RNA_မတ်(၂၄)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးခန်း၌ ဆေးကုသနေစဉ် မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက လေကြောင်းဗုံးကြဲခံရမှုအတွင်း သေဆုံးသွားခဲ့ရသော ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့အား CDM အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုသည်ဟု NUG ကျန်းမာရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ထားသည်။
ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့သည်၂၀၂၁ ခုနှစ်၊ စစ်အာဏာမသိမ်းခင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန်နှင့် အထက်တန်းသူနာပြုများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ပြုလုပ်ကာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများအတွင်း လိုက်လံဆေးကုသမှုပေးနေသူဖြစ်သည်။
နှမ်းခါးကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေါက်တာမြစိုးအောင် (အသက် ၄၀ နှစ်)၊ လေးလသားအရွယ် ကိုယ်ဝန်လွယ်ထားသည့် ဇနီးဖြစ်သူ အထက်တန်းသူနာပြု ဒေါ်ခိုင်နှင်းဝေ (အသက် ၃၉ နှစ်)၊ သားဖြစ်သူ (အသက် ၅ နှစ်) အပါအဝင် လူနာ၊ လူနာစောင့်နှင့် ပြည်သူ (၈) ဦး၊ စုစုပေါင်း (၁၁) ဦး သေဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဒေါက်တာမြစိုးအောင်သည် ဆေးခန်းလာ လူနာများအား ဆေးကုသမှု ဆောင်ရွက်နေစဉ် အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆေးခန်းအား လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ကျဆုံးသွားသော ကျန်းမာရေးဝန်ထမ်းများအား CDM အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြုအပ်ပြီး သေဆုံးခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ၊ ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။
#RedNewsAgency #REDNEWS #RNA