Tag: အောင်မှူးဝေ

  • စာပြင်စာတည်း၏မှတ်စုများ

    စာပြင်စာတည်း၏မှတ်စုများ

    မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

    အောင်မှူးဝေ

    ထားဝယ်_________ဤမြို့၏အမည်ကို မြန်မာစာများ၌ ဒါးဝယ်၊ထားဝယ်၊ဓားဝယ်ဟု အမျိုးမျိုး ရေးခဲ့ကြ၏။ထိုသို့ရေးကြခြင်းမှာ စကား၏ အကြောင်းအတ္ထုပ္ပတ္တိကို မသိသောကြောင့် ရေးကြခြင်းဖြစ်သည်။မြတ်စွာဘုရား ထားဝယ်မြို့သို့ကြွတော်မူသောအခါ တင်ပျဥ်ခွေထိုင်တော်မူ၏။တင်ပျဥ်ခွေထိုင်ခြင်းကို မွန်ဘာသာဖြင့် ဓဝဲါ ဟုခေါ်သည်။ဓဝိုင်ဟူ၍ အသံထွက်ရ၏။စာတွင် ဓဝဲါဟု ရေးသည်ကိုမြန်မာတို့က ပီအောင်မဖတ်နိုင်သောကြောင့် ၏ဓဝိုင် မဖြစ်ဘဲ ဓဝယ် ဖြစ်သွားရသည်။ဓဝယ်တခြား၊ယိုးဒယားတလိုက်…သုံးထောင့်အိုင် အိုင်ချင်းရှေးစာ စသည်တို့၌ ဓဝယ်ဟု ရေး၏။ယနေ့ခေတ်( ၂၀၁၉)သတ်ပုံ၌ ထားဝယ်ဟူ၍ ရှိပါသည်။

    မိုး/ မိုဃ်း_________မေဃသဒ္ဒါကိုထောက်၍မိုဃ်းဟု ဃကြီးသတ်၍ မိုဃ်းဟုရေးကြသည်။သို့သော် တချို့ပညာရှင်တို့က ဃကြီးသတ်လျှင် မိုးသံမထွက်၊မိုက်ဟူသောအသံသာထွက်မည်ဖြစ်၍ ဃကြီးသတ်သည်ကို မနှစ်သက်ကြပေ။လွှမ်းခြုံ/ခြုံ___________
    ဂြုမ္ဘ ဟူသော သက္ကတစကားမှဆင်းသက်သည်ဟု ဝေါဟာရလီနတ္ထဆရာက မိန့်သည်။
    ရင်ရစ်စဦး_________စုလည်းသစ်နှင့်ရင်ရစ်စဦးချစ်ကြည်နူးကရွှင်မြူးနွှဲအုံးမှီရုံးလက်တင်( စစ်ချီရတု…မှ) အပျိုဖြစ်စအရွယ်ကလေးကို ရင်ရစ်စဦးဟု ခေါ်သည်။ ရှေးက မြန်မာတစ်ပြည်လုံးသည် စစ်တပ်ကြီးဖြစ်၏။ စစ်တိုက်ရန်ရှိသောအခါ၌ စစ်တိုက်နိုင်သူ ယောက်ျားမှန်သမျှ စစ်မြေပြင်သို့လိုက်ကြရသည်။ထိုအခါမျိုးမှာ လူပျိုပေါက်စများလည်း စစ်ထဲပါသွားကြတော့သည်။စစ်မြေရောက် လူပျိုပေါက်စက ဇာတိမြေတွင်ကျန်ရစ်ခဲ့သော ချစ်သူ အပျိုပေါက်မကလေးထံ ရတုရေး၍ လွမ်းကြောင်းရည်ရာဝယ် ရင်ရစ်ဦးစ ဟူသောအသုံးအနှုန်းကို သုံးခဲ့ခြင်းဖြစ်၏။ယနေ့ခေတ်အလိုဆိုပါလျှင် ဘရာစီယာ စတင်ဝတ်ဆင်သောအရွယ်ကို ရင်ရစ်ဦးစ အရွယ်ဟု ဆိုရမည်ဖြစ်သည်။ရတုထဲ၌ ရှေးမြန်မာအမျိုးသမီးငယ်တို့၏ ဝတ်စားဆင်ယင်မှုသမိုင်းကို တွေ့ရ၏။သူတို့ကိုယ်တိုင်သော်လည်းကောင်း၊မိခင်အစ်မ၊အဒေါ်စသူတို့က လည်းကောင်း သမီးငယ်ညီမငယ်အတွက် ရင်ရစ်အထည် အဝတ်ရအောင်အားထုတ်ကြပုံနှင့်ဝတ်ဆင်ကြပုံကိုလည်း မြင်ယောင်မိလေသည်။

    စစ်နှင့်ဆောင်း____________

    (more…)

  • သ န ပ် ခါး ဖိုး မြေ စစ် ပွဲ

    သ န ပ် ခါး ဖိုး မြေ စစ် ပွဲ

    သူတစ်ပါးတို့အပေါ် အနိုင်မယူသင့်ဘဲ အနိုင်ယူခြင်းသည် အနိုင်ကျင့်ခြင်းဖြစ်၏။အနိုင်ကျင့်ခြင်းသည် သားရဲတိရစ္ဆာန်တို့၏ နိုင်ရာစားအပြုအမူနှင့်ဘာမျှမခြားနားပေ။လူ့ဘောင်လူ့လောက၌ အနိုင်ရတိုင်းလည်း အခါခပ်သိမ်းကောင်းသည်မဟုတ်ပါ။

    အောင်မှူးဝေ

    (၁)
    ကျွန်တော်တို့ ပုထုဇဉ်လောက၌ အနိုင်နှင့်အရှုံးသည် စကားများစွာပြော၏။နိုင်မှဖြစ်မည်၊ ရှုံး၍မဖြစ်ဟူသော အမှတ်တံဆိပ်ကို ဦးနှောက်မှာ၊စိတ်အသိမှာ ထင်းခနဲနေပြီးတစ်သက်လုံးစွဲအောင် ရဲရဲနီရိုးရာအသိတရားဖြင့် ရိုက်နှိပ်ပေးလိုက်၏။အနိုင်ရရေးသည် လူ့ဘဝအတွက် ကြီးမားသောအရေးပါအရာရောက်မှုဟု သေသည်အထိမှတ်စွဲသွားစေ၏။လူသားထုအတွက် လူ့သမိုင်းကို အနိုင်ရသူများသာ ရေးကြ၏။ဘာလုပ်လုပ် သူတစ်ပါးထက်သာရမည်။ဘယ်သူနှင့်ပြိုင်ပြိုင် မိမိသာနိုင်ရမည်။မိမိအနိုင်ရမှ အရာရာသည်ကောင်း၏။မိမိရှုံးလျှင် ဘယ်အရာမျှမကောင်း။

    အနိုင်ရမည်သာဆိုလျှင်…
    တရားသောနည်းဖြင့် အနိုင်ရသည်ဖြစ်စေ၊မတရားသောနည်းဖြင့် အနိုင်ရသည်ဖြစ်စေ။အသေရသော အနိုင်ရမှုဖြစ်စေ၊အရှင်ရသော အနိုင်ရမှုဖြစ်စေ၊မသေမရှင်ရသော အနိုင်ရမှုဖြစ်စေ။လတ်ဆတ်သင်းမြသော အနိုင်ရမှုဖြစ်စေ၊သိုးပုပ်နံစော်သော အနိုင်ရမှုဖြစ်စေ။လှပသောအနိုင်ရမှုဖြစ်စေ၊ရုပ်ဆိုးသော အနိုင်ရမှုဖြစ်စေ။ ဘယ်လိုဖြစ်ဖြစ် နိုင်သည်ဆို ပြီးစတမ်းပင် ပုထုဇဉ်သဘာဝ မက်မောတတ်ပါ၏။ပုထုဇဉ်ဆိုရာတွင်အန္ဓပုထုဇဉ် များဖြစ်ကြသည့်-

    ၁။ ပသာဒမျက်စိဖြင့် မြင်လေ့မရှိသော အန္ဓပုထုဇဉ်ပုဂ္ဂိုလ်၊

    ၂။ ဉာဏ် မျက်စိဖြင့် မြင်လေ့မရှိသော အန္ဓပုထုဇဉ်ပုဂ္ဂိုလ်။

    (မ၊ဋ္ဌ၊၁။၂၂။)
    ထိုပုထုဇဉ် နှစ်မျိုးတို့ကိုသာ အဓိက ရည်ညွှန်းလိုပါ၏။ထိုအကန်း ပုထုဇဉ်နှစ်မျိုးတို့သည် အနိုင်ရလိုဇောဖြင့် လူ့လောကကို ဒုက္ခအကြီးကြီးပေးလေ့ရှိကြောင်း လူ့သမိုင်းဖြစ်ရပ်များတွင် တွေ့ရှိနိုင်ပါ၏။

    ပုထုဇဉ်အကန်းတို့သည် ပုထုဇဉ်အကောင်းတို့ထက် ပို၍ ပလွှားတတ်ကြ၏။လူတကာက သူ့ကို အတော်ဆုံး အနိုင်အရဆုံးပုဂ္ဂိုလ်ဟုလည်း အထင်ရောက်စေလို၏။သူ့ကိုအရှုံးသမားဟု မြင်သူဆိုလျှင် ဒုက္ခပေးရန် ဝန်မလေးလှပေ။သူ၏စိတ်ထဲတွင် သူတစ်ပါးကို စိတ်ဆင်းရဲကိုယ်ဆင်းရဲပေးနိုင်လေ လူဖြစ်ရကျိုးနပ်လေလေဟူ၍ ခံယူထားလေ့ရှိ၏။

    ” ငါ့ကြောင့်သူတစ်ပါး ဆင်းရဲရောက်တာ မကောင်းဘူး။လူမဆန်ရာကျတယ်” ဟူသော အခြေခံ လူ့အကောင်းမြင်စိတ်မရှိ။လူပီသသော နှလုံးသွင်းကောင်းမရှိ။အကောင်းကိုလည်း နှလုံးမသွင်း။ဘာမဆိုအဆိုးဘက်ကကြည့်၍ နှလုံးသွင်း၏။

    (more…)

  • မြို့ကလေးရဲ့ အကိုက်အခဲပျောက်ဆေး

    မြို့ကလေးရဲ့ အကိုက်အခဲပျောက်ဆေး

    “ညီလေးရ စာပေသမားတွေရယ် စာအုပ်ဆိုင်တွေရယ်ဆိုတာ မြို့တစ်မြို့ရဲ့အကိုက်အခဲပျောက်ဆေးပဲကွ။ မြို့တိုင်းဟာ နိုင်ငံရေး စီးပွားရေး လူမှုရေး အစရှိတာတွေနဲ့အစဉ်သဖြင့်ကိုက်ခဲနေတတ်တာကိုး။အကိုက်အခဲဖြေပေးဖို့ဆိုတာ စာပေသမားနဲ့စာအုပ်ဆိုင်တွေရဲ့တာဝန်ပေါ့ကွာ”

    အောင်မှူးဝေ

    (၁) ကျွန်တော်က သိပ်ကိုကျေးလက်ဆန်တဲ့ မြို့ပြင်ရပ်ကွက်ကလေးမှာ ကြီးပြင်းလာသူပါ။အခုလို မိုးရာသီဆို ကျွန်တော့်ရပ်ကွက်ကလေးကို စပါးခင်းကြီးတွေက ဝိုင်းထားတယ်။ဖိုးဖေဆလပ်လယ်ရေသွယ်မြောင်းနဲ့ ဖိုးထွန်းအေးလယ် ရေသွယ်မြောင်းတို့ကြားမှာ တာလမ်း။တာလမ်းဆိုတာ ကလေးမြို့-ကလေးဝလမ်းကိုပြောတာ။အေးပေါ့ အခုချစ်ကြည်ရေး လမ်းမကြီးပေါ့။ဘာစိန်ပန်းပင်မှမရှိသေးဘူး။ကြိမ်ချုံတွေ ၊ကုလားငေါက်ပင်တွေ၊ကိုင်းအုပ်တွေ၊ဇရစ်ရိုးပင်၊ပိန်းပင်ကလေးတွေ၊တစီတတန်းပေါက်ရောက်နေတယ်။ဖောင်ကူးရွာဟောင်းမရောက်ခင် လမ်းဘေးမတော့ ပေါက်ပင်ကြီး နှစ်ပင်သုံးပင်၊ဘယ်ဘက်ယိမ်းတဲ့အပင်ယိမ်း ညာဘက်ယိမ်းတဲ့အပင်ယိမ်းလိုက်လို့။တာလမ်းကလည်း ကျောက်ကြမ်းလမ်းသာသာ ကတ္တရာပါလေရုံလမ်းပဲ။

    ကျွန်တော့်အိမ်ရှေ့မှာ ကလေးမြို့မှကြိုဆိုပါ၏ဆိုင်းဘုတ်ရှိတယ်။ဆိုင်းဘုတ်က နှစ်ဖက်။တစ်ဖက်မှာ ကလေးမြို့မှနှုတ်ခွန်းဆက်သပါ၏လို့ရေးထားတယ်။တစ်ခါတလေ အဝါရောင်ဆေးတွေသုတ်ထားကြတယ်။တစ်ခါတလေလည်း အပြာအစိမ်း၊ညားသလိုသုတ်တဲ့ဆေးရောင်တွေပါပဲ။တာလမ်းနဲ့ကျွန်တော့်အိမ်ကြားမှာပေလေးဆယ်လောက်မြက်ခင်းကလေးခြားထားတယ်။ဆင်ငိုမြက်တွေပေါက်နေတာပဲ။ဆိုင်းဘုတ်နဲ့မြက်ခင်းနဲ့ ပနံတော့ ရတယ်။အခုနေပြန်တွေးရင် တောရှုခင်းပန်းချီကားတစ်ချပ်လိုပါပဲ။

    ဆိုင်းဘုတ်အောက်ခြေမှာ အုတ်ခုံရှိတယ်။ဆိတ်ကျောင်းသားတွေ အပျင်းပြေကျောက်ခဲနဲ့ထုကြလွန်းလို့ ပဲ့တဲ့နေရာက ပဲ့နေတယ်။ကျောက်ခဲကလည်း ဝေးဝေးလံလံရှာရတာမှမဟုတ်ဘဲ။လမ်းပေါ်တင် ပြည့်လို့။ဆိုင်းဘုတ်အုတ်ခုံဟာ လသာတဲ့ညတွေမှာများကြည့်မိရင် ဘုရားဒကာတစ်ယောက်ယောက်ရဲ့အုတ်ဂူနဲ့တူသလိုလိုပါပဲ။တာလမ်းပေါ် အာရ်တီစီကားတွေ သစ်ထုတ်ရေးဟီးနိုးကားတွေ ဖြတ်မောင်းသွားကြတယ်။တစ်ခါတလေတောက ဆင်တွေ တက်လာတာလည်းတွေ့ရတတ်တယ်။မနက်အစောပိုင်းဆိုရင် ဖောင်ကူးရွာဘက်က ငါးသည်တွေ စကားတပြောပြောနဲ့မြို့ထဲ ငါးရောင်းလာကြတာလည်း တွေ့ရတတ်တယ်။ခေါင်းပေါ်မှာ အိုးတွေအများကြီး ဆင့်ရွက်ထားတဲ့အိုးသည်မတွေလည်း မြို့ထဲဝင်လာကြတာတွေ့ရတတ်တယ်။ညနေပိုင်းဆိုရင်တော့ အခင်းတော လယ်တောက ပြန်လာတဲ့ လှည်းတွေ တအီအီမောင်းလာကြတာတွေ့ရတတ် တယ်။လှည်းပေါ်မှာ မိုးခါဆို မြက်ထုံး၊ဆောင်းခါဆို ကောက်ရိုး ပဲရိုးတွေ တင်တင်လာကြတယ်။လှည်းနောက်မှာ ခွေးတစ်ကောင် နှစ်ကောင်က ခပ်သုတ်သုတ်လိုက်လို့။

    (more…)

  • သုခမြားမြောင် လူတို့ဘောင်

    သုခမြားမြောင် လူတို့ဘောင်

    ” ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံရေးမြင်ကွင်းထဲ၌ ဇာတ်တူသားစားသော လူစုတ်များကို တွေ့ရသည်။နိုင်ငံကောင်းစားဖို့ထက် ငါကောင်းစားဖို့ကို ပိုဦးစားပေးသူများလည်း တွေ့ရ၏။နိုင်ငံအတွက် အလုပ်လုပ်ဖို့ထက်၊နိုင်ငံရေးလုပ်ကွက်က ရရှိလာမည့်အကျိုးအမြတ်ကို ကောက်ရိုးလှည်းနောက်က တကောက်ကောက်လိုက်နေ့သည့် နွားငတ်လို တစ်မျှင်ရတစ်မျှင်စား လုပ်နေသောငနွားတွေသာ နေရာတကာ တစိုးတမိုးတွေ့လာရသည် “

    အောင်မှူးဝေ

    ကိုမောင်မောင်ငြိမ်းချမ်းတစ်ယောက် ကိုဗစ်၁၉ကြောင့် အိမ်ထဲအောင်းရချိန်ကြာသည်နှင့်အမျှ စိတ်ကယောက်ကယက်ဖြစ်လာ၏။အိမ်ဝင်းထဲက ရေကန်ထဲမှာ ငါးမျိုးစုံထည့်မွေးထားသည်ကို သတိရသဖြင့်ပျော်သွားသည်။
    ” ငါးမျှားမယ်”
    ငါးမျှားတံ၌ငါးမျှားကြိုးငါးမျှားချိတ်တပ်နေသည့် ကိုမောင်မောင်ငြိမ်းချမ်း၏ ပြောင်လျက်ဝင်းလျက်ရှိနေသော နဖူးကြီးကိုကြည့်ပြီး သူ့မိန်းမက တိုးတိုးရေရွတ်၏။

    ” ဝေဘါဂီကို ပို့လိုက်ရင် ဆံပင်တွေများပြန်ပေါက်လာလေမလား”
    ကိုမောင်မောင်ငြိမ်းချမ်းတစ်ယောက် ငါးမျှားတံပြင်ဆင်ပြီး ခြံထဲဆင်းသွားသည်။သူ့မိန်းမက သူ့နောက်ကနေကြည့်နေ၏။

    (more…)

  • သုခမြားမြောင်လူတို့ဘောင်

    သုခမြားမြောင်လူတို့ဘောင်

    ယနေ့ခေတ်တော့ ကောလာဟလကို ပါးစပ်ဖြင့်သာမက လက်ကပါ တောက်တောက်တက်တက်လုပ်၍ ပြောဆိုဖြန့်ဝေလာနိုင်သည်။ဖုန်းဘေလ်တစ်ထောင် ရှိလျှင် အတော်များများဖြန့်ဝေလာနိုင်၏။ကောလာဟလက လူကို အတော်ဒုက္ခပေးပါသည်။တမာရွက်ကျိုသောက်လျှင် ကိုဗစ်-၁၉ ကာကွယ်သည် ဆိုသောကောလာဟလကြောင့် ကျွန်တော့်မိတ်ဆွေ လင်မယား ဒုက္ခရောက်သွားကြရ၏

    အောင်မှူးဝေ

    မိုက်ကယ်နှင့်တုံးတုံးတို့ လင်မယား ခေါင်းတုံး တုံးလိုက်ကြ၏။ ကိုဗစ်-၁၉ကို ကာကွယ်ကြဟန် တူသည်။သူတို့မျက်နှာကလေးတွေက နုနုငယ်ငယ်။ခေါင်းတုံးနှင့်လည်း လှကြ၏။တချို့ကျတော့ မျက်နှာရင့်ထော်နေရသည့်အထဲ ခေါင်းတုံး တုံးထားလိုက်လျှင် ကြောက်စရာကြီး ဖြစ် သွားတတ် သည်။ကျွန်တော့်သူငယ်ချင်း လွတ်လပ်မိုးနှင့်ကေဇော်မိုးတို့ဆိုလျှင် ခေါင်းတုံးနှင့်မလိုက်ပေ။နဂိုက ကျက်သရေတုံးရသည့်အထဲ ခေါင်းတုံးတုံးလိုက်တော့ လူညွန့်ပါတုံးသွားသယောင် ထင်ရ၏။

    ကဗျာဆရာ(ကို)သစ်ငြိမ်းလည်း ခေါင်းတုံးနှင့်မလိုက်ပါ။သင်္ကန်းဝါဝါကြီးဝတ်ထားလျှင်ပိုဆိုးသည်။ဝါတော်တစ်ထောင်ရ မဟာဓားပြကထိကကြီးနှင့်သာ တူတော့၏။သင်္ကန်းအညိုကလေးနှင့် ဆိုလျှင်တော့ မဆိုးလှပေ။သူ့ကိုကြည့်ပြီး တစ်ခုတော့သိသွားသည်။ရုပ်ဆိုးတဲ့လူများ ဘာဝတ်ဝတ် မလှဘူးဆိုသော အသိပင်ဖြစ်၏။(တွယ်ရမှာပဲ ငါ့ညီလေးရယ်လို့ မုန့်ဖိုးမှမစွန့်တာကို)။
    ကျွန်တော်လား။ဘာသင်္ကန်းဝတ်ဝတ် မချောသောကြောင့် လူဝတ်လဲလာခဲ့ရသည်မှာ ကြာပြီ။

    ယခုနှစ်ကား ပုဏ္ဏမီစန်းယုန်ပွင့်နှင့်ဘားမားခေါင်းတုံးနက္ခတ်တို့ ယှဉ်ကြ လေသလာမပြောတတ်။ ဟိုနားသွား ခေါင်းတုံး၊သည်နားသွားခေါင်းတုံး။ကြည့်လေရာရာ ခေါင်းတုံး တွေချည်း ဖြစ်နေသည်။ ကိုဗစ်-၁၉ ကြောင့် ဒုလ္လဘလည်း ဝတ်၍မရ။သည်တော့ ကျောင်းမရောက်အိမ်မ ရောက်ခေါင်းတုံး တွေသာ ဖြစ်နေကြလေ၏။

    “ မိန်းမ ခေါင်းတုံး တုံးချင်တယ်”

    “ ဟာ ဘာအရူးထတာလဲကွာ။ဗိုက်ကြီးသည်နဲ့ ခေါင်းတုံးနဲ့ ဘယ်လိုမှ ကြည့်မလှပါဘူး”

    “ ကြည့်မလှလည်း လှတဲ့လူသွားကြည့်ပေါ့။ခေါင်းတုံးမတုံးရရင်လည်း ဆံပင်တိုတိုလောက်တော့ ညှပ်မှာပဲ”
    ကရင်မလည်း သည်ဗိုက်ကျမှ ဘာဖြစ်နေသည်မသိ။အတော်လှချင်ပချင်နေ၏။
    “ မင်းသာ ခေါင်းတုံး တုံးလို့ကတော့ ထိုင်းဂန်ဒူးဘုန်းကြီးလိုလို အော့ဇ်ဝစ်အကျဉ်းစခန်းက ဂျူးမလိုလို ဖြစ်နေမှာပဲ” ဟု စာရင်းပိတ်စကား ပြောလိုက်ရသည်။

    “ မျက်ခုံးမွေး ဆွဲချင်လာပြီ”

    (more…)

  • သုခမြားမြောင်လူတို့ဘောင်

    သုခမြားမြောင်လူတို့ဘောင်

    ”တီးကွက်နဲ့အတူလည်း မကနဲ့။ဘာနဲ့မှ မကနဲ့။နင်ဗိုက်ချောင်သွားရင် ထမင်းထပ်စားဦးမယ်မဟုတ်လား။ဆန်ကုန်တယ်။ကပ်ကြီးပြီးမှ ဝအောင်ကတော့ဟဲ့”

    အောင်မှူးဝေ

    [၁]
    ကိုရီနိုင်သည် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် အိမ်ထဲအောင်းနေရသည့်အချိန် ကြာသည်နှင့်အမျှ စိတ်ကယောက်ကယက်ဖြစ်လာ၏။မြင်မြင်သမျှ အလိုမကျ၊ကြားကြားသမျှ အလိုမကျ၊နံနံသမျှအလိုမကျ၊စားစားသမျှ အလိုမကျ၊တွေ့ထိသမျှ အလိုမကျ ဖြစ်နေသည်။
    ” ဒီစာအုပ်တွေ ဒီနားထောင်ထားတာ အကြည့်ရဆိုးတယ်ဆိုတာ မသိဘူးလား ဟမ်။ဒီမိန်းမဟာ အသုံးကိုမကျဘူး”

    ” ဪ..ကိုကိုပဲ လူမြင်ကွင်းမှာမထားနဲ့ လူတွေက ငှားဖတ်ပြီး ပြန်မပေးကြဘူးဆို”

    ” လူတွေမှ ငွေရှာမရလို့ မွဲတော့မှာပါဆို ဘာကြောင့် နဂါးနီသီချင်းပဲ ထပ်ကာထပ်ကာဖွင့်နေရတာလဲ”

    “ဪ..ကိုကိုပဲ ဇမ္ဗူဒိပ်နိမိတ်ဆို၊ဒီသီချင်းနေ့တိုင်းဖွင့်ရမယ်ဆို”

    ” တောက်..ဒီအနံ့ကြီးက ဘာအနံ့ကြီးလဲ။အန်တောင် အန်ချင်လာပြီကွာ”

    ” ဪ..ကိုကိုကြိုက်လို့ ကိုကိုဝယ်လာတဲ့ ဂျာမနီပရုတ်လုံးနံ့လေ။ကြွက်ပြေးတယ်ဆို”

    ” ကောင်းကွာ ကြွက်တော့မသိဘူး၊ငါတော့ သင်္ချိုင်းကုန်းကို ပြေးချင်နေပြီ”

    ကိုရီနိုင်ကတော်သည် ထမင်းဝိုင်းပြင်နေ၏။အိမ်ထဲက အိမ်ပြင်မထွက်ရဲသောကြောင့် ရှိတာလေးဖြင့် ကြံဖန်ချက်ပြုတ်ထားရသည်။ကြက်ဥကြော်၊ဘဲဥချဉ်ရည်ဟင်း၊အသားတုဆီပြန်။ဥက္ကလာဒေါ်မိုးပြာ ငါးပိထောင်း၊တို့စရာ ခရမ်းကြွပ်သီး အဖြူလေးက နှစ်လုံး။မောင်တစ်ကိုက် မယ်တစ်ဖဲ့။
    ” မင့်ခရမ်းကြွပ်သီးတွေကလည်း ကိုဝိုင်ချိုသွေးကင်ဆာဖြစ်နေတဲ့ရုပ်နဲ့ကွာ..လခွီး”

    (more…)