဲ့ဘွင်းဘွင်း မြင်ရအောင် ကိုယ့်မျက်စိရှေ့ တွေ့ခဲ့ကြုံခဲ့သမျှကို လိုင်းပေါ်စာရေးတင်တာပါ”

    ဒေါက်တာစိုးမင်း ( ဆရာဝန်တာ်လှန်ရေးသမား)

    “လူနာလေးတွေများလာပြီ။ စိတ်ချမ်းသာစရာကောင်းတယ်။” လို့ ပြောပြန်ရင်လည်း ဆရာဝန်ဆိုတာ သူများနေထိုင်မကောင်းရှိရင် ဝမ်းသာတတ်တဲ့အမျိုး လို့ ဆိုကြပါလိမ့်မယ်။ ဒါပေမယ့်လည်း သားဖွားဆရာမတောင် ရှာမရတဲ့အရပ်မှာ ဆရာဝန်တွေ ဆေးလာကုနေတာဆိုတော့ နာရေးဖျားရေးဆို သူတို့လည်း အားရဝမ်းသာ လာပြကြတာပဲလေ။ များများလာ များများကုပေးနိုင်တာ ဝမ်းသာရမှာပေါ့။ သို့သော် အလိုလိုနေရင်းတော့ မလာပါဘူးဗျ။ တရွာလုံး မျက်စိဒေါက်ထောက်ကြည့် အရိပ်အကဲခတ်ပြီးမှ လာတာ။ တစ်ယောက် နမူနာ လာပြကြည့်။ ကောင်းတယ်ဆိုမှ နောက်ထပ်အလားတူ လူနာတွေ အဖွဲ့လိုက်ရောက်လာတာ။ မန္တလေးမှာ ထိုးမုန့်ရောင်းသလိုပါပဲ။ အမြည်းအရင်စားကြည့်ပြီး ကြိုက်မှဝယ်မယ့်သဘော။ ဒါပေသိ ဒီက အလကားကျွေးနေတာပါကွယ်။ ပိုက်ဆံလည်း မယူရပါဘူး။ “အလှူငွေ ထည့်ချင်ထည့်သွားကြ။” ဆိုရင် တစ်ထောင်တန် အလိပ်ကလေး ပေးလာတယ်။ ကိုယ်ကတော့ သဘောကျပါတယ်။ ထိုင်းမှာ ဘတ် ၃၀ ဆေးရုံကလေးတွေလိုပေါ့။ ထောင်ပေးလို့ဆုတ် ရာပေးလို့ချုပ် ဒေါက်တာပေါက်ကျိုင်း ကလင်းနစ်ပဲ ထားပါတော့။ သတိုးနဂါးနိုင် ပေါက်ကျိုင်းပါဗျ။ သရေစည်သူဘွဲ့ မလိုချင်ဘူး။ အလကားကျော်စွာဘွဲ့ပဲ လိုချင်တာ။

    “ကျွန်တော်လည်း အလကားပဲ။ ခင်ဗျားလည်း အလကားပဲ။ အလကားလည်း အလကားပဲ။” ဆိုတဲ့ ကာတွန်းကလေး ဖတ်မိကြမလား မသိပါဘူး။ အလကားပေးတိုင်း အလကားရထားတွေ မဟုတ်ပါဘူး။ စကတည်းက ခွဲလူနာလွှဲရင် သိန်း ၂၀-၃၀ ပါမှ ဆေးရုံတက်လို့ရတယ်ဆိုလို့ မခံချင်စိတ်နဲ့ ဆေးရုံထောင်သော်ငြားလည်း အဲ့သလို ဆေးရုံထောင်ဖို့ရော စဉ်ဆက်မပြတ် ကုသဖို့ရာအတွက်ပါ ဘယ်အရာကမှ အလကားမရပါဘူး။ ကိုယ့်ပညာနဲ့ လုပ်အားကို အလကားပေးနိုင်တယ်ဆိုသော်ငြား ကျန်တာအားလုံး ပိုက်ဆံပေးဝယ်ရတာ မဟုတ်လား။ အဲ့ဒီတော့ အလကားကို နည်းနည်းလောက် ဈေးဆစ်ပြီး အလကားမတ်တင်း ကုနိုင်ဖို့ စေတနာထက်သန်သော ကိုယ့်အပေါ် ယုံကြည်မှုရှိသော အရင်းအမြစ်အားလုံးကို မှီခိုအားကိုးရပါတယ်။

    (more…)

  • “ချန်ဂင်တို့စခန်း” (၄)

    “ချန်ဂင်တို့စခန်း” (၄)

    နေရောင်ခြည်ရဲ့အရသာ လရောင်ဖြာတဲ့ အလှအပဆိုတာ စာဖွဲ့လို့မကုန်မှန်း ကိုယ်တိုင်ခံစားရလိမ့်မယ်။ ဒီကာလကတော့ နေ့နေ့ညည မီးပုံဘေး လက်ထိုင်ကင်နေရတာ လူတောင် ကြပ်ခိုးတွေစွဲနေပလား မသိ။ စခန်းရောက်ကာစကဆို မီးကိုလုပ်ကျွေးသော ဆာဒူးကြီးအလားပဲ။ အိမ်ပတ်ပတ်လည် ထင်းခြောက်တွေ လိုက်ကောက်ပြီး မီးပုံထဲ မပြတ်ထည့်ပေးနေရတာ။ သွားရင်းလာရင်း သစ်ခြောက်ဝါးခြောက် မြင်မြင်သမျှ ကောက်ကောက်သယ်လာတာ ထင်းဆိုက်ဖို့။ 

    ဒေါက်တာစိုးမင်း ( ဆရာဝန်တော်လှန်ရေးသမား)

    လူနာတွေကို ဆေးကုပေးတဲ့ အကျိုးအားကြောင့် ယာထဲအခင်းထဲကထွက်တဲ့ ကောက်ပဲသီးနှံကလေးတွေ လာလာပေးကြပါတယ်။ အရင်လကမှ ကောက်သစ်စားပွဲ လုပ်ထားကြတာ မဟုတ်လား။ ကောက်ညှင်းဆန်တွေဟာ ထမင်းချက်သလိုချက်စားလို့ မရမှန်း ခုမှပဲ သိတော့တယ်။ ကောက်ညှင်းကျည်တောက်ကတော့ လုပ်စားစရာမလို။ လုပ်ပြီးသားလေးတွေ ပေါလွန်းလို့။ ရွာကလူကြုံလာရင် ပေါင်းချောင်ယူခဲ့ပါ လို့ မှာရတယ်။ ပေါင်းစားကြမယ်။ ပေါင်းစားကြမယ်လေ။ သူတို့အရပ် သူတို့ဇာတ်ကတော့ ပေါင်းရုံနဲ့ အားမရလို့ ထောင်းကိုစားကြတာ။ ခေါပုတ်ထောင်း၊ ခေါပုတ်ကင်၊ ခေါပုတ်ကြော်၊ ခေါဆီ။ ဝါးရသက်သာတယ်ဗျ။ ဒီက မနက်စာဆိုတာ ခေါပုတ်တလှည့် ခေါက်ဆွဲတလှည့်ပဲ။ ဆရာဝန်ဆိုတာ ကောက်သစ်ပေါ်ဦးနှင့် အထူးတလည် ဧည့်ခံထိုက်သော ဧည့်ကောင်းစောင်ကောင်းလို့ သဘောထားကြတယ်နော်။ သာဓုပါဗျာ။ သာဓု သာဓု။

    တဘက်မှာ စာရေးတဲ့ အကျိုးကျေးဇူးကိုလည်း ကိုယ်တို့ ခံစားရပါတယ်။ တနေ့တနေ့ “လှူချင်နေပါပြီနော်။ ဘာနဲ့ ယူမလဲ ပြောပါ။” ဆိုတဲ့ စေတနာရှင် မိတ်ဆွေသူငယ်ချင်းများစွာကြောင့် လိုရာပြည့်စုံပြီး စိတ်ချမ်းသာရပါတယ်။ ပို့သသောမေတ္တာများကိုလည်း အေးချမ်းစွာ ခံစားရရှိပါတယ်။ လူအားနဲ့ပါ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကူညီ အားဖြည့်လိုပါတယ် ဆိုတဲ့စကားတွေ ကြားရတာ အတိုင်းထက် အလွန်ပါပဲ။ ထောက်ပို့ပစ္စည်းတွေရောက်မယ်၊ စစ်ကူလာမယ်ဆို အားတက်သွားရတာပေါ့။

    (more…)

  • “ချန်ဂင်တို့စခန်း” (၃)

    “ချန်ဂင်တို့စခန်း” (၃)

    နောင်တချိန်ကျရင် တို့ရွာမှာ CDM လုပ်တဲ့ ဆရာဝန် ဆရာမလေးတွေ ဆေးလာကုသွားကြတဲ့ ဆေးရုံကလေးလို့ ရင်ထဲမှာ အမှတ်ထင်ထင် ရှိသွားကြမှာပေါ့နော်။ ဆရာ ကျေနပ်ပါတယ်။ “ဗိုလ်ကြီးတို့လာမှ ကျွန်မတို့ရွာလည်း ပြာကျသွားရော။” ဆိုတာမျိုးမှ မဟုတ်တာ။ ကိုယ်တို့က လာခြင်းကောင်းတယ်လေ။ အသက်ရှည်ရာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဆိုတာတွေက ဆရာဝန်တွေ ရှိခြင်း မရှိခြင်းနဲ့လည်း ဆိုင်တယ်နော်။

    ဒေါက်တာစိုးမင်း (ဆရာဝန်တော်လှန်ရေးသမား) 

    ဆရာဝန်တွေဟာ ဆေးကုတဲ့ အလုပ်အပြင် နောက်ထပ် အတတ်ပညာတစ်ခုခု တွဲလာတဲ့အခါမှာ (ဥပမာ ဆရာဝန်အဆိုတော်၊ ဆရာဝန်ရုပ်ရှင်မင်းသား၊ ဆရာဝန်စာရေးဆရာတို့လိုမျိုး) ဘယ်အရာကို အဓိကထားမှာလဲ မဖြစ်မနေ ရွေးချယ်ရပါတယ်။ ဆေးမကုတတ်မှာစိုးလို့ တခြားအလုပ် ပေးမလုပ်တာ မဟုတ်ပါဘူး။ ဆေးကုတဲ့အခါမှာ ဆရာဝန်-လူနာ ဆက်ဆံရေးထဲကို မဆိုင်တဲ့သက်ရောက်မှုတွေ အနှောက်အယှက် ဖြစ်မှာစိုးလို့ပါ။ စဉ်းစားကြည့်လေ။ ဦးဦးစိုးသူတို့၊ မမဖြူဖြူကျော်သိန်းတို့ဆို ဆေးရုံကို အမှတ်တမဲ့ ရောက်လာရင်တောင်မှ လူတွေက “ဟိုမှာကြည့်စမ်း။ ဟိုမှာကြည့်စမ်း။” နဲ့ အုတ်အော်သောင်းနင်း နောက်ကလိုက်ကြမှာ မဟုတ်လား။ ဆရာဝန်လုပ်ပြီး ရုပ်အရမ်းကြီးချောနေရင်ကို ဆေးကုရတာ မလွတ်လပ်တော့ဘူး။ အရိပ်တကြည့်ကြည့် အောက်မှာ မွန်းကြပ်တာကိုး။ ဒါသည်ပင် ကိုယ့်အားနည်းချက် ဖြစ်တော့သည်လေ။ ဆရာဝန်လုပ်ပြီး စာရေးတဲ့အခါမှာ လူနာတွေက လုပ်ဖော်ကိုင်ဖက်တွေက “သူရေးတဲ့အထဲများ ပါသွားမှဖြင့်ကွယ်။” ဆို စိတ်တထင့်ထင့် မဖြစ်စေချင်လို့ပါ။ ဖေ့စ်ဘုတ်ပေါ်က ကိုယ်နဲ့ ဆေးရုံပေါ်ကကိုယ်ဟာ အဆုံခန်း တစ်ခန်းမှမပါတဲ့ နှစ်ကိုယ်ခွဲ ဇာတ်ကောင်တွေပဲ ဖြစ်ချင်တာ။ ဒါကြောင့်မို့လို့ အကောင့်ထဲမှာ ခွီချင်သလောက်ခွီ၊ စွာချင်သလောက်စွာ၊ ဆေးရုံမှာတွေ့တဲ့အခါ “သူမဟုတ်တဲ့အတိုင်းပဲ။” လို့ အပြောခံရအောင် နှုတ်ဆိပ်အေးဆေးနေတာပါ။ ဆရာဝန်အလုပ်ကို ဦးစားပေးမိတာကိုး။

    အခုတော့ ဆရာဝန်တော်လှန်ရေးသမားဘဝမှာ အင်မတန်မှကို သိုသိပ်စွာ နေနိုင်မှ ဘေးရန်တွင်းပြင် ကင်းစင် ဖြစ်တော့မည်လေ။ လိုင်းပေါ်ကလူတွေက မကြာခဏ “ညောင်ပင်တစ္ဆေ ဝေလေလေ နင်ဘယ်ကိုင်းမှာနေ။” လို့ မေးရင်လည်း လိုကေးရှင်းကို အတိအကျ မပြဝံ့ဘူး။ ကိုယ်ဆေးကုနေတဲ့လူနာတွေက “ဖလန်းလကွက်လေး ပို့ထားတယ် ဆာ။ အက်ပေးပါဦး။ ဆိုလည်း “လာထား။ အာဘွား။” မလုပ်နိုင်ပါဘူး။ လှထုံတို့ရွာမှာ ဘာဖြစ်လို့ လှထုံခေါ်သလဲ သိပြီလား။ အမည်မဖော်လိုသူမို့ပေါ့။ ရွာကိုမှ အမည်မဖော်တာ မဟုတ်ဘူး။ ဆရာကိုလည်း အမည်မဖော်ဘူး။ ရွာကလူတွေ ကိုယ့်ကို နံမည်တောင် မသိဘူး။ ဆရာကြီးပဲ ခေါ်ကြတာ။ ဒါနဲ့များ နံမည်ကြီးချင်လို့ ဒီအလုပ်လုပ်တယ် ထင်နေသူတွေကို ဟဟချည့်ပဲ အမြှောက်တစ်သိန်း ပေးပစ်မယ်။ နံမည်ကြီးဖို့နေနေသာသာ ဒီက နံမည်တောင် အသိခံချင်တာ မဟုတ်ဘူး။

    (more…)

  • “ချန်ဂင်တို့စခန်း” (၂)

    “ချန်ဂင်တို့စခန်း” (၂)

    တိုင်းပြည်ကို ကာကွယ်ရမယ့်စစ်တပ်က အာဏာရှင်ကိုကာကွယ်ပြီး ပြည်သူကိုအကြမ်းဖက်သတ်ဖြတ်နေလို့ ဒီဘဝရောက်လာရတဲ့ဟာ။ ကိုယ်တို့အတွက် အန္တရာယ်ပေးမယ့်သူဟာ ဗမာစစ်တပ်ကလွဲလို့ တခြားသူ မရှိဘူး။ ကောင်းခါးက ဆရာမလေးနှစ်ယောက်တောင် တသက်လုံး KIA တွေအောက်နေတုန်းကအကောင်း။ ဗမာစစ်တပ် တစ်ညလာအိပ်တာနဲ့ အဲ့သလိုဖြစ်သွားတာ မဟုတ်လား

     

    ဒေါက်တာ စိုးမင်း ( CDM ဆရာဝန်)

    ဆရာမင်းလူရဲ့ ပရိသတ်တိုင်းက လှထုံကို ရင်းနှီးသလိုပဲ ကိုရီးယားဇာတ်လမ်းတွဲ ကြည့်သူတွေကိုလည်း ချန်ဂင်နဲ့ မိတ်ဆက်ပေးစရာ မလိုပါဘူး။ ဆေးကုလိုက် အစားအသောက်တွေ ချက်လိုက် လုပ်နေတဲ့ နန်းတွင်းသမားတော်ကလေးမှန်း လူတိုင်းသိပါတယ်။ အခုလည်း ကိုယ်တို့အဖွဲ့သားတွေ အဲ့ဒီအလုပ်ပဲ လုပ်နေကြတာ မဟုတ်လား။ နန်းတွင်းရေး အရှုပ်အထွေးတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ကိုယ့်အသက်မွေးမှုအတတ်ပညာဖြစ်တဲ့ ဆေးကုတဲ့အလုပ်ကို အားသွန်ခွန်စိုက် လုပ်နေတဲ့ ချန်ဂင်ဆိုတာ ဘယ်သူများပါလိမ့် လို့ သိချင်ရင် ကိုယ်တို့စခန်းက ဆရာဝန် ဆရာမ အားလုံးကို လက်ညှိုးထိုးပြလို့ ရပါတယ်။ နောက်ထပ် ချန်ဂင်ဖြစ်ချင်တဲ့သူတွေလည်းပဲ အတူတကွ လာရောက်ပူးပေါင်းလို့ ရသေးတယ်နော်။ အကြီးတွေက အငယ်တွေကို သင်ရင်းပြရင်း လက်တွဲခေါ်မှာပေါ့။ စိတ်တူသဘောတူ ဖြစ်ဖို့သာလိုရင်းပဲ။ ဒါမှလည်း ပျော်စရာကောင်းမှာကိုး။

    စခန်းကို ရွာမှာမရွေးပဲ တောထဲဝင်ခိုရတဲ့အကြောင်းကတော့ ကိုယ်တို့အားလုံးရဲ့ အသက်အန္တရာယ် လုံခြုံရေးကြောင့်ပါ။ CDM တွေကို တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းပဲ ဖမ်းဆီးသတ်ဖြတ် စစ်ဆေးစီရင်ခွင့် ပေးထားလိုက်ပြီ ဆိုတဲ့ အမိန့်သက်သက်ကြောင့် မဟုတ်ပါဘူး။ ဟိုးအရင် ဦးသိန်းစိန်လက်ထက်မှာတုန်းက ကောင်းခါးရွာက သူနာပြုဆရာမလေးနှစ်ယောက် မုဒိန်းကျင့်ပြီး အသတ်ခံရတဲ့ အဖြစ်ဆိုးမျိုး ကိုယ့်မျက်စိအောက်မှာ မကြုံချင်လို့ပါ။ ကိုယ်နဲ့အတူတူ အလုပ်လာလုပ်မယ့်သူတွေရဲ့ လုံခြုံရေးအတွက် ကိုယ့်မှာ တာဝန်ရှိတယ်။ မင့်ဟာကလည်း အစိုးရလက်အောက်က ထွက်ပြေးပြီး တောထဲတောင်ထဲ သွားမှ လုံခြုံရမယ်လို့ ပြောင်းပြန်တွေဖြစ်နေပြီ လို့ ပြောစရာပေါ့နော်။ ခေတ်ကိုက ပြောင်းပြန်ဖြစ်နေတဲ့ အခါသမယလေ။ တိုင်းပြည်ကို ကာကွယ်ရမယ့်စစ်တပ်က အာဏာရှင်ကိုကာကွယ်ပြီး ပြည်သူကိုအကြမ်းဖက်သတ်ဖြတ်နေလို့ ဒီဘဝရောက်လာရတဲ့ဟာ။ ကိုယ်တို့အတွက် အန္တရာယ်ပေးမယ့်သူဟာ ဗမာစစ်တပ်ကလွဲလို့ တခြားသူ မရှိဘူး။ ကောင်းခါးက ဆရာမလေးနှစ်ယောက်တောင် တသက်လုံး KIA တွေအောက်နေတုန်းကအကောင်း။ ဗမာစစ်တပ် တစ်ညလာအိပ်တာနဲ့ အဲ့သလိုဖြစ်သွားတာ မဟုတ်လား။ မူကြိုကလေးလေးကိုတောင် တရားမျှတမှုပြန်မပေးနိုင်တဲ့ စစ်သားလူထွက် အုပ်ချုပ်မှုနဲ့ လွတ်အောင်နေမှပဲ ဖြစ်တော့မယ်။ ဒါကြောင့်မို့လို့ ကြက်ဖတိန်ညင် တောကိုဝင်တာ။ မောင်ရင်လာတော့ လေးနဲ့မပစ်အောင်လည်း ဆိုင်ရာပိုင်ရာကို အစောင့်အရှောက် လုံခြုံရေးပေးနိုင်ဖို့ အစစအရာရာလည်း စီမံရသေးတာပေါ့။ Safety first ဆိုတာ ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ ကိုယ့်တစ်ဖွဲ့သားလုံးအတွက် ဖြစ်လာပြီ။ ခုချိန်ခါမှာ အနယ်နယ်အရပ်ရပ်က ကိုယ့်ဆီကို လာချင်ပါတယ် လည်ချင်ပါသူ ဆိုရင် သေချာလေးတော့ ပြန်စဉ်းစားစေချင်တယ်။ ပိုင်တံခွန်တို့ ထားထက်ထက်တို့လို နုနုနယ်နယ်လေးတွေဆို မခေါ်ရက်ဘူး။ နေများခလို့ မေ့အသားမလှရင် ခက်ရချည်ရဲ့။

    (more…)

  • “ချန်ဂင်တို့စခန်း”

    “ချန်ဂင်တို့စခန်း”

    ကိုယ်တွေကတော့ နောက်ကြောင်းပြန်လှည့်ဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိပါဘူး။ သူတို့ ဘယ်လိုပဲ တားမြစ်ပိတ်ပင်သည်ဖြစ်စေ ဆေးကုတဲ့အလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်နေတယ်။ မဲဇာထက်ပို၍ဝေးသောအရပ် လှထုံတို့ရွာမှာ ကိုဗစ်စင်တာဖွင့်ခဲ့တယ်။ အခု အဲ့ဒီရွာထက် ပို၍ခေါင်သော တောအစပ်မှာ ကိုယ်ထူကိုယ်ထ ဆေးရုံတစ်ခု ထောင်ရပြန်ပေါ့။

    ဒေါက်တာစိုးမင်း

    တော်လှန်ရေးကာလတလျှောက် ကိုယ်ဘယ်လိုရပ်တည်ရှင်သန်ခဲ့သလဲ ပြန်တွေးကြည့်ရင် ဘာမှထွေထွေထူးထူး မရှိပါဘူး။ စစ်အုပ်စုမှအပ သန်း ၅၀ ခန့်သော အရပ်သားပြည်သူထဲက တစ်ယောက် အနေနဲ့ပဲ ခိုင်ခိုင်မာမာ ဆန့်ကျင်တော်လှန်နေတာပါ။ လှုံ့ဆော်သူလည်း မဟုတ်။ ဦးဆောင်သူလည်း မဟုတ်။ ပဲ့ကိုင်လမ်းညွှန် ထိန်းကြောင်းသူလည်း မဟုတ်ပါဘူး။ တော်လှန်ရေး ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်းထဲမလည်း စာရင်းမဝင် အင်းမဝင်ပါ။ “ဒါနဲ့များ မင်းက ဘာကိစ္စနဲ့ ဖျာအရှည်ကြီး ဝင်ခင်းရသလဲ” ဆိုရင် ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်သန်ရာစွမ်းရာ ကဏ္ဍကနေ ခေတ်ရဲ့ဝန်ကို ဝင်ထမ်းခြင်း ဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက် ဖြစ်တဲ့အတွက် ပြည်သူဘက်က ဆေးကုတယ်။ စာရေးသူ တစ်ယောက် ဖြစ်တဲ့အတွက် လက်တွေ့ဖြတ်သန်းလာရတဲ့ မျက်စိအောက်က တော်လှန်ရေးဖြစ်စဉ်တွေကို မှတ်တမ်းမှတ်ရာ ချန်တယ်။ နောင်တချိန်မှာ သက်သေ အထောက်အထား သမိုင်းဖြစ်ရပ်အနေနဲ့ ခိုင်မာစေချင်လို့ ဂျင်းတွေမရောဘူး။ ဆယ်လီဖြစ်ပြီဟဆိုပြီး ဈေးရောင်းမစားပေမယ့် အလှူငွေတော့ ရအောင်ရှာပြီး ထောက်ပံ့တယ်။

    “နံမည်ကြီးချင်တယ် လောက်တော့ လုပ်လိုက်ပါ။ ယူက ပန်ဆယ်လိုတို့ အေငြိမ်းတို့ လုပ်သမျှ ကော်ပီကက်လုပ်ပြီး ပုံတူကူးချနေတာပဲ။” လို့ ဟိုဘက်ကလူတွေက တိုက်ခိုက်ပါလိမ့်မယ်။ ခရက်ဒစ်မပေးပဲ ကော်ပီယူတဲ့ စာရေးဆရာမလေးတွေ ပြောသလို ပြောရမှာဖြင့် “အို မဟုတ်ပါဘူး။ တိုက်ဆိုင်သွားတာပါ။ ဆင်တူသွားတာပါ။” ပေါ့။ ဘာဖြစ်လို့ အဲ့သလိုဖြစ်ရသလဲ ဆိုတော့ သူတို့ရော ကိုယ်ပါ တော်လှန်ရေးရေစီးကြောင်းထဲမှာ အတူတကွ တိုက်စားမျောပါသွားသူတွေ ဖြစ်တဲ့အတွက် တူညီတဲ့ အချိုးအကွေ့တွေမှာ တူညီတဲ့ရပ်တည်ချက် ဓါတ်ခံ ရှိသူတွေချင်း တုန့်ပြန်မှု ဆင်တူနေတာပါ။ ကိုယ့်လိုပဲ ခရီးများအဆုံးထိလျှောက်မယ့် CDM ဆရာဝန်တွေအားလုံး အခု ကိုယ်လုပ်နေတဲ့ အလုပ်တွေ လုပ်ဖူးကြပါတယ်။ လုပ်နေကြပါတယ်။ ခရေစေ့တွင်းကျ အစီရင်ခံမနေတာ တစ်ခုပဲ ကွာတာပါ။ လုပ်ငန်းခွင်က စွန့်ခွါကြတယ်။ သို့သော် လက်လှမ်းမီရာမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးဆက်ကုတယ်။ ဆန္ဒပြသူတွေကို အကြမ်းဖက်သတ်ဖြတ်တဲ့အခါ ဆေးတပ်ဖွဲ့အနေနဲ့ ပါဝင်ကြတယ်။ နေအိမ်မှာ မလုံခြုံတဲ့အတွက် ပုန်းကွယ်နေထိုင်ရတယ်။ ဇာတိရပ်ရွာမှာ ရှာဖွေဖမ်းဆီးတဲ့အခါ လွတ်မြောက်နယ်မြေကို စွန့်စားထွက်ခွါရတယ်။ ကပ်ရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုဗစ်စင်တာတွေမှာ ဝင်ဦးဆောင်ရတယ်။ အဲ့ဒီနောက် လွတ်မြောက်နယ်မြေက ဆေးရုံဆေးခန်းတွေမှာ တတ်တဲ့ပညာနဲ့ ဝင်ဆေးကုကြတယ်။ အဲ့ဒီဆင့်ကဲဖြစ်စဉ် အဆင့်ဆင့်က တနေရာရာမှာ လက်လျှော့ရပ်တန့်မသွားဘူး ဒါမှမဟုတ် ထိခိုက်ပဲ့ကျန်ရစ်ခဲ့တာ မဟုတ်ဘူး ဆိုရင် တချိန်မှာ ဒီဘူတာကိုပဲ လာဆိုက်စရာ ရှိပါတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ အများကြီးပါ။ အရပ်ဒေသ အသီးသီးမှာ ဆေးတပ်စခန်းလေးတွေဖွင့်ပြီး ခွဲစိတ်ကုသနေကြပါတယ်။

    (more…)