“ချန်ဂင်တို့စခန်း (၁၃)”

“ငါမှ အုပ်ချုပ်လို့မရရင် နင်တို့တိုင်းပြည် မီးလောင်ပြင်ထဲ နေခဲ့ကြ။” ဆိုတဲ့ စိတ်ယုတ်မာမျိုး။ ၃၁ ဘုံမှာ သူ့ထက်ယုတ်မာတဲ့ သတ္တဝါ အသင်းအပင်း အဖွဲ့အစည်း ဘယ်တုန်းကမှ မရှိဖူးဘူး။ နောင်လည်း ရှိမှာ မဟုတ်ဘူး။ မရှိတော့အောင်ကို မျိုးဖြုတ်ပစ်ရမှာ။

ဒေါက်တာစိုးမင်း (CDM ဆရာဝန်)

ဆောင်းဝင်တုန်းက တော်တော်နဲ့ မိုးမပြတ်ခဲ့ပေမယ့် ဆောင်းကုန်တဲ့အခါ နှင်းက ရုတ်ချည်းပျောက်သွားပါတယ်။ အရင်ရက်တွေတုန်းကမှ ထင်းစကလေးတွေ ကောက်ကောက်ထားပြီး မနက်မီးညမီး ဖိုနေရသေးတယ်။ အခုတပါတ်ထဲလည်းရောက်ရော အနွေးထည်တောင် ညတပိုင်းလေးပဲ လိုတော့တယ်။ စောင်တွေလည်း ပိုလာပြီ။ လူနာတွေအတွက် အလှူရှင်တွေပို့ပေးလိုက်တဲ့ အိပ်ယာခင်း ဂွမ်းကပ်တွေ ဂွမ်းစောင်တွေတောင် ဗီရိုထဲပြန်သိမ်းနေရပြီ။ တသွင်သွင်စီးတဲ့ စမ်းချောင်းကလေးလည်း အရင်ကလောက် မနက်တော့ဘူး။ ကြည်တော့ကြည်ပါသေးတယ်။ ညနေစောင်းရင် ချောင်းထဲမှာ ရေချိုးတဲ့သူတွေ စည်တာပေါ့။ ပြီးခဲ့တဲ့ တစ်ပါတ်လောက်ကဆိုရင် ချောင်းထဲကရေက ရေခဲရေထက်ပိုအေးလို့ ကြာကြာမစိမ်နိုင်ကြဘူး။ အစကတော့ မြွေဆိပ်ဖြေဆေးတွေ ရေခဲသေတ္တာနဲ့ထားရတဲ့ ထိုးဆေးတွေကို ဗူးကလေးနဲ့ အလုံပိတ်ပြီး စမ်းချောင်းထဲမှာ သွားစိမ်ထားမလို့ စဉ်းစားနေတာ။ စိမ့်ပြီးကျဉ်နေအောင် အေးတာကိုး။

ဒီစမ်းရေကလေးကိုပဲ အားကိုးနေရတာပါလေ။ အခုတော့ ရာသီဥတုပူလို့ လူတစ်ယောက်ချင်း ရေအသုံးများလာတာရော၊ ဆေးရုံတက်လူနာတွေ များလာတာကြောင့်ရော၊ ချောင်းရေတွေက ခဏခဏတင်နေရတာပေါ့။ စကော့တလန်မှာ စမ်းချောင်းကလေးတွေက ရေကို ဝီစကီချက်ပြီးရောင်းရင် တကမ္ဘာလုံးက အလုအယက် တန်ဖိုးထားပြီး ဝယ်သောက်ကြသလိုမျိုး ကိုယ်တို့စခန်းက စမ်းရေကလေးကိုလည်း ဂါထာမန္တန်တွေ မန်းကာမှုတ်ကာနဲ့ လူနာတွေကို ဆေးကုပေးလို့ရရင် ဘယ်လောက်ကောင်းမလဲကွယ်။ ဘယ်သူပြောနိုင်မလဲ။ စမ်းရေလေးကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်။ ဆရာဝန်လေး ဆရာမလေးတွေရဲ့ မေတ္တာစိတ်ကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်။ ကိုယ်တို့ကုသမျှ လူနာတွေ အားလုံး သက်သာပျောက်ကင်းခဲ့ကြတယ်။ အဖိတ်အစင်တောင် မရှိဘူး။ တစ်ခုခုတော့ စွမ်းနေတာ ထင်ပါရဲ့။ “ချန်ဂင် ဆေးဘက်ဝင် သောက်ရေသန့်” ဆိုပြီး ရေစစ္စတြီလုပ်ထားရကောင်းနိုးနိုးနော်။

ဖြစ်ချင်တာကို ပြောတာပါဗျာ။ တကယ့်လက်တွေ့မှာတော့ စမ်းရေနဲ့ ဆေးကုလို့ မရသေးတဲ့အတွက် လိုအပ်သမျှ ဆေးဝါးကိရိယာတွေ အဆက်မပြတ်ကို ဝယ်ယူမှာကြားနေပါတယ်။ ကုန်ခန်းတတ်သော လူသုံးကုန်ပစ္စည်းများရဲ့ သဘောသဘာဝအတိုင်းပါပဲ။ အားကိုးအားထားပြုသူ လူနာအရေအတွက် များလာလေလေ၊ “ဟော ရောက်လာပြန်ပြီ။ တပြုံကြီးပဲနော်။” “ဟောဗျာ။ ကုန်ပြန်ပြီလား။ ပြန်ရှာပါဦး။ အထားများမှားသလား။” နဲ့ ဂျာအေး သူ့အမေရိုက်နေတာပဲ။ ကုန်ပေ့စေဟာ။ ကုန်ရင် ထပ်မှာမှာပေါ့။ ဆေးတွေအများကြီး ကုန်တယ်ဆိုတာ လူနာတွေ အများကြီး လာတဲ့သဘော။ လူနာတွေအများကြီးလာတယ်ဆိုတာ တို့ဆေးရုံကလေးကို ရပ်ရွာလူထုက ယုံကြည်အားကိုးတယ် ဆိုတဲ့သဘော။ ဒါဆိုရင် ကိုယ်တို့အပင်ပန်းခံ ကြိုးစားအားထုတ်ခဲ့သမျှဟာ ဓါတ်ဆီဆိုင်က ဆီမှတ်ကလေး လှစ်လှစ် လှစ်လှစ်နဲ့ တက်သလို ကုသိုလ်တရားတွေ စက္ကန့်မဆိုင်းပဲ တိုးပွါးလာနေတဲ့ သဘောပဲပေါ့။ တစ်ခုတော့ ရှိတာပေါ့လေ။ ဆီဖိုးရှင်းတဲ့အခါတိုင်း လည်ချောင်းထဲမှာ တံတွေးနင်သလိုလိုတော့ ဖြစ်တာပ။ ရပါတယ်။ ကိစ္စ မရှိဘူး။ ဒါလေးများ။ ပါးပါးလေးပါ။ အဟင်း။ တကယ်ပြောတာ။ ပါးပါးလေးရယ်။ သိလား။

ပညာတွေပေါ့လေ။ ပညာတွေတိုးတာပေါ့။ ဧရာဝတီစင်တာမှာ အစည်းအဝေးတွေ လုပ်ကြတုန်းက လူနာအဝင်အထွက် အတက်အဆင်း စာရင်းနဲ့ ရင်းနှီးမြှုတ်နှံမှု ကုန်ကျစားရိတ်ကို အချိုးချပြီး ယှဉ်ကြည့်တဲ့အခါ “စီးပွါးရေးအရ ပက်ပက်စက်စက် အရှုံးပေါ်တဲ့ အလုပ်တစ်ခုပါ။ နောက်ထပ် လူအများကြီးလာတက်မှ ကုန်ကျစားရိတ်တွေ ဝန်မျှသွားပြီး တွက်ခြေကိုက်လာမယ်။ ဒါ့ကြောင့် လူနာလက်ခံဖို့ မကြောက်နဲ့။ ရဲရဲသာလက်ခံ။ များများကြီးလက်ခံ။” လို့ ကိုယ်ကပြောတော့ ဘောစိက ရယ်တယ်ဗျ။ “ဒီဆရာကို နောက်ကျရင် ဆေးခန်းထောင်ပေးမှ ဖြစ်တော့မယ်။” တဲ့။ နောက်ပြီးပြောတာပါ။ မထင်ခဲ့ပါဘူး။ အခုတော့ အတည်ကြီးကို ဖြစ်နေတာနော်။ ဆေးခန်းတောင်မှ ပိုက်ဆံမယူပဲ အလကားကုတဲ့ဆေးခန်း။ ဧရာဝတီစင်တာမှာတုန်းကလို “စစ္စတာရေ။ ကုန်ခါနီးပြီ။ စတိုမှာ သွားထုတ်ပေးပါဦး။” ဆိုတာမျိုး လူကလေးတင်စိုက်ကုတာ မဟုတ်ပဲ အစစအရာရာ ကိုယ့်ခေါင်းပေါ်ရွက်ကုရတဲ့ တောထဲကဆေးခန်း။ ဘုရား ဘုရား။ ငါများ ပါးစပ်ဆပ်ဆော့မိလို့ နှုတ်စီးလေသလား မသိ။ အဲ့လိုမှန်းသိ မပြောခဲ့ပေါင်။

ပူတော့လည်း မပူပါဘူးလေ။ ထန်းသမားစို့ဖို့ ထန်းနို့ဆိုတာ ရှာကြံထွက်စမြဲပဲ။ ဆေးမှာတိုင်း ဆေးဖိုးပေးရတာမှ မဟုတ်တာ။ တန်ဆာခတောင် သူတို့ဘက်ကရှင်းပြီး အရောက်ပို့ကြတာ။ တော်ကြာရင်းမှာရင်း တော်ကြာရင်း မှာရင်းနဲ့မို့ ကိုယ်ကသာ တစ်ခါထက်တစ်ခါ အားနာနာလာတာ။ ကိုယ် အလကားပေးတယ်ဆိုပေမယ့် အလှူရှင်တွေ သေရချည်ရဲ့ကွယ်။ လွယ်ရင် သူကြွယ်တောင် မခံနိုင်ဘူးမို့လား။ ချွေတာပါ့မယ်။ ချွေတာကြပါစို့။ မကုန်သင့်တာ မကုန်အောင်။

ဆေးကုတာလည်း ကုတာပေါ့။ ဒါပေသိ ကိုယ်သွားမယ့်လမ်းကလေးတော့ မပျောက်အောင် သတိထားမှဖြစ်မယ်။ မူရင်း အာသီသက “သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေ။” ဆိုပြီး ကုသိုလ်ဖြစ်ဆေးရုံဆောက်ချင်ရုံသက်သက်မှ မဟုတ်တာ။ ဘာတဲ့တုန်း ပရိသတ်ကြီးရဲ့။ ဘာလုပ်ဖို့တုန်း။ ဆေးကုရင်းတော်လှန် တော်လှန်ရင်း ဆေးကုဖို့ မဟုတ်ဘူးလား။ မေ့သွားလို့ မဖြစ်ဘူး။ အဓိက က အဓိကပဲ။ ဟိုလိုမျိုးလုပ်ချင်ရုံဖြင့် ဘာမှအပန်းမကြီးဘူး။ ပစ္စည်းကိရိယာအစုံအလင် အသစ်စက်စက် ခွဲစိတ်ခန်းကြီး ဆာဂျင်မရှိလို့ သော့ပိတ်ထားတာ ဒီအရပ်မှာ မြင်ခဲ့ပြီးပြီးသား။ ဆျာတော်ဖျားရဲ့ မေတ္တာရိပ်နဲ့ ကိုယ်နဲ့က ပြဒါးတစ်လမ်း သံတစ်လမ်းမို့သာ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ်ဖောက်ခဲ့တာ။

အဲ့တော့ ရှင်ဖျားတို့ အောက်ပြည်ဆို လှေတော်ထိုးတဲ့ဆီ ပိုးလည်း မမှာပျစီနဲ့တော့။ ကိုယ့်မွေးရပ် အညာဆီတင် ဝါချည်မျှင်တစ်ပင်ရစ်ပါ့မယ်။ ဒီက ကလေးတွေ ကိုယ်မကုလို့ ဘယ်သူကုမလဲ။ ဘယ်သူမွေးထားထား ကိုယ့်သွေးသားလို့သာမှတ်။ စားစရာတွေရလာတော့လည်း ဒီကလေးတွေနဲ့ပဲ ဝေစားမျှစားမယ်။ အေးအတူ ပူအမျှပေါ့။ သူတို့နဲ့အတူ ရပ်တည်မယ်။ သူတို့ဘက်ကရပ်တည်မယ်။ အဲ့ဒါကသာ ပထမဦးစားပေးလေ။ ပြောင်ပြောင်ပဲ။ ဒီ့ထက်ရှင်းတာ မရှိတော့ဘူး။

ခုရက်ပိုင်း သူတို့က ကလေးတွေအပေါ် ဖြတ်လို့ရသမျှ ရေသောက်မြစ်တွေ အကုန်ဖြတ်ပြီး ထိုးစစ်ဆင်နေတယ်။ အချင်းချင်း သွေးကွဲအောင်လည်း ဒလန်တွေထည့်မွှေတယ်။ လူထုထောက်ခံမှုတွေကျဆင်းအောင် အကြောက်တရားနဲ့လည်း ဖိနှိပ်တယ်။ လုပ်ဇာတ်တွေနဲ့လည်း လိမ်ညာတယ်။ ဆယ်ကျော်သက်အရွယ်ကလေးတွေဟာ မိသွားရင် လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ကိုယ့်အချင်းချင်း သစ္စာဖောက်တဲ့ ဘဝရောက်မှာစိုးလို့ တိုက်ပေါ်ကတောင် ခုန်ချအသေခံတာ တစ်ယောက်နှစ်ယောက် မဟုတ်ဘူး။ အောက်တန်းအကျဆုံး အယုတ်မာဆုံး မျိုးမစစ်တွေကသာ သေတဲ့သူ အောက်ခံဘောင်းဘီ ပေါ်တာကို ပါးစပ်အရသာခံပြီး လိုင်းပေါ်မှာ လှောင်နေကြတာ။ မြန်မာပြည်ကစစ်သားဆိုတာ အဲ့ဒီစောက်ဆင့်ပဲ ရှိတယ်။ သူတို့နဲ့ရပ်တည်သူတွေလည်း တတန်းတစားတည်းပဲ။

အဲ့ဒီကောင်တွေက လက်နက်ကိုင်အချင်းချင်း မော်မကြည့်ရဲတဲ့ဘဝမှာ ကာချုပ်ကိုယ်တိုင် လေးဘက်ထောက်ပြီး ကြက်ဥတိုက်ရ စွပ်ပြုတ်တိုက်ရ မသာ ကုန်းကန်တော့ရနဲ့ မျက်နှာပြောင်နေတယ်။ တနိုင်ငံလုံးကို အပစ်အခတ်ရပ်စဲရေးအော်ပြီး ကလေးတွေကို ပြုတ်အောင်တိုက်မတဲ့။ ဆုတောင်းရုံတင် မဟုတ်ဘူး။ ယတြာပါချေနေတာ။ လက်နက်မပြည့်မစုံနဲ့ ကလေးတွေတိုက်ရတာတောင် ကစထမှူး နှစ်ဆက်ပြုတ်ပြီနော်။ စဉ်းစားပေါ့။ ဒီတစ်ခါပြုတ်ရင် ဒင်းအလှည့်ပဲ ကျန်တော့တယ်။

ဒီအဖိုးကြီးတွေ ယုတ်မာချက်က ကမ်းကုန်ပါတယ်။ သူ့ဘာသာသူ အဝီစိဆင်းရင်တောင် တိုင်းပြည်က မွမွကြေ ကျန်ရစ်ခဲ့ဦးမှာ။ ပြန်လည်ပြုပြင်ထူထောင်နိုင်တဲ့ အတိုင်းအတာကျော်လွန်တဲ့အထိ အဆုံးစွန် ဖျက်စီးခဲ့တာ။ “ငါမှ အုပ်ချုပ်လို့မရရင် နင်တို့တိုင်းပြည် မီးလောင်ပြင်ထဲ နေခဲ့ကြ။” ဆိုတဲ့ စိတ်ယုတ်မာမျိုး။ ၃၁ ဘုံမှာ သူ့ထက်ယုတ်မာတဲ့ သတ္တဝါ အသင်းအပင်း အဖွဲ့အစည်း ဘယ်တုန်းကမှ မရှိဖူးဘူး။ နောင်လည်း ရှိမှာ မဟုတ်ဘူး။ မရှိတော့အောင်ကို မျိုးဖြုတ်ပစ်ရမှာ။

Vision ကလည်း ရှင်းပြီ။ Mission ကလည်း ခင်းပြီ။ မင်း သူ့ကို စစ်တိုက်မှာ ဘယ်လောက်ကြာမယ် ခန့်မှန်းထားလဲ။ ဒီဆေးရုံ ဒီဆေးခန်းကို ဘယ်နှစ်လ ကြာအောင် မင်း တောင့်ခံနိုင်မလဲ။ ဒါကတော့ သူများလာမေးမှ မဟုတ်ပါဘူး။ မစခင်ကတည်းက ကိုယ့်ဘာသာကိုယ် ပလန်ရှိရမယ့် ကိစ္စပါ။ အလုပ်ကြီးအကိုင်ကြီး လုပ်တယ်ဆိုတာ မာစတာပလန်ရှိရတယ်။ လော်ဂျစ်စတစ် ပါရတယ်။ ဖင်မနိုင်ရင် ပဲကြီးဟင်း မစားရဘူး။

အင်းလျားရေ တစ်စည်လောက်တော့ လိုချင်ပါသူ ဝယ်ချင်ပါသူဆို မီးရထားနဲ့ တင်ဖို့ကြံရင် တန်ဆာခက ၃၀၀ လောက်တော့ ရှာနိုင်ပါ့မလားဆိုတာ ဟိုရှေးပဝေသဏီက လူတွေတောင် တွေးတတ်တယ်။ အချင်းမိုင်တစ်ရာပတ်လည် ဆက်သွယ်ရန်ဆာဂျင်မရှိတဲ့အရပ်မှာ အလကားကုပေးမယ့် ခွဲခန်းကြီးနဲ့ ဆေးရုံတစ်ခု ထူထောင်မယ်။ မတည်ရင်းနှီးငွေ ဘယ်လောက်လိုမလဲ။ လစဉ် ကုန်ကျစားရိတ်ဘယ်လောက်ကျမလဲ။ ဒီငွေတွေ ဘယ်ကရှာမလဲ။ လက်ထဲရှိတာနဲ့ ဆက်လည်ပတ်ရင် နောက်ထပ်ဘယ်နှစ်လလောက် တောင့်ခံနိုင်မလဲ။ ဒါတွေ ကြိုမတွေးပဲ ကြုတ်ကျက်လိနေတယ်လို့များ ထင်သလား။ ဒီအသက်အရွယ်ရောက်မှတော့ အံခွနေပါပြီဗျ။

ကိုဗစ်စင်တာ ရွာမှာထောင်ခဲ့တုန်းက အဲ့လိုမျိုး အမေးခံရဖူးတယ်။ ချက်ချင်းပြန်ဖြေခဲ့တယ်။ နံပါတ် (၁) ကတော့ အလှူငွေတွေ မကုန်မချင်း run လို့ရတယ်။ များများသုံးရင် မြန်မြန်ကုန်မယ်။ စိစိစစ်စစ်နဲ့ဆို အချိန်ပိုကြာကြာခံမယ်။ နံပါတ် (၂) ကတော့ လူနာတွေ မကုန်မချင်း run မယ်။ ဒါကလည်း သိပ်မခဲယဉ်းပါဘူး။ ကပ်ရောဂါရဲ့သဘောတရားက တချိန်ချိန်မှာ သဘာဝက အဆုံးသတ်ပေးတာပဲ။ အဖိတ်အစင် ပမာဏသာ ကွာချင်ကွာမယ်။ နောက်ဆုံးမှာ ပြန်ကိုကျတယ်။ အဲ့လိုဆိုတော့ လူနာကုန်ရင် စင်တာပိတ်လို့ရမယ် မဟုတ်ဘူးလား။ နံပါတ် (၁) နဲ့ (၂) ကို အဆင်ပြေပြေလေးဖြစ်အောင် ချိန်ဆကစားတတ်ဖို့က ဆေးကုတတ်ရုံသက်သက်နဲ့ မရဘူးခင်ဗျ။ စီမံခန့်ခွဲမှုစွမ်းရည်ကောင်းကောင်း ရှိမှ ရတယ်။

ရွာမှာတုန်းက ကော်မီတီဖွဲ့ပြီး သက်သက်သာသာ အများနဲ့ရွက်ခဲ့တဲ့ ရေအိုးတွေကို အခု ကိုယ်တစ်ယောက်တည်း ခေါင်းပေါ်ဆင့်ရွက်ထားပြီ။ နိုင်ပါတယ်။ မပူပါနဲ့။ နောက်မှာ အထောက်အကူတွေ အများကြီး။ အရင်က သူများဇာတ်ထဲ ချီကောက်နဲ့ လိုက်ကတာ။ အခုဟာက ကိုယ်ပိုင်ဇာတ်ထောင်တာ။ အဲ့သလောက်ပဲ ကွာတယ်။ ပရိသတ် အရိပ်အခြည်ကြည့်ပြီး ဇာတ်ရှိန်ကို လိုသလိုတင်ဖို့ ပွဲအပြီးနဲ့ မိုးအလင်းနဲ့ အံကျကိုက်ဖို့ အဲ့ဒါ ကိုယ့်ပညာခန်းပဲ။ စိတ်မပူနဲ့။ လောက်တယ် လုံတယ်။

ဘတ်ဂျက်ရဲ့ အတိုင်းအဆကို ကာလရဲ့ အရှည်အလျားနဲ့ မျှတအောင် စီမံခန့်ခွဲရင်း တဘက်ကနေ ဧရာဝတီစင်တာတုန်းကလို ငါ လုပ်နေတာ တန်ရောတန်ရဲ့လား လို့ cost effective ဖြစ်မဖြစ် ပြန်စာရင်းစစ်ကြည့်မိတယ်။ ဒီလောက် ငွေကြေးပမာဏတွေ မြှုတ်နှံရင်းနှီးပြီးမှ မတ်မတ်ဟိန် ကောင့်ဒေါင်းလုပ်သလို နက်ဖြန်သဘက်ခါလောက် အရေးတော်ပုံအောင်ပြီဆိုပြီး ဖုတ်ဖက်ခါ အိမ်ပြန်သွားရင် ရေမီးအစုံနဲ့ လေထီးခုန်ထားတဲ့ ဆေးရုံချည့်သက်သက် ဟတ်ကော့ကြီး ကျန်ခဲ့မှာပေါ့။ နည်းနည်းနောနော ပက်ဆံတွေမှတ်လို့။ နှမျောစရာကြီး။ ကိုယ်တို့နိုင်မှာ သေချာသော်ငြားလည်း သည်တစ်ဝါမှ မဆိုလောက်ပဲ သည်ကျောင်းကြီး ဟောသည်လောက် ဆောက်စရာ မရှိပါဘူးလေ။ အစောကြီးကတည်းက ပြောခဲ့ပြီးသား။ ကိုယ်တို့ပြန်သွားလည်း ဆေးရုံကလေးက ပစ္စည်းအစုံအလင်နဲ့ သည်အတိုင်းလေး ကျန်ရစ်ရမယ်။ ဟိုသူတောင်းစားတွေ လာမဖျက်စီးသ၍ပေါ့နော့။

ဒီအခါမှာ ကိုယ့်ဘာသာ ပြန်ပြန်စဉ်းစားရတယ်။ ကိုယ်ကတော့ ကာလလိုအပ်ချက်အရ တောကြိုအုံကြား ဆေးရုံကလေးတည်ပြီး ပစ္စည်းစုံအောင် စုကုတယ်။ ကိုယ်မရှိလို့ ဆေးရုံချည့်ကျန်လို့ နောက်ဆာဂျင် သည်အရပ်ပို့ရင် မိုးလင်းမိုးချုပ် ကျိန်ဆဲလို့ချည့်နေမှာပေါ့။ “ကြိုးကြာအိုကြီး ဂျင်းထည့်သွားလို့ ငါတို့ ဒုက္ခရောက်ရလေခြင်း” ဆို တပည့်သားမြေးအပေါင်းတို့ကို ချောက်ချခဲ့သူအဖြစ်ရောက်မယ်။ ကိုယ့်ခေတ်နဲ့ သူတို့ခေတ် တူမှာမဟုတ်ဘူး။ ဒါကြောင့်မို့ သူများလှူသွားတဲ့ပစ္စည်းတွေ ကိုယ့်ဘာသာတန်အောင်ခွဲသွားမှ စားရိတ်ကျေလိမ့်မယ်လေ။ အဲ့ဒါကြောင့် ဆေးရုံကို ဒီအရပ်မှာ စစ်ဆင်ရေးတွေ တိုက်ပွဲတွေ တရစပ်ဖြစ်လာမယ့်အချိန်ကို အုပ်မိအောင် နေ့မအားညမအား တွန်းပြီးတည်တာပါ။ ရန်သူလာဖျက်လို့ ပျက်ကာမှပျက်ရော့။ ကိုယ့်ကလေးတွေ အားကိုးရာမဲ့တဲ့ခံစားချက်နဲ့ နောက်ဆံမငင်စေချင်ဘူး။ ဒါတစ်ခုတည်းနဲ့တင် ကိုယ့်ဆေးရုံက ကိုယ့်စိတ်ထဲမတော့ အရင်းကျေတယ်။ နောက်ထပ် ကယ်နိုင်သမျှ အသက်က အသာတင်အမြတ်ပဲ။

လူတိုင်း လူတိုင်းရဲ့သက္ကရာဇ်တွေထဲက အနှုတ်ပြသွားတဲ့ ၂၀၂၀- ၂၀၂၁-၂၀၂၂ သက်တမ်းနှစ်နှစ်ကို အရှုံးမပေါ်ပဲ အမြတ်ထွက်အောင် ရုန်းကန်ဖြတ်သန်းလာရတဲ့အတွက် ကိုယ့်အတွက်လည်း တန်ပါတယ်။ ပညာတွေ အများကြီးတိုးတယ်။ အတွေ့အကြုံတွေ ပြောမကုန်နိုင်ဘူး။ အဆုံးသတ်ရလပ်မှာ အာဏာရှင်တွေကို အမြစ်ဖြတ်နိုင်ရမယ်ကွာ။ ကတိပေးတယ်။ ဟုတ်ပြီလား။

Red News Agency

By Editor