“ညီလေးရ စာပေသမားတွေရယ် စာအုပ်ဆိုင်တွေရယ်ဆိုတာ မြို့တစ်မြို့ရဲ့အကိုက်အခဲပျောက်ဆေးပဲကွ။ မြို့တိုင်းဟာ နိုင်ငံရေး စီးပွားရေး လူမှုရေး အစရှိတာတွေနဲ့အစဉ်သဖြင့်ကိုက်ခဲနေတတ်တာကိုး။အကိုက်အခဲဖြေပေးဖို့ဆိုတာ စာပေသမားနဲ့စာအုပ်ဆိုင်တွေရဲ့တာဝန်ပေါ့ကွာ”
ေ အ ာ င် မှူ း ေ ဝ
(၁) ကျွန်တော်က သိပ်ကိုကျေးလက်ဆန်တဲ့ မြို့ပြင်ရပ်ကွက်ကလေးမှာ ကြီးပြင်းလာသူပါ။အခုလို မိုးရာသီဆို ကျွန်တော့်ရပ်ကွက်ကလေးကို စပါးခင်းကြီးတွေက ဝိုင်းထားတယ်။ဖိုးဖေဆလပ်လယ်ရေသွယ်မြောင်းနဲ့ ဖိုးထွန်းအေးလယ် ရေသွယ်မြောင်းတို့ကြားမှာ တာလမ်း။တာလမ်းဆိုတာ ကလေးမြို့-ကလေးဝလမ်းကိုပြောတာ။အေးပေါ့ အခုချစ်ကြည်ရေး လမ်းမကြီးပေါ့။ဘာစိန်ပန်းပင်မှမရှိသေးဘူး။ကြိမ်ချုံတွေ ၊ကုလားငေါက်ပင်တွေ၊ကိုင်းအုပ်တွေ၊ဇရစ်ရိုးပင်၊ပိန်းပင်ကလေးတွေ၊တစီတတန်းပေါက်ရောက်နေတယ်။ဖောင်ကူးရွာဟောင်းမရောက်ခင် လမ်းဘေးမတော့ ပေါက်ပင်ကြီး နှစ်ပင်သုံးပင်၊ဘယ်ဘက်ယိမ်းတဲ့အပင်ယိမ်း ညာဘက်ယိမ်းတဲ့အပင်ယိမ်းလိုက်လို့။တာလမ်းကလည်း ကျောက်ကြမ်းလမ်းသာသာ ကတ္တရာပါလေရုံလမ်းပဲ။
ကျွန်တော့်အိမ်ရှေ့မှာ ကလေးမြို့မှကြိုဆိုပါ၏ဆိုင်းဘုတ်ရှိတယ်။ဆိုင်းဘုတ်က နှစ်ဖက်။တစ်ဖက်မှာ ကလေးမြို့မှနှုတ်ခွန်းဆက်သပါ၏လို့ရေးထားတယ်။တစ်ခါတလေ အဝါရောင်ဆေးတွေသုတ်ထားကြတယ်။တစ်ခါတလေလည်း အပြာအစိမ်း၊ညားသလိုသုတ်တဲ့ဆေးရောင်တွေပါပဲ။တာလမ်းနဲ့ကျွန်တော့်အိမ်ကြားမှာပေလေးဆယ်လောက်မြက်ခင်းကလေးခြားထားတယ်။ဆင်ငိုမြက်တွေပေါက်နေတာပဲ။ဆိုင်းဘုတ်နဲ့မြက်ခင်းနဲ့ ပနံတော့ ရတယ်။အခုနေပြန်တွေးရင် တောရှုခင်းပန်းချီကားတစ်ချပ်လိုပါပဲ။
ဆိုင်းဘုတ်အောက်ခြေမှာ အုတ်ခုံရှိတယ်။ဆိတ်ကျောင်းသားတွေ အပျင်းပြေကျောက်ခဲနဲ့ထုကြလွန်းလို့ ပဲ့တဲ့နေရာက ပဲ့နေတယ်။ကျောက်ခဲကလည်း ဝေးဝေးလံလံရှာရတာမှမဟုတ်ဘဲ။လမ်းပေါ်တင် ပြည့်လို့။ဆိုင်းဘုတ်အုတ်ခုံဟာ လသာတဲ့ညတွေမှာများကြည့်မိရင် ဘုရားဒကာတစ်ယောက်ယောက်ရဲ့အုတ်ဂူနဲ့တူသလိုလိုပါပဲ။တာလမ်းပေါ် အာရ်တီစီကားတွေ သစ်ထုတ်ရေးဟီးနိုးကားတွေ ဖြတ်မောင်းသွားကြတယ်။တစ်ခါတလေတောက ဆင်တွေ တက်လာတာလည်းတွေ့ရတတ်တယ်။မနက်အစောပိုင်းဆိုရင် ဖောင်ကူးရွာဘက်က ငါးသည်တွေ စကားတပြောပြောနဲ့မြို့ထဲ ငါးရောင်းလာကြတာလည်း တွေ့ရတတ်တယ်။ခေါင်းပေါ်မှာ အိုးတွေအများကြီး ဆင့်ရွက်ထားတဲ့အိုးသည်မတွေလည်း မြို့ထဲဝင်လာကြတာတွေ့ရတတ်တယ်။ညနေပိုင်းဆိုရင်တော့ အခင်းတော လယ်တောက ပြန်လာတဲ့ လှည်းတွေ တအီအီမောင်းလာကြတာတွေ့ရတတ် တယ်။လှည်းပေါ်မှာ မိုးခါဆို မြက်ထုံး၊ဆောင်းခါဆို ကောက်ရိုး ပဲရိုးတွေ တင်တင်လာကြတယ်။လှည်းနောက်မှာ ခွေးတစ်ကောင် နှစ်ကောင်က ခပ်သုတ်သုတ်လိုက်လို့။
ကျွန်တော်တို့အိမ်က ခြေတံရှည်အိမ်ပါ။ဒီရပ်ကွက်မှာ အများစုကခြေတံရှည်အိမ်ပဲဆောက်ကြတယ်။နှစ်နှစ်တစ်ခါဆိုလား သုံးနှစ်တစ်ခါဆိုလား လေးနှစ်တစ်ခါဆိုလား ရေလျှံတတ်သတဲ့။လူကြီးသူမတွေပြောတာကတော့ရွှေဘုံသာစေတီတော်ကို မြစ်စောင့်နတ်တွေ လာပြီးဖူးကြလို့ ရေလျှံတယ်ပြောတာပဲ။ရွှေဘုံသာစေတီတော်ဆိုတာအသောကမင်းကောင်းမှုတော်ပါ။စေတီပရိဝုဏ်ထဲမှာ အသောကရေကန်တော်ရှိတယ်။အသောကရေတွင်းကတော့မဟာစည်သာသနာ့ရိပ်သာကျောင်းဝင်းထဲမှာပေါ့။ကျွန်တော်ငယ်ငယ်က ကျောင်းပြေးပြီးသွားဆော့နေကျနေရာတွေပါပဲ။ရေလျှံတယ်ဆိုတာ ပိုက်ဆံပေါတယ်လို့မှတ်မှာစိုးလို့ အသေအချာရှင်းပြရတာပါ။ကျွန်တော်တို့ရပ်ကွက်မှာတော့ ပိုက်ဆံပေါတဲ့လူရယ်လို့သိပ်မရှိလှဘူး။လက်လုပ်လက်စားသမားက များတာပါပဲ။
(၂) လက်လုပ်လက်စားသမားတွေချည်းစုနေတဲ့ ရပ်ကွက်ဆိုပေတဲ့ ကျွန်တော်တို့ လူမှန်းသိတတ်စအရွယ်မှာ အိမ်ခြေက သိပ်များသေးတာမဟုတ်ဘူး။သစ်ထုတ်လုပ်ရေးအလွန်မှာ သံတံတားကလေးတစ်စင်းရှိမယ်။အဲ့ဒီ တံတားထိပ်မှာ အရီးကြည်(အမေကြည်)ရဲ့နှစ်ထပ်တိုက်ကလေး။ဘေးမှာ အကြော်ဆိုင်တစ်ဆိုင်ရှိတယ်။ပျော့ကြီးတို့ဆိုင်။တစ်ရပ်ကွက်လုံး မနက်စောစောစာဆိုရင် ပျော့ကြီးတို့ဆိုင်က အကြော်နဲ့ကောက်ညှင်းပေါင်း လာဝယ်စားကြတာပဲ။ပါဆယ်ဆိုရင်အခုလို ကြွပ်ကြွပ်အိတ်နဲ့မထုပ်သေးဘူး။ပေါက်ဖက်နဲ့ပဲထုပ်ပေးလေ့ရှိတယ်။အကြော်နဲ့တို့စားဖို့ အချဉ်ရည်လိုချင်ရင် ကိုယ့်အိမ်ကထည့်စရာပန်းကန်ယူလာခဲ့။ပျော့ကြီးတို့အကြော်ဆိုင်မှာ ကြက်သွန်ကြော်ဟာ စားလို့သိပ်ကောင်းတယ်။အကြော်တစ်ခု ထမင်းကြမ်းဆီနဲ့ဆားနယ်ထားတာ တစ်ဇလုံ။ရေနွေးကြမ်းတစ်ခွက်။အဲ့ဒါကျွန်တော့်ငယ်ဘဝ မနက်စောစောအဆာပြေပဲ။တစ်ခါတလေ ကောက်ညှင်းပေါင်း တစ်ကျပ်ဖိုး၊မုန့်ပေါင်းတစ်ကျပ်ဖိုးနဲ့အကြော်နဲ့ပေါ့။မုန့်ပေါင်းဆိုတာလည်း ပဲဆီတို့ဖတ်ကလေးနဲ့ရိုက်ပေးထားတာ။မွှေးပြီးဆိမ့်နေတော့တာပဲ။
အရီးကြည်တိုက်နေရာက ရှေးတုန်းက မြို့ဝင်ဇရပ်နေရာလို့ပြောကြတာပဲ။အဲ့ဒီနေရာဟာ မြို့တည် သက္ကရာဇ်ခရီးရှည်ကြီးရဲ့အစလောက်တုန်းက မြို့အဝင်ဖြစ်ပါလိမ့်မယ်။စာကိုရေး ကလေးတည် ၃၂၈ကိုး။နောက်တီးနောက်တောက် ကျောင်းဆရာတစ်ယောက်ကတော့ စာကလေး ကလေးတည်လို့ ကျီစယ်ဆိုဖူးလေရဲ့။ကလေးမြို့သူတွေဒီလောက်စကားပေါတာ စာကလေးတွေမြို့တည်ခဲ့လို့ဖြစ်မှာပဲတဲ့။အတော်နောက်တဲ့လူပါပဲ။အရီးကြည်က မြို့အဝင်မှာတင်တိုက်နှစ်လုံးရှိတာ။တာလမ်းဘေး ဘယ်ညာမျက်စောင်းထိုးပါပဲ။သူတို့မိသားစုက မြို့ထဲဗိုလ်ချုပ်လမ်းတိုက်မှာပဲ နေကြတယ်။သင်္ကန်းပရိက္ခရာရောင်းတယ်။ရှင်ပြုနားသဝတ်စုံတွေငှါးတယ်။ကျွန်တော်တို့ညီအစ်ကိုတစ်တွေရှင်ပြုတော့ သူတို့ဆီက ဝတ်စုံတွေဝတ်ပြီး ရွှေထီးဆောင်းခဲ့ရတာပေါ့လေ။
အခု နဂါးရွှေစင်ဖွင့်ထားတဲ့တိုက်ကြီးက တစ်ဝက်တစ်ပျက်ပဲပြီးသေးတာ။တာလမ်းက လှမ်းကြည့်ရင် သရဲခြောက်တဲ့အိမ်ကြီးလိုလို ဘာလိုလိုပေါ့။အဲ့ဒီနားမှာ မြစည်တော်သာသနာ့ရိပ်သာလည်း မရှိသေးဘူး။သူငယ်ချင်းအေးအေးမာတို့စာအုပ်ဆိုင်ဖွင့်ဖူးတဲ့အိမ်ရယ် နဂါးရွှေစင်တိုက်ကြီးရယ်ပဲရှိတယ်။အဲ့ဒီအနောက်က ကန်စွန်းအင်းကြီး။နဂါးရွှေစင်အနောက်ဘက်မှာတော့ အိမ်ကုပ်ကလေးတစ်လုံး။ဘေးလမ်းအတိုင်းဝင်သွားရင် ထန်းပင်ကလေးသုံးပင်နဲ့ လယ်တဲခြေတံရှည်။ပြီးရင် ချောင်းကလေး။ချောင်းကလေးကိုဖြတ်ပြီးအရှေ့ဘက်ခပ်စောင်းစောင်း မျှော်ကြည့်လိုက်ရင် လယ်ကွင်းအလယ်ကောင်မှာ မင်္ဂလာဥယျာဉ်ကျောင်း။
မိုးတွေကလည်း ရွာသွန်းနေမယ် လူကလည်းသိပ်နေမကောင်းဘူးဆိုရင် ကျွန်တော့်ငယ်ဘဝ ကျေးလက်ဆန်တဲ့ရပ်ကွက်ကလေးကို လွမ်းမိတယ်။မိုးရွာတဲ့ညတွေဆို လယ်ကွင်းထဲက ဖားအော်သံကလေးတွေ ကြားနေရတာကိုက အရသာတစ်မျိုးပါပဲ။အစစအရာရာ ချို့တဲ့လွန်းတဲ့ ရပ်ကွက်ကလေးလို့ ကျွန်တော်မဆိုလိုဘူး။ကျွန်တော်ဟာ မြို့ဝင်ဆိုင်းဘုတ်အုတ်ခုံပေါ်မှာရပ်ပြီး ကျွန်တော့်ရပ်ကွက်ကို တိုက်အိမ်တွေချည်းပဲလို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။
ဟိုတလောကမှ ဇာတိကပြန်လာတဲ့ အေးအေးမာက ပြောတယ်။အခုဆို ငါတို့ရပ်ကွက်ဟာ တိုက်အိမ်တွေချည်းပဲတဲ့။မြို့ပြင်ကလူပိုစည်နေပြီတဲ့။ဇာတိမြို့ကို ပြန်မရောက်တဲ့နှစ်တွေမှာ ကျွန်တော်ကလွဲပြီး ကျန်တဲ့လူတွေအကုန်တိုးတက်သွားကြတယ်ထင်ပါရဲ့လို အေးအေးမာကို နောက်မိတယ်။သူကတော့ မပွင့်တပွင့်ရယ်နေတာပဲ။ငယ်ငယ်တုန်းကလို အရယ်အပြုံးမျိုးပေါ့။သူပြုံးရင် သူ့စာအုပ်အငှါးဆိုင်ကလေးကို သတိရတယ်။သူ့ဆိုင်ကလေးထဲ သူထိုင်ပြီးပြုံးနေတာကို အရီးကြည်လက်ဖက်ရည်ဆိုင်ထဲကနေ လှမ်းကြည့်လို့ကျွန်တော်တွေ့ဖူးတယ်။အင်း..အဲ့ဒီတုန်းကတော့ ကားဘီးပေါက်သံကြားရင်တောင် ရယ်တတ်ပြုံးတတ်တဲ့အရွယ်ကိုး။
(၃)
ဘဝကတိမ်တွေလိုပဲ။ဝေးသွားလေ မမှတ်မိတော့လေပေါ့။ဒါပေတဲ့ မျက်စိမှိတ်ပြီး မြင်ယောင်ကြည့်မိတဲ့အခါ တိမ်တိုတိမ်စကလေးတွေရဲ့ အနားသတ် အရောင်ကိုတောင် မှတ်မိနေသယောင်ယောင် ခံစားရသေးတယ်။တစ်ခုခုကို ပြန်လည်သတိရတဲ့အခါမယ် ခံစားချက်ထဲကအချက်အလက်တွေက သေချာသလား၊ဒါမှမဟုတ် ဦးနှောက်ထဲကအချက်အလက်တွေက ပိုသေချာသလား။ငယ်နှင်းမှုန်မှုန် ဆောင်းဦးပေါက်ရာသီဟာ ကလေးမြို့အဝင်မှာ သူ့ကိုယ်သင်းရနံ့ကလေးသူပွေ့ပြီး မတ်တတ်ရပ်လိုက်တယ်ဆိုရင်ပဲ ကျွန်တော်တို့ကလေးတစ်သိုက် အတော်ပျော်ရွှင်သွားကြတယ်။ဆော့ရတော့မယ်လေ။ကောက်ရိုးပုံတွေပေါ်က ကျွမ်းပစ်ချကြမယ်။ပဲလုံးသီး(စားတော်ပဲသီး)တွေ ခိုးကြမယ်။ဟုတ်တယ် ကျွန်တော်ပဲလုံးသီး ခိုးဖူးတယ်။ရိုးပြတ်တွေကိုလိမ်ပြီးနွယ်နေတဲ့စားတော်ပဲပင်ကို လသာသာ နှင်းစိုစိုမှာ စိမ်ပြေနပြေကိုင်ပြီးတစ်တောင့်ချင်းခြွေယူရတဲ့အရသာကို အခုထိမမေ့ဘူး။အခင်းစောင့်က သိသွားရင်တော့ဘတ်ခွ(လေးခွ)စာမိပြီပဲ။
ဘဝဆိုတာ ခရီးတစ်ခုကို မနားတမ်းသွားနေရတာပဲ။ကျွန်တော်ဘယ်ကလာခဲ့သလဲ၊ဘယ်ကိုရောက်ခဲ့သလဲ၊အခုကော ဘယ်ရောက်နေတာလဲ။ဒီမေးခွန်းတွေဟာ အချိန်ရှိသရွေ့ဖြေနေရတော့မှာ။ကျွန်တော် ကလေးမြို့က လာခဲ့တာပါ။မြန်မာပြည်အနှံ့သာမက ထိုင်းနဲ့အိန္ဒိယတို့ကိုပါရောက်ခဲ့ပြီးပါပြီ။အခုတော့ ရန်ကုန်က အလုပ်သမားရပ်ကွက်ကလေးမှာပေါ့။ကျွန်တော့် ပထမရည်ရွယ်ချက်အရဆိုရင်တော့ ဇာတိမြို့ကလေးကနေ ဘယ်ကိုမှလျှောက်သွားဖို့ အစီအစဉ်မရှိခဲ့ပါဘူး။ကျွန်တော့်မွေးဌာနေကို ကျွန်တော်သိပ်ခင်တွယ်ပါတယ်။မြေသားလမ်း သဲမှုန်မှုန် ကျောက်ခဲချွန်ချွန်ကလေးတွေကအစ ကျွန်တော်မြတ်နိုးတယ်။ဆောင်းဦးပေါက် ဆော့ကစားချိန်တွေကို ရာသီဥတုအေးစက်လာတိုင်းသတိရတယ်။နောက်ဆုံးသစ်ရွက်ဆိုတာမျိုး အသက်ကကြွေကျရင်တောင် ရောက်ရာအရပ်မှာ ကြွေပါ၊ဒါပေမဲ့ သွေ့ခြောက်လွင့်ပါးရင်တော့ ကျွန်တော့်ဇာတိက ကျွန်တော့်ချက်မြှုပ် ဒန်းပင်ကလေးနဲ့အိမ်ဆီပဲဖြစ်ဖြစ်၊ကျွန်တော်ကြီးပြင်းခဲ့ရာ ကျေးလက်ဆန်တဲ့မြို့ပြင်ရပ်ကွက်ကလေးဆီပဲဖြစ်ဖြစ် လွင့်ပါးသွားစေလိုပါတယ်။
ကျွန်တော့်ကိုမွေးတော့ အဖေက ယတြာသစ်ပင် သဘောမျိုးနဲ့ဒန်းတစ်ပင် တမာတစ်ပင်စိုက်တယ်။ဒန်းပင်ကတော့သက်ဆိုးရှည်ရှာပါရဲ့ ။တမာကတော့ အညွန့်တုံးပြီးသေသွားတယ်။သေမှာပဲလေ။ကျွန်တော်တို့ဘွားဘွားကြီး(အဘွားရဲ့အမေ)က အညွန့်ကလေးတက်တက်လာတိုင်း ခူးခူးပြီးတို့စားတာကိုး။ရှေးအဘွားကြီးပီပီ ရိုးရာတွေဘာတွေလည်း အသေအလဲယုံတာ။မြေးဖြစ်တဲ့အဖေတို့ညီအစ်ကိုတွေကိုမနိုင်ရင် မြစ်ဖြစ်တဲ့ကျွန်တော်တို့တစ်တွေကို ဖိမဲတတ်တယ်။ကျွန်တော်ကလည်း ငယ်ငယ်ကတည်းက ပေတိပေစောင်းပါ။လူလူချင်းကြည့်တာတောင် တည့်မကြည့်ဘူး စောင်းငန်းငန်းပဲကြည့်တာ။ဘွားဘွားကြီးကတော့ အရိုးခံထင်ပါရဲ့။ဟဲ့ မောင်ရွှေ နင့်သားလည်ပင်းက စောင်းနေပါကလား။အနှိပ်သည်နဲ့နှိပ်ဦးတဲ့။ကျွန်တော်လူမှန်းသူမှန်းကောင်းကောင်းသိတတ်တဲ့အရွယ်မှာ ဘွားဘွားကြီးဆုံးတယ်။ရဟန်းအမ ကျောင်းအမမို့ ရွှေထီးတွေဘာတွေမိုးလို့ပေါ့။အခေါင်းတင်တဲ့လှည်းကြီးမှာ ရွှေထီးတဝင်းဝင်းပဲ။ကျွန်တော့်ဘွားဘွားကြီးကလည်း ခေသူတော့မဟုတ်ဘူး။ဦးနေဝင်းကို သောက်ချေးစားကောင်လို့ မျက်နှာချင်းဆိုင်ဆဲဖူးသတဲ့။ကျွန်တော်က မျိုးနဲ့ရိုးနဲ့အဆဲပုပ်တဲ့ကောင်ပဲနော်။
ဘွားဘွားကြီးဆုံးပြီးနောက် ကျွန်တော့်အမေနဲ့ကျွန်တော့်အဘွားတို့သန်ချဆေးတစ်ထုပ်ဝယ်ရာကနေ စကားများပြီး ရန်ဖြစ်ကြတယ်။အဘွားကငှက်ကြီးတောင်ဓားနဲ့အပြေးလိုက်ဆိုသကိုး။ဘုတလင် သူ စိတ်ကထက်ပါဘိသနဲ့။အမေက ကျွန်တော့်ကိုချီပြီးပြေးရှာတယ်။ပြေးသာပြေးတာပါ သိပ်တော့လည်း မပြေးနိုင်ပါဘူး။အမေက ခြေထောက်တစ်ဖက်မသန်ရှာဘူးလေ။အဘွားက အမေ့ဆံပင်ကိုလက် နဲ့ရစ်တဲ့ပြီး လည်ပင်းဓားနဲ့ပိုင်းတော့မယ့်အခြေအနေမှာ အဖေကအဘွားကိုတွန်းထုတ် ခင်ဗျားကြီးဘာဖြစ်တယ် ညာဖြစ်တယ်ပြော ဇာတ်တွေနာတာပေါ့။အတူနေလို့မဖြစ်ချေတော့ဘူးဆိုပြီး လျှပ်စစ်လမ်းထဲက အိမ်ကလေးတစ်အိမ်မှာ ပြောင်းနေကြတယ်တဲ့။အိမ်ငှါးပါ။နောက်တော့ အမေ့အဖေ ကျွန်တော့်အဘိုး ဦးအောင်သာက ကလေးမြို့ပြင်ရပ်ကွက်ကလေးမှာ မြေတစ်ကွက်ဝယ်ပေးလို့မို့ အဲ့ဒီကျေးလက်ဆန်တဲ့ ရပ်ကွက်ကလေးဆီ ကျွန်တော်ရောက်ခဲ့တာ။လူတစ်ရပ်လောက်ရှိတဲ့ကိုင်းပင်ကြီးတွေထဲခုတ်ထွင်ပြီးနေရသတဲ့။အဲ့ဒီမှာလည်း အဖေက ကျွန်တော့်အတွက်ဆိုပြီး ဒန်းပင်ကလေးတစ်ပင်စိုက်ပါတယ်။
မှတ်မှတ်ရရ ဒန်းပင်ကလေးဟာ ရေတွင်းဘေးနား ငါးပေအကွာမှာရှိတယ်။အမှန်က ရေတွင်းနဲ့ဆယ်ပေလောက်ကို ခွာစိုက်ထားခဲ့တာပါ။ဒါပေတဲ့ ရေတွင်းက ဘောင်မရှိဘာမရှိမို့ မြေတိုက်စားပြီး တဖြည်းဖြည်းကျယ်လာတယ်။ရေတွင်းက ပက်ပြဲကြီး။ကျွန်တော့်ညီတွေမွေးလာတော့ အဲ့ဒီရေတွင်းဆီပြေးပြေးသွားကြလွန်းလို့ ပြုတ်ကျမသေအောင် အတော်ထိန်းခဲ့ရတယ်။ဒီကောင်တွေက တောရပ်ကွက်မှာမွေးတဲ့ ပဲဝိုင်းသားတောသားကလေးတွေပီပီ ရေတွင်းထဲမှာ ဗွမ်းခနဲဗွမ်းခနဲ ထထပွက်တဲ့ ငါးရံ့ကြီးတွေကို သွားသွားကြည့်ကြတာပေါ့။
ရေတွင်းကြီးထဲမှာ နံရံကပ်အပင်ကလေးတွေလည်း ပေါက်နေကြတယ်။ရောင်စုံအပွင့်ကလေးတွေပွင့်နေတယ်။ဘာတွေရယ်လို့မသိဘူး။အဲ့ဒီအပွင့်ကလေးတွေပေါ် လရောင်ကဖြာကျနေပလားဆိုမှဖြင့် အတော်လှတယ်။ရင်ထဲဘယ်လိုကြည်နူးမှန်းကိုမသိဘူး။လှပေတဲ့ စားလို့သောက်လို့ရတဲ့ အပင်တွေတော့မဟုတ်ပါဘူး။ဒါပေတဲ့ ကျွန်တော်တို့ကသာ မစားကောင်းဘူးထင်လို့မစားကြတာပါ။စားတဲ့သတ္တဝါကတော့စားပေလိမ့်မယ်။ကျွန်တော်တို့က စားကောင်းမှန်းမသိတာလည်း ဖြစ်ချင်ဖြစ်မယ်။ကမ္ဘာမြေအပြင်ပေါ်မှာ ဆေးဖက်မဝင်တဲ့သစ်ပင်ရယ်လို့မရှိဘူး ဆိုတဲ့စကား ရှိတယ်မဟုတ်လား။သည်တော့ကာ မစားကောင်းတဲ့အပင်ရယ်လို့လည်း ရှိလိမ့်မယ်မထင်ပါဘူး။ကျွန်တော်တို့က မစားကောင်းတဲ့အလကားသစ်ပင် ရှုပ်တယ်ဆိုပြီး ခုတ်ပစ်နုတ်ပစ်လိုက်တဲ့သစ်ပင်တွေ မရေမတွက်နိုင်အောင်ပဲရှိမှာပါ။
အဲ့ဒီအပင်ကလေးတွေဟာ ကမ္ဘာမြေပေါ်က တချို့တချို့သောသက်ရှိသတ္တဝါတွေရဲ့ အဓိကအစားအစာဖြစ်မနေဘူးလို့ ဘယ်သူကများအာမခံနိုင်မှာတဲ့လဲ။ဒီနေရာမှာ ကျွန်တော့်အဖေပြောဖူးတဲ့ စကားတစ်ခွန်းကိုသတိရမိတယ်။
” မြွေသိုက်ရှိတယ်ဆိုတဲ့သစ်ပင်ကို ခုတ်မပစ်ရဘူးကွ။အဲ့ဒီမြွေတွေ နေစရာမရှိရင် မင့်အိမ်ပေါ်တက်နေလိမ့်မယ်။မင်းက မြွေသိုက်နားမသွားမိအောင် သတိထားဖို့သာလိုတယ်” ဆိုတဲ့စကားပါပဲ။ တကယ့်ဘဝမှာ မမျှော်လင့်တဲ့တစ်ဆစ်ချိုး၊အန္တရာယ်ကွေ့ ဖြတ်အကွေ့၊မြွေပွေးတွေကို ကျွန်တော်မရှောင်နိုင်ခဲ့ပါဘူးဗျာ။ ငတ်လွန်လွန်းလို့ မြွေပွေးလည်း တစ်ကောင်ပြီးတစ်ကောင်လိုက်ဖမ်း၊ငရုတ်သီးစပ်စပ်နဲ့ချက်စားခဲ့ဖူးတယ်။
(၄)
ရေတွင်းကြီးနားမှာ ဒန်းပင်အပြင် တခြားသစ်ပင်တစ်ပင်ရှိသေးတယ်။ပုန်းညက်ပင်ကြီးပဲ။အဲ့ဒီပုန်းညက်ပင်ကြီးကဒီခြံထဲမှာ နဂိုကတည်းကရှိနေတာလို့ဆိုတယ်။အိမ်နောက်ဘက် သပြေကြီးရောပဲ။အိမ်နောက်က သပြေပင်ဟာအဖေ့ဘဝနောက်ဆုံးနေဝင်ချိန်မှာ တရားအားထုတ်၊ပုတီးစိပ်တဲ့နေရာကလေးဖြစ်သွားခဲ့တယ်။တစ်သက်နဲ့တစ်ကိုယ် တစ်ခါမျှအခုလောက်မကြီးဖူးတဲ့ကြီးခြင်းမျိုးနဲ့ကျွန်တော့်ဇာတိမြို့ကလေးဟာ ရေဘေးသင့်ခဲ့ရတယ်။ရေတွေကျသွားပြီး မကြာဘူး၊ကျွန်တော့်အဖေလည်း သေတာပဲ။သူက မင်းသာရဟန်းဘဝနဲ့ဆက်နေရင် ငါရွှေထီးဆောင်းမသာကြီးဖြစ်ရမှာကွ ဟဲဟဲ ငါ့ချွေးမက ချောလား၊ ငါ့မြေးက ဘမျိုးဘိုးတူဆို ငါနဲ့တူမှာ သူ့အဘွားနဲ့တူလည်းချစ်ဖို့ကောင်းမှာပါလို့ ပြောတယ်။သူ့မြေးကိုမတွေ့လိုက်ရပါဘူး။ခက်တာက ကျွန်တော်လည်း သေရွာအထိလိုက်ပြီးမြေးမပြနိုင်ဘူးလေ။အဖေနဲ့ကျွန်တော်က သားအဖဆိုတာထက် သူငယ်ချင်းပိုဆန်ပါတယ်။သူဟာ ပတ်ကားဖောင်တိန်နဲ့လျှောက်လွှာစာရွက်ပေါ်မှာ စာရေးတတ်အောင်သင်ပေးခဲ့တဲ့ ကျွန်တော့်လက်ဦးဆရာဖြစ်သလို၊ရိုးသားစွာရှာဖွေရရှိတဲ့ဆန်ကိုပဲ ချွေးနဲ့ဆန်ပြုတ်ပြုတ်သောက်ပါ သူများဆန်မခိုးပါနဲ့လို့ ဆုံးမခဲ့တဲ့ ပထမဆုံး သြဝါဒါစရိယလည်းဖြစ်ပါတယ်။လက်ဖက်ရည်ချိန်ပဲအဖေ ချီးယာ့စ်။
အဖေက လက်ဖက်ရည်ကြိုက်တယ်၊ဆေးပေါ့လိပ်ကြိုက်တယ်။စာအုပ်တွေကြိုက်တယ်။မော်စီတုန်းကျမ်းတွဲအစုံလိုက် အဖေ့နားမှာရှိတယ်။မင်းသိင်္ခစာအုပ်တွေ၊တခြားဂမ္ဘီရစာအုပ်တွေလည်း ဖတ်တယ်။ရာဇဂဏီရေးတဲ့ လူသူတော်သျှောင်တစောင်းလိုစာအုပ်တွေ၊သိုက်နန်းရှင်ချောချောကလေးတွေပါတဲ့ဝတ္ထုမျိုးတွေလည်း အဖေဖတ်တာပဲ။ကွန်မြူနစ်စာအုပ်တွေနဲ့ဂမ္ဘီရစာအုပ်တွေ တွဲဖတ်တဲ့အဖေ့ကို ကျွန်တော်နားမလည်ခဲ့ဘူး။
” ဟဲဟဲ ငါက ခံစားမှုပဓာနဝါဒီကွ ဟဟ ” လို့ စာဖတ်ရင်းပြောတတ်တယ်။သူ့အဖို့တော့ စာဖတ်တယ်ဆိုတာ သူ့နှလုံးသားက စာပေကိုခံစားဖို့ပါပဲတဲ့။အဖေဟာ ဆိုက်ကားကလေးပေါ်မှာထိုင်ပြီးစာဖတ်နေရရင် ဘဝမှာ သုခကြီးခံစားနေရတယ်လို့ မှတ်ထင်ရှာသူပါ။သူသေတဲ့အချိန်ထိ စာအုပ်ကလေးနဲ့ဆိုက်ကားကလေးနဲ့မခွဲမခွာ။ဆိုက်ကားသမားသားက ဆိုက်ကားသမားဖြစ်ရမယ်လို့မရှိပါဘူးကွာ၊ငါ့သားဖြစ်ချင်တာဖြစ်လို့ရပါတယ်။စာရေးဆရာလုပ်မယ်ဆို ဟောဒီပတ်ကားဖောင်တိန်နဲ့ရေးကွ။ဘောလ်ပင်န်ထက် ဖောင်တိန်ကပိုရေးလို့ကောင်းတယ်။အဖေဟာပညာတတ်အနုပညာသမား၊ပွဲကျောင်းသိုင်းသမား၊စာဖတ်သမားတစ်ယောက်ပါ။အဖေ့ဒိုးပတ်သံကို မြို့ခံတွေသိကြပါတယ်။အိမ်ထဲက ရေတွင်းကြီးနားကျောက်ပြားပေါ်ဆော့နေတဲ့သားတွေကို ငေါက်ရင်းငမ်းရင်း၊ပုန်းညက်ပင် ဒန်းပင်ခြေတွေကို ပေါက်ပြားတစ်လက်နဲ့ဆွနေတဲ့အဖေ့ကို ကျွန်တော်လွမ်းတယ်။ကျွန်တော့်စာမူတွေ၊တရားခွေတွေကို ကြည့်ပြီး ဆိုက်ကားသမားသားက ဆိုက်ကားသမားပဲဖြစ်မယ်ဆိုဗျ ကြည့်ပါဗျာ ဟောသမှာဟဲဟဲဟဲလို့ ပတ်ဝန်းကျင်ကိုရယ်သွမ်းသွေးလေသူ။မြို့စွန်အိမ်စုတ်ကလေးရဲ့အောက်ထပ် မှာတစ်ယောက်တည်း။အေးလေ လာတုန်းကလည်းတစ်ယောက်တည်းပါပဲလို့ တရားနဲ့ဖြေနိုင်သူ။ကျွန်တော်ဟာ သူ့နှလုံးသားကိုဗားရှင်းမြှင့်ထားတဲ့အရာတစ်ခုလို့သေသည်အထိယုံကြည်သွားခဲ့လေသူ။
” ငါနေကောင်းတယ် ရေလည်းကျသွားပြီ မင်းစာရေးပျက်မယ် မလာခဲ့နဲ့” ကျွန်တော်တို့ရဲ့ကိုင်းတောအိမ်ကလေးကို မိသားစုအစုံအလင်နဲ့ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ပါဘူးအဖေ။ ကျွန်တော်ပြေးလွှားဆော့ကစားတတ်တဲ့အရွယ်ကတည်းက ကျွန်တော့်ပတ်ဝန်းကျင်မှာ ဖတ်စရာစာအုပ်တွေဝိုင်းနေအောင်ထားပေးခဲ့တဲ့အဖေနဲ့အမေတို့ရဲ့ကျေးဇူးဟာ ဘယ်လောက်ပြည့်စုံတဲ့ဘာသာစကားမျိုးနဲ့ရေးသားဖော်ပြလို့မှ မပြည့်စုံနိုင်ပါဘူး။ကျေးလက်ဆန်တဲ့မြို့ပြင်ရပ်ကွက်ကလေးမှာတစ်မိသားစုလုံးစာဖတ်တဲ့အိမ်ဆိုတာ လက်ချိုးရေတွက်လို့ရပါတယ်။ကျွန်တော်တို့အိမ်၊ကျွန်တော့်အစ်မ မခင်ဌေးရီတို့အိမ်နဲ့သူငယ်ချင်း အေးအေးမာတို့အိမ်ပေါ့။အေးအေးမာဟာ ပဲဝိုင်းရပ်ကွက်ရဲ့ပထမဆုံး စာအုပ်ဆိုင်ပိုင်ရှင်ကလေးဖြစ်လာတယ်။ကျွန်တော်ကတော့သူ့စာအုပ်ဆိုင်က စာအုပ်တွေငှါးဖတ်သူပေါ့။ပြီးတော့ ကြံဖန်ဂုဏ်ယူပြောရရင် ကျွန်တော်ဟာ ပဲဝိုင်းရပ်ကွက်ရဲ့ပထမဆုံးကဗျာရေးသူ၊စာရေးသူ၊စာအုပ်တွေ ပြင်ဆင်တည်းဖြတ်သူဖြစ်လာတယ်လို့ပြောရမယ်။ဆရာမြဆင့်ချယ်ဟာ မြစည်တော်မှာရော မြို့ဦးစံမှာပါ သီတင်းသုံးပြီး စာပေဖန်တီးသွားခဲ့ပေမဲ့ ပဲဝိုင်းသားမဟုတ်ပါဘူး။ပဲဝိုင်းသားထဲမတော့ ကျွန်တော်ပထမဆုံးလို့ပဲထင်ပါတယ်။
ကျွန်တော့်အဘိုး(အဖေ့ရဲ့အဖေ)ဦးဘအုန်းက လက်သမားလုပ်တဲ့လက်သမားဆရာကြီး။ဆိုင်းတီးလည်းကျွမ်းတယ်။ရွာစားပဲ။အဖေငယ်ငယ်က အဘိုး ကုပ်ပေါ်ခွစီးပြီး ဆိုင်းတီးရာလိုက်ခဲ့ရဆိုသကိုး။ကလေးမြို့ရောက်တော့မှသာ ဆိုင်းမတီးတော့ဘဲလက်သမားလုပ်တော့တာ။အဘွားဘက်က ဆွေမျိုးတစ်အုပ်ကြီး ကလေးမြို့ကို အတူတူပြောင်းလာကြတယ်ဆိုပါတော့။ ဆွေနဲ့မျိုးနဲ့ဆိုပေတဲ့ ဆွေမဲ့မျိုးမဲ့လိုပါပဲ။သိပ်တော့မထူးပါဘူး။ရွှေရှိမှမျိုးတော်ချင်ကြတာကိုး။ဒါက သဘာဝပါ။အဘိုးက အိမ်မှာပရိဘောဂလုပ်ငန်းလုပ်သလို မြို့နီးချုပ်စပ် ရွာတွေက အိမ်ဆောက်ဖို့ ကျောင်းဆောက်ဖို့ လက်သမားငှါးရင်လည်းလိုက်တယ်။ဟီးရိုးစက်ဘီးကလေး တဂျောက်ဂျောက်နဲ့လစ်တာပဲ။သူ့မှာတပည့်လက်သား လက်သမားတွေကလည်း မနည်းဘူး။အခု ကလေးမြို့အားကစားကွင်းနားက ဈေးဟာ ကျွန်တော့်အဘိုးရဲ့အဖွဲ့နဲ့လက်သမားဆရာဦးရွှေပိုတို့အဖွဲ့ ပူးပေါင်းဆောက်လုပ်ထားတဲ့ဈေးပဲ။အမေနဲ့အဘွားတို့က မတည့်ကြတော့မြို့ထဲက အဘွားအိမ်ကို ကျွန်တော်မသွားရပါဘူး။အဘွားကလည်း အိမ်ရိပ်တောင်မှမနင်းနဲ့လို့ဆိုတယ်။ဆိုသာဆို ပိုမိုတဲ့စကားပါ။သူ့အိမ်ကဖြင့် တစ်နေကုန်ဘာအရိပ်မှမထိုးဘူး။ကလေးမြို့ဟောင်းကျုံးကြားက သစ်ပင်တွေအုပ်ဆိုင်းနေတဲ့အိမ်ပဲဟာ ဘာအိမ်ရိပ် ထွက်မလဲ။ဟုတ်တယ်။ကျွန်တော့်ကို အဲ့ဒီကျုံးကြားအိမ်မှာမွေးတာ။ဟိုဘက်ဆို ပုဏ္ဏားကုန်းပဲရှိတော့ရဲ့။
အဘိုးကကျွန်တော့်ကိုချစ်တော့ အင်ဒိုင်းကြီးအင်ဒိုင်းလေးရွာတွေဘက် လက်သမားလုပ်သွားရမယ်ဆိုရင် မြို့ထဲကနေ တေဇရုပ်စုံတို့ ရွှေသွေးတို့လို စာစောင်ကလေးတွေရယ်။ဖိုးလမင်းကဖေးက ဝက်သားပေါက်စီရယ် အဘွားမသိအောင်ဝယ်ဝယ်လာတတ်တယ်။တကယ်တော့ အဘွားက မသိဘဲဘယ်နေမလဲ။သူ့မြေးကို သထာလို့ ဘာမှမပြောတာပေါ့။မင်းအဘွားမင်းကိုချစ်ရှာပါတယ် စိတ်ထက်လို့သာပါလို့အဘိုးပြောတာကိုယုံလိုက်တယ်။ကျွန်တော့်အဖို့ သူတို့တွေပြောတာကိုမှမယုံရင် တခြားဘယ်သူပြောတာကိုယုံရမလဲလေ။
(၅) မြစ်ငါးကလေးတွေရတော့ နင့်ကိုလွမ်းလိုက်တာ..လို့ အစ်မသူဇာက ဖုန်းထဲမှာပြောတယ်။ အသံတုန်နေတယ်။ဝေးခဲ့ရချိန်တွေက ကြာလှပြီကိုး။မသူဇာကမွေးတဲ့သား ကျွန်တော့်တူတောင် မိန်းမရ၊ကလေးမွေးနေပြီ။တူကမွေးတော့မြေးပေါ့လေ။မုံရွာက တူတော်မောင်သန့်စင်ဦးကလည်း သားယောက်ျားကလေးမွေးထားတယ်။မြေးတွေရဲ့အဘိုးလေးဖြစ်နေပြီ။ဘာလိုလိုနဲ့ ကျွန်တော့်အမျိုးထဲမှာ နောက်ထပ်မျိုးဆက်သစ်နှစ်ဆက်က စတင်သက်ဝင်လည်ပတ်လာပြီ။သူတို့ကလေးတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်လောက်က စာရေးဆရာလုပ်မယ်ကွာ ဆိုတဲ့ပြီး ကျောပိုးအိတ်ပြာကလေးလွယ်ထွက်သွားတဲ့ကျွန်တော့်ကို ဘယ်လိုမြင်ကြမလဲမသိ။ငါတို့အဘိုးလေးလည်းစာရေးဆရာကွလို့ပဲ ဂုဏ်ယူကြလေမလား၊သို့တည်းမဟုတ် အလကား အာပေတူးကြီးပါကွာ ဘာတွေလျှောက်ရေးခဲ့မှန်းမသိဘူးလို့များ ဆိုကြလေမလား။မအေးမွန်အင်တာဗျူးတုန်းက ဖြေခဲ့သလို ကျွန်တော်တို့တစ်ဆွေလုံးတစ်မျိုးလုံးဟာ ကဗျာ၊ကျွန်တော်တို့တစ်ဆွေလုံးတစ်မျိုးလုံးဟာ စကားပြေပါပဲ။ဒီကလေးတွေလည်း စာပေသွေးပါကြမယ်ထင်ပါတယ်။အခု တူ တူမတွေ facebookပေါ်ရေးနေချွတ်နေတာတွေကြည့်မိတော့လည်း သိပ်မဆိုးလှပါဘူး။ နာမ ဂေါတ္တံ နဇီရတိ..တဲ့။နာမည်နဲ့မျိုးနွယ်ဟာ ဆွေးရိမသွားပါဘူး။
ကျွန်တော်တို့ငယ်ငယ်က မြစ်ငါးချောင်းငါးတွေကို ပေါက်ဖက်ပေါ်ပုံပြီးရောင်းတာ တွေ့ဖူးတယ်။ငါးသေးသေးကလေးတွေကို ရေပေါ်ပြေးခေါ်တယ်။ ငရုတ်သီးရှိန်းရှိန်းကလေးနဲ့ချက်စားလို့ သိပ်ကောင်းပေါ့။မြစ်ထဲက ငါးခုံးမပေါက်စကလေးတွေလည်း ဖြူဖြူဝင်းဝင်းကလေးတွေ ပေါက်ဖက်ပေါ်ပုံရောင်းတာပါပဲ။ငါးချိုချိုစားရတဲ့ငယ်ဘဝပေါ့။ငါးရံ့တို့ ငါးပြေမတို့တော့ နှီးနဲ့သီရင်သီ၊မဟုတ်ရင် ညာမြက်လို့ခေါ်တဲ့မြက်တစ်မျိုးနဲ့ပါးဟက်ကနေထိုးသီပြီးတွဲရောင်းလေ့ရှိတယ်။တစ်တွဲဘယ်လောက်ပေါ့လေ။
မိုးတွင်းကာလဆို ရပ်ကွက်လမ်းကလေးတွေပေါ်မြောင်းရေက ကျော်နေတယ်။မြောင်းတွေက ညစ်ပတ်မနေပါဘူး။ကန်စွန်းရိုးနီနွယ်တွေ သန်မာလန်းဆန်းစွာရှင်သန်နေတဲ့မြောင်းတွေ။ရပ်ကွက်လမ်းဆိုတာကလည်း အခုလိုကွန်ကရစ်လမ်းမှမဟုတ်တာ၊မြေသားပေါ်မှာ သဲကြမ်းကျောက်ကြမ်းခင်းထားတဲ့လမ်းပါ။ဒီတော့ ရေဟာ ကြည်ပြီးသဲကြမ်းညိုညိုတွေ ကျောက်ခဲသေးသေးကလေးတွေတောင်မြင်နေရသေးတယ်။အဲ့ဒီ ရေအပြင်မှာ စောစောကပြောတဲ့ ရေပေါ်ပြေးငါးကလေးတွေ ကူးခပ်နေကြတယ်လေ။ကျွန်တော် အသေအချာမှတ်ထားတယ်။ငါးကလေးတွေက ရှည်ရှည်ကလေးတွေ၊ဘေးမှာ အစိမ်းမှုန်မှုန် အကြောကလေးတွေ ပါတယ်။အစ်မ မသူဇာက အဲ့ဒီရေပေါ်ပြေးငါးကလေးတွေကို ဆန်ခါနဲ့တိုက်ဖမ်းပြီး မုန့်နှစ်နဲ့ ပိန်းဖူးနဲ့ ကန်စွန်းရွက်နဲ့ စပ်သီး(ငရုတ်သီး)နဲ့ ဟင်းပေါင်းထုပ်လုပ်ကျွေးလေ့ရှိတယ်။ဟင်းပေါင်းက အရပ်ထဲလည်ရောင်းတဲ့အသည်လည်း ရှိပါတယ်။ တကယ်ပါ ၊ကျွန်တော်မေ့မရဘူး။ ကောင်းပေ့ဆိုတဲ့အစားအသောက်တွေ ကျွန်တော်စားခဲ့ဖူးပါပြီ။ ငယ်ငယ်တုန်းက မောင်နှမတစ်တွေ ချို့ချို့ငဲ့ငဲ့ လုပ်စားခဲ့ရတဲ့ဟင်းပေါင်းထုပ်ကလေးလောက်တော့ အရသာမတွေ့ပါ ဘူး။
ကျွန်တော်အစပိုင်းမှာရေးခဲ့သလိုပဲ ကျွန်တော့်အိမ်ရှေ့မှာ လယ်ရေသွယ်တဲ့မြောင်းရှိတယ်။အဲ့ဒီမြောင်းက ဖိုးဖေဆလပ်ရဲ့လယ်တွေဆီသွားတာ။တာလမ်းဟိုဘက်မတော့ ဖိုးထွန်းအေးလယ်တွေဆီသွားတဲ့ရေမြောင်း။အဲ့ဒီမြောင်းနှစ်မြောင်းက တာလမ်းတံတားအောက်မှာ လာဆုံတယ်။တံတားက ကျွန်တော်တို့အိမ်နဲ့မျက်စောင်းထိုးမှာပေါ့။ဖိုးဖေဆလပ်သူရင်းငှါးနဲ့ ဖိုးထွန်းအေးသူရင်းငှါးတွေ ရေလုကြတဲ့တံတားပဲ။အဲ့ဒီမြောင်းကို တစ်ဖက်နဲ့တစ်ဖက် ပိတ်ကြဖွင့်ကြပေါ့။တစ်ခါတလေ ပိတ်တဲ့လူနဲ့ဖွင့်တဲ့လူ ဆုံပြီး ပေါက်ပြားနဲ့ခုတ်မယ် တူရွင်းပြားနဲ့ထိုးမယ် တကဲကဲလုပ်နေကြသေးတာ။ကျွန်တော့်ဘဝမှာ ပထမဆုံးမြင်ခဲ့ဖူးတဲ့ ရန်ပွဲပဲ။
မိုးတွင်းဆိုရင် အဲ့ဒီတံတားပေါင်တွေပေါ်မှာထိုင်ပြီး ငါးမျှားတဲ့လူတွေကို မြင်ရလေ့ရှိတယ်။တံတားပေါင်တွေက အုတ်ပေါင်တွေပါ။ဒါပေတဲ့ တံတားပေါင်နဲ့တော့ဖြင့် သိပ်မတူလှဘူးရယ်။သင်္ချိုင်းအုတ်ဂူနဲ့ပဲတူတယ်။အင်္ဂတေကွာတဲ့နေရာကကွာလို့မို့ အုတ်သားတွေတောင်ပေါ်နေတယ်။အဲ့ဒီတံတားပေါ်ရပ်ပြီး အရှေ့ဘက်ကိုကြည့်လိုက်ရင် သူငယ်ချင်းအေးအေးမာတို့အိမ်ကို တွေ့ရမယ်။လယ်ကွင်းထဲက တောအိမ်ကလေးပဲ။ဆီးပင်အုပ်အုပ်ဝိုင်းဝိုင်းကလေးတွေရှိတယ်။ဆောင်းဦးကာလ စပါးရိတ်ချိန်ဆိုရင် သူတို့အိမ်နားမှာ စပါးနယ်တဲ့တလင်းတွေ အစီအရီပေါ့။ညအခါလသာသာ စပါးနယ်ကြတယ်၊ကောက်ရိုးပုံပေါ်ဆော့ကြတယ်။ကျွန်တော်၊ကံဗိုလ်၊တင့်ဆွေ၊မျိုးထွန်း၊တိုက်ကြီးနဲ့အေးအေးမာတို့ ညီအစ်မတစ်တွေပေါ့။
လူတိုင်းလူတိုင်းရဲ့ဘဝမှာ ဆွတ်ပျံ့လွမ်းမောဖွယ်အချိန်ကလေးတွေဆိုတာတော့ ရှိကြစမြဲပေါ့။ကျွန်တော့်ဘဝမှာလည်း ရှိတာပါပဲ။အေးအေးမာတို့အိမ်မှာ ဆော့ကစားခဲ့တဲ့အချိန်ကလေးတွေ၊အခု မြို့ဦးစံကျောင်းတိုက်နားက နှင်းအေးတို့အိမ်မှာ ဆော့ကစားခဲ့တဲ့အချိန်ကလေးတွေ၊ဆော့ကစားလို့ မောပန်းဗိုက်ဆာရင် ရှိထမင်းရှိဟင်းတွေ ခူးခပ်စားကြတာ၊မိဘတွေကလည်း မငြိုငြင်ခဲ့ကြပါဘူး။မှိုပေါ်ခါ မှိုဟင်း မျှစ်ပေါ်ခါ မျှစ်ဟင်းပေါ့လေ။ကျွန်တော်နဲ့ရွယ်တူ ပဲဝိုင်းသား ပဲဝိုင်းသူတွေဟာ မှိုနဲ့မျှစ်နဲ့ ပဲမျိုးစုံနဲ့ နွားနို့ခဲနဲ့ ကြီးပြင်းလာခဲ့သူတွေချည်းဖြစ်တယ်။
အဲ့ဒီတုန်းက မြို့ဦးစံကျောင်းဆိုတာ မရှိသေးဘူး။မန်ကျည်းပင်တန်းနဲ့လယ်ကွင်းတွေ။ကျွန်တော်တို့နှစ်တန်းလောက်ရောက်ခါမှ ပင်လုံကြောင်ပန်းကျောင်းက ဦးအာစာရ ကျောင်းခွဲထောင်လာလို့ မြို့ဦးစံကျောင်းပေါ်လာတာ။မြို့ဦးစံထက်အရင် သစ်ထုတ်လုပ်ရေးနားမှာဇမ္ဗူအေးကျောင်းက အရင်ပေါ်လာတာ။နှစ်ကျောင်းလုံးကျောင်းဆောက်ဖို့အလှူခံတာတော့ တာလမ်းကုက္ကိုပင်ကြီးအောက်ပဲ။ဘုရားဒကာ ကားဆရာကြီးကလည်း အလှူတော်ငွေငါးကျပ် ဟ မင့်မေလိုး မြွေဟ..လို့ ဦးကြီးဘမင်း နိဗ္ဗာန်ဆော်ရင်း ယောင်အော်တာကို အခုထိမှတ်မိတယ်။မြစည်တော်ကတော့ အဲ့ဒီနှစ်ကျောင်းထက် အများကြီးနောက်ကျမှပေါ်လာတာပါ။မြို့ထဲ မဟာစည်ကနေ ဆရာတော်ဦးဆေကိန္ဒ ကျောင်းခွဲထောင်လာတဲ့ မဟာစည်သာသနာ့ရိပ်သာပါပဲ။မြစည်တော်ဆရာတော်က ကျွန်တော့်အမေရဲ့ဆရာ။သီလရှင်ဝတ်ပေးခဲ့တဲ့ဆရာပေါ့။အမေ့ကို သီလရှင်ဝတ်ပေးရပါ့မလားဆိုပြီး အဖေကစိတ်ဆိုးတယ်။အိမ်ထရံမှာချိတ်ထားတဲ့ ငှက်ကြီးတောင်ဓားကိုဆတ်ခနဲဆွဲဖြုတ်တဲ့ပြီး မဟာစည်ကို ဒုန်းစိုင်းသွားတယ်။
ဆရာတော်ဦးဆေကိန္ဒက_” ဟဲ့ ငရွှေ ဘာလာလုပ်တာတုန်း” လို့ ဆီးမေးတော့ အဖေတွေခနဲဖြစ်သွားတယ်။မျက်ရည်တွေစီးကျရင်း ဓားကိုတင်းတင်းဆုပ်ရင်း-” ကျောင်းထဲက မြက်တွေ လာရှင်းတာဘုရား” လို့ ဘောက်ဆတ်ဆတ် ပြန်လျှောက်ပြီး မြက်ခုတ်တော့တာပဲတဲ့။ဆရာတော်ကတော့ ပြုံးပြီး အေးအေး ငါ့တပည့်သာဓုသာဓုသာဓုပေါ့။
အခုတော့ သူတို့ဆရာတပည့်နှစ်ဦးစလုံး မရှိကြတော့ဘူး။ ကျွန်တော့်ရဲ့ ကျေးလက်ဆန်တဲ့ရပ်ကွက်ကလေးကနေ မြို့ထဲဘက်ကို သွားမယ်ဆိုရင် ကလေးမြို့ ကလေးဝတာလမ်းအတိုင်း လမ်းလျှောက်သွားရမှာပဲ၊သွားလည်း သွားခဲ့တာပဲ။ကျွန်တော်က မြို့ထဲ အောင်သစ္စာရပ်ကွက် အ.လ.က(၂)မှာကျောင်းတက်တာကိုး။ခြေကျင်ပဲလျှောက်လေ့ရှိတယ်။ညောင်ပင်သာရပ်ကွက်ထဲက အ.မ.က(၁၅)မှာလည်း တစ်နှစ်နေလိုက်ရသေးတယ်။တစ်ခါတလေတော့ အဖေက ဆိုက်ကားနဲ့လိုက်ပို့တတ်တယ်။ကိုယ့်အိမ်မှာက ဟီးရိုးစက်ဘီးကလေးတစ်စီးတော့ ရှိပါရဲ့။ဆင်စွယ်ဆိုတဲ့ဟာတစ်ဖက်ကျိုးနေတော့ ဘယ်လိုလုပ်စီးမလဲ။အဲ့ဒီအချိန်တုန်းက မော်တော်ဆိုင်ကယ်ဆိုတာ အခုလောက်မပေါလှဘူး။ဦးဖေဆလပ်သား ၊ဦးတိုက်ကြီးညီ ဦးမောင်မွှေးတစ်ယောက်သာ မော်တော်ဆိုင်ကယ်တဖုန်းဖုန်းစီးနေတာတွေ့ရတယ်။ရပ်ကွက်အကြိုအကြားလျှောက်မောင်းတဲ့အခါများဆို ခွေးတွေက လိုက်တောင်ဟောင်သေးတာ။နောက်တစ်ယောက် မော်တော်ဆိုင်ကယ်ပိုင်သူကတော့ ကျွန်တော်တို့ဘကြီး ဦးသာဝပဲ။ဘာရမလဲ သာဝပဲ..ဆိုတဲ့စကားဟာ ကလေးမြို့မှာ အတော်သုံးကြတယ်။အဲ့ဒီစကားရဲ့ မူလပိုင်ရှင်ဟာ အခုကျွန်တော်ပြောတဲ့ဦးသာဝပါပဲ။ဘကြီးသာဝက အရပ်ပုတက်တက်ပါ။သည်တော့ ဆိုင်ကယ်နဲ့ တယ်လည်း မလိုက်ဖက်လှပါဘူး။အခုတော့ ဘကြီးသာဝက လောကမာရ်အောင်ဆရာတော်ဆိုပြီး အတော်ဘုန်းကြီးနေပါပြီ။တရားဟောတရားပြနဲ့ဆိုင်ကယ်လည်းမစီးတော့ပါဘူး။ကားတော့ဆယ်စီးလောက်ပိုင်နေပြီလား မပြောတတ်ဘူး။ဘုန်းကြီးဝတ်သွားတာကြာလှမင့်ကပဲ။ထားပါတော့။
ကျွန်တော့်ရပ်ကွက်နယ်နိမိတ်အစက အရီးကြည် တိုက်ထိပ် သံတံတားကလေးပေါ့။တံတားကိုကျော် လိုက်တာနဲ့ညာဘက်မှာ သစ်ထုတ်ရေးဝန်ထမ်းအိမ်ရာ။တိုက်တွေတာတွေမဟုတ်ပါဘူး။သစ်သားအိမ်ကလေးတွေတန်းစီဆောက်ထားတာပါ။မြေစိုက်အိမ်တွေတော့မဟုတ်ဘူး။ရေလျှံတဲ့အခါ ရေလွတ်အောင် ခြေတံကလေးတွေနဲ့ဆောက်ထားတာ၊ခြေတံကလေးတွေက ခပ်တိုတိုပါ။တန်ဆောင်မုန်းလဆို အဲ့ဒီအိမ်ရာကဘဲငန်းတွေ ခဏခဏပျောက်တယ်။ထုံးစံအတိုင်း အခိုးခံရတာပေါ့။တခြားလူမဟုတ်ဘူး ကျွန်တော်ခိုးတာ။တစ်ခါကဆို အိပ်မက်ယောင်ပြီး လမ်းလျှောက်နေတဲ့ ရွယ်တူကောင်မလေးကိုတောင်ဖက်နမ်းထားခဲ့သေးတယ်။အဲ့ဒီအိမ်ရာက ရွယ်တူကောင်တွေနဲ့ကျွန်တော်မတည့်ဘူး။ကျောင်းမှာ ရန်ဖြစ်နေကျ။ရန်ဖြစ်ရတဲ့အကြောင်းရင်းကလည်း ရယ်စရာပဲ။
” ငါတို့ဝင်းထဲမှာ တီဗွီရှိတယ်ကွ၊မင်းတို့ပဲဝိုင်းထဲ နွားတွေပဲရှိတယ်” ဆိုတဲ့စကားကို မခံချင်လို့ ရန်ဖြစ်ကြတာ။အဲ့ဒီအချိန်ကတော့ အိမ်တိုင်းတီဗွီရှိတာမှမဟုတ်ဘဲဗျာ။ မော်လိုက်အနောက်သစ်ထုတ်လုပ်ရေးအလွန်ကလေးမှာ ချင်းသစ်လို့အတိုကောက်ခေါ်ကြတဲ့ ချင်းပြည်နည်သစ်ထုတ်လုပ်ရေးရှိတယ်။တင်အောင်ဆင့်(ချင်း/သစ်)ဆိုတဲ့စာရေးဆရာဟာ အဲ့ဒီကပေါ့။သူက စာရေးဆရာမြဆင့်ချယ်ရဲ့အစ်ကိုပါ။ကျွန်တော့်အမေနဲ့ကျောင်းနေဖက်တွေလို့ဆိုတာပဲ။ချင်းသစ်ကိုဝင်တဲ့လမ်း ညာဘက်ဘက်ထိပ်မှာတော့ ကျွန်တော့်ဘကြီးဦးဉာဏ်ပေါ်တို့အိမ်။ကျွန်တော်သွားဆော့နေကျ၊စားသောက်နေကျအိမ်။အမေရိုက်ရင် အဲ့ဒီကိုတန်းပြေးတာပဲ။အဲ့ဒီနားမှာပဲ ကိုအဲမောင်ကြီးတို့အိမ်ရှိခဲ့တယ်။မီးသွေးရောင်းကြတယ်လို့မှတ်မိတာပါပဲ။ကိုအဲမောင်ကြီးက ကျွန်တော့်အဖေရဲ့တပည့်ပါ။အဖေ့ဆီမြန်မာ့သိုင်းလာသင်သူတွေထဲကတစ်ယောက်ပေါ့။အခုတော့ ဘူဒိုဇာမောင်းနေတယ်ဆိုလား။မြို့ကလေးရဲ့ ဆောင်ညချမ်းတွေဆိုရင် ကျွန်တော်တို့ခြံကလေးထဲ လူငယ်များရဲ့ ယိစ်ယားစ် အုစ် အားစ်အသံတွေ ကြားရတတ်တာပေါ့။ကီသွင်းကြတယ်ထင်ပါရဲ့။ကျွန်တော်လည်း အဖေ့ဆီက ထိုးဖြစ်ကြိတ်ဖြစ်ရုံကလေး သင်လိုက်ဖူးပါရဲ့။
ဒါပေတဲ့ ကျွန်တော်သိုင်းသမားမဖြစ်ချင်ဘူး။ငယ်ငယ်တုန်းက စနိုက်ပါသေနတ်သမားပဲဖြစ် ချင်ခဲ့တာ။လောကကြီးက ရွေ့လျားပစ်မှတ်တစ်ခုလိုပဲလေ။ကျွန်တော်လက်ဖြောင့်ဖို့လိုတယ် ထင်မိတယ်။ တကယ့်ဘဝလမ်းကို လျှောက်လှမ်းတဲ့အခါမှာတော့ လက်ဖြောင့်ဖို့ထက် စိတ်ဖြောင့်ဖို့က ပိုပြီးလိုအပ်တယ်လို့ အရွယ်ရလာလေ သိလာလေဖြစ်ရတယ်။ စိတ်ဖြောင့်ရင် ကျန်တာအကုန်ဖြောင့်တယ်မဟုတ်လား။ ။
ချင်းသစ်အရှေ့နည်းနည်းကျော်ပြီးလျှောက်သွားတဲ့အခါ အရှေ့ဘက်မှာ စိုက်ပျိုးရေးဝင်း။အနောက်ဘက်မှာ ချမ်းမြေ့အောင်စည်လမ်းပေါ့။လမ်းထိပ်ညာဘက်မယ် ဦးဂျက်လင်းနဲ့မချိုတို့ရဲ့ ဖူးလ်မွန်းကဖေး။ဦးဂျက်လင်းကအရပ်တော်တော်ရှည်တယ်။မချိုကတော့ သေးသေးညှက်ညှက် ပုပုကလေးထင်တာပါပဲ။
ဆိုင်ကိုအဝေးကနေကြည့်မယ်ဆိုရင် နွားတဲနဲ့တူတယ်။ဖူးလ်မွန်းဟာ ကျွန်တော့်ဘဝမှာစတုတ္ထမြောက်ထိုင်ဖူးတဲ့လက်ဖက်ရည်ဆိုင်ဖြစ်တယ်။ပထမဆုံးထိုင်ဖူးတာက ကုဋေစိုး။ရုပ်ရှင်ရုံနားက လက်ဖက်ရည်ဆိုင်။သစ်တုံးကြီးတွေကိုဖြတ်ပြီး ထိုင်ခုံလုပ်ပေးထားတယ်။လက်ဖက်ရည်ဖျော်တော့ ငါးကြင်းမတ်ခွက်နဲ့ဖျော်ပေးတာ။ဒုတိယထိုင်တာက ဖိုးလမင်းကဖေး(အခုဖိုးလမင်းမုန့်တိုက်နေရာ)ပျဉ်ထောင်နှစ်ထပ်အိမ်၊အောက်ထပ်မှာ လက်ဖက်ရည်ဆိုင်။ပေါက်စီစားချင်ရင် သူ့ဆိုင်တစ်ဆိုင်မှာပဲရတယ်။ဝက်သားပေါက်စီနဲ့ပဲပေါက်စီ။ပေါက်စီတစ်လုံးတစ်လုံးက သေးသေးမဟုတ်ဘူး၊ကလေးတစ်ယောက်လက်နှစ်ဖက်နဲ့အသေအချာကိုင်စားရတဲ့အရွယ်အစား။ဖိုးလမင်းအဝင်ပျဉ်ထောင်တွေရေနံချေးဝပြီး ညို့နေတာကိုမှတ်မိတယ်။ဆိုင်ထဲကတိုင်မှာ အုန်းဆံကြိုးကလေးမီးလောင်နေတာကိုမှတ်မိတယ်။ဆေးလိပ်မီးညှိဖို့ပေါ့။ဖိုးလမင်းမျက်နှာစာဘေးက အသုပ်ဆိုင်ဟာ မုန့်ဟင်းခါးလက်သုပ်သိပ်ကောင်းတယ်။ဒါပေတဲ့ ကျွန်တော့်အချစ်ဦးမုန်ဟင်းခါးလောက်တော့ ကောင်းတယ်မထင်ပါဘူး။ကျွန်တော်ကလေ နွယ်နဲ့ပွင့်တဲ့ပန်းဆိုရင်တောင်မှ သူ့အိမ်ခြံစည်းရိုးမှာခွေနေချင်ခဲ့သူပါ။ကျွန်တော်သေခါနီးရင်တော့ သူ့လက်ရာမုန့်ဟင်းခါးလက်သုပ်ကလေးစားပြီးမှသေချင်တယ်။အင်း..ကရင်မက ကြည်ဖြူမယ်ဆိုရင်ပေါ့ဗျာနော့။
ဒါတော့ခွင့်မပြုနိုင်ဘူး ပေါကြီးရေဆယ်ပဲစားပြီးသေဆိုလည်း သေပျော်အောင်တော့စားရမှာပါပဲ။ပေါကြီးလက်ရာကကောင်းပေတဲ့ သူကကျွန်တော့်အချစ်ဦးလိုမှမချောတာကိုး။ပြီးတော့ ယောက်ျားချင်းကြီး မသာလောင်းဘယ်လိုလုပ် ရင်ခုန်မှာတုန်းလေ။
တတိယမြောက်ထိုင်ဖူးတဲ့လက်ဖက်ရည်ဆိုင်က ရွှေတံခါးကဖေး။ကလေးဝလမ်းနံဘေး ပင်လုံလမ်းမတော်ထိပ်တင်ပဲ။အဲ့ဒီဆိုင်ရှေ့မှာဆိုက်ကားဂိတ်ရှိတယ်။ကျွန်တော့်အဖေကအဲ့ဒီဂိတ်မှာ ဂိတ်ထိုးတယ်။အဲ့ဒီတုန်းက အဖေနဲ့လိုက်သွားပြီး ရွှေတံခါးမှာစားလားသောက်လား၊ဆိုက်ကားသမားတွေနဲ့ဆော့လားကစားလားပေါ့။ကျွန်တော့်အဖေကဆိုက်ကားသမားဆိုပေတဲ့ ဆိုက်ကားကောင်းကောင်းနင်းတာမဟုတ်ဘူး။ကောင်းကောင်းမနင်းတော့ ကပြီးနင်းသလားဆိုတော့လည်း မဟုတ်ပြန်ဘူး။သူက လက်ဖက်ရည်ဖိုးရယ်၊စာအုပ်ဖိုးရယ်၊ဆန်တစ်ပြည်ဖိုးရယ် ရပြီးရင်လာခေါ်တိုင်းမလိုက်တော့ဘူး။အရမ်းဝတဲ့လူတို့၊မီးသွေးအိတ်တို့ လာမခေါ်လေနဲ့မရဘူး။မအားဘူး စာဖတ်နေတယ်လုပ်တော့တာ။ကျွန်တော် အရွယ်ရောက်လာတော့ အဖေဟာ ရွှေတံခါးဂိတ်မှာမထိုးတော့ဘူး။သူနဲ့ဆိုက်ကားအတူနင်းဖက်တွေလည်း အလုပ်ပြောင်းကုန်ကြပြီ၊ဗေဒင်ဟောတဲ့လူနဲ့ကုန်စုံဆိုင်ဖွင့်တဲ့လူနဲပေါ့။အဖေကတော့ ကာစတန်ရုံးရှေ့ကုက္ကိုပင်အောက်မှာ ဆိုက်ကားလေးထိုး အရင်လိုစာအုပ်တစ်အုပ်နဲ့ငြိမ့်တုန်း။
“မင့် ငါကလူချမ်းသာဟ ငါဖတ်ချင်တဲ့စာအုပ်ဇိမ်နဲ့ဖတ်နိုင်တယ်။တချို့သူဌေးတွေငါ့လိုတောင်စာဖတ်ချိန်မရှိဘူး” လို့ ကျေနပ်တဲ့လေနဲ့အဖေပြောတတ်တယ်။ကာစတန်ရုံးနဲ့မျက်စောင်းထိုး လမ်းတစ်ဖက်မှာ ဂန္ဓမာစာပေ။ဆိုင်ပိုင်ရှင်က အာလူး။သူ့ခေါင်းက အာလူးသီးနဲ့တူလို့ အာလူးခေါ်ကြသလားမသိပါဘူး။သဘောအတော်ကောင်းတယ်။သူ့စာအုပ်တွေ ကျွန်တော်ဒီလောက်ငှါးပြီးပြန်မအပ်တာ ပြုံးပြုံးပဲ။
“ပိုက်ဆံတော့ လျော်ပေါ့ ဟဲဟဲ” လုပ်နေတတ်တာ။စာသမားပေသမားတွေကိုမငြိုငြင်ခဲ့ပါဘူး။ကျွန်တော်စာရေးဆရာဖြစ်လာတာ အာလူးရဲ့ဂန္ဓမာစာပေကျေးဇူးလည်းပါတယ်။
နောက်ထပ်စာပေတစ်ခုက ” ယွန်း ” ။ယွန်းစာပေက ညားခါစဇနီးမောင်နှံဖွင့်ထားတာပါ။ကဗျာစာအုပ်ကလေးတွေအတော်စုံတယ်။သပ်သပ် ရပ်ရပ်ဖုံးလိုက်လို့။ပိုင်စိုးဝေ၊မောင်ချောနွယ်ကဗျာစာအုပ်၊မောင်သိန်းဇော်၊သုခမိန်လှိုင်၊အောင်ချိမ့် စသဖြင့် အတော်စုံတယ်။အိမ်ကိုငှါးမပေးဘူး။ဆိုင်မှာထိုင်ဖတ် လက်ဖက်ရည်တောင်တိုက်သေးတယ်။တခြားစာအုပ်တွေတော့အိမ်ကိုငှါးသွားလို့ရပါတယ်။သူတို့ဆိုင်ကလေးက သိပ်မကြာလိုက်ဘူး။ခြောက်လ အလွန်ဆုံးမှတစ်နှစ်ထင်တယ်။ဆိုင်ပိတ် သွားတယ်။ကျွန်တော့်မှာ ကဗျာစာအုပ်ကလေးတွေကို လွမ်းကျန်ခဲ့ရတာပေါ့။
ရွှေတံခါးကနေတဖြည်းဖြည်းဆက်လျှောက်သွားတဲ့အခါ ညာဘက်မှာစာအုပ်ဆိုင် တစ်ဆိုင်။သူက စာအုပ် ငှါးသလိုရောင်းလည်းရောင်းတယ်။မောင်သာပြည့်၊နိုကိုဇူးဇင်၊မောင်စိန်ဝင်း(ပုတီးကုန်း)၊မောင်ညိုအေး(ပန်းတော)၊မောင်လှမျိုး(ချင်းချောင်းခြံ)၊ကိုစစ၊ကျွန်တော်အကုန် ငှါးဖတ်ခဲ့တယ်။တစ်အုပ်မျှမကျန်ဘူး။မောင်စိန်ဝင်းရဲ့ ချယ်ရီရိုးမမိုးမခကမ်းခြေဆို အခုထိရင်ထဲစွဲနေတယ်။အဲ့ဒီနောက် သိုင်းဝတ္ထုတွေ အတွဲလိုက် ဖတ်တော့တာပဲ။တရုတ်သိုင်းမင်းသမီးတွေ အရက်မူးပြီးသိုင်းချတာတို့ ကိုယ်တုံးလုံးရေချိုးတာတို့ အသေးစိတ်သရုပ်ဖော်ရေးတာကို အတော်သဘောကျတယ်။ဝတ္ထုတစ်အုပ်ထဲမယ် သိုင်းမင်းသမီးက ကိုယ်တုံးလုံးရေချိုးနေတယ်။ဝါးတောအလယ်ဖြတ်စီးနေတဲ့စမ်းချောင်းကလေးထဲမှာပေါ့။ရေကလည်း ကြည်လိုက်တာ မင်းသမီးရဲ့မွေးညင်းကလေးတွေကို ငါးသေးသေးလေးတွေလာရောက်တိုးဝှေ့ပွတ်သပ်တာတောင်မြင်ရတယ်။မင်းသမီးကို တိုက်ခိုက်မယ့်လူဆိုးတွေ ဖြုန်းဆိုရောက်လာတော့ မင်းသမီးက အတွင်းအားသုံးပြီးလေထဲ ပျံတက် တစ်ပတ်လည်အောင်ခန္ဓာကိုယ်ကိုလှည့်လိုက်တယ်။ကျွန်တော့်မျက်လုံးထဲ တရုတ်မလှလှကလေး လေထဲမှာ ကိုယ်တုံးလုံး ကျွမ်းပစ်နေတာမြင်ယောင်တယ်လေ။ခင်ဗျားတို့ကလည်း အခုထိစာအုပ်ဆိုင်နာမည်ကိုမမေးဘူးနော်။ကျွန်တော်ကလည်း မပြောမိဘူးကိုး။စာအုပ်ဆိုင်နာမည်က လက်ရွေးစင်..တဲ့။
(၆) ကျွန်တော့်ဇာတိမြို့မှာ မီးခွက်ဈေးဆိုတာလေးလည်းရှိတယ်။တောဈေးကလေးလိုပါပဲ။တောစာလေးတွေရတတ်သပေါ့။လက်ရွေးစင်စာပေနဲ့ဥပုသ်ချောင်းတံတားတို့ကြားထဲမှာလို့ မှတ်မိတာပဲ။ပြန်မရောက်တာကြာတော့ သိပ်လည်း မမှန်းဆတတ်တော့ပါဘူး။မှတ်ဉာဏ်ထဲမှာ ဇာတိမြို့ကလေးက ထင်ရှားလာလေ၊ရင်ထဲက နာနာပြီးလွမ်းလာလေဖြစ်ရတယ်။ပြန်လာခဲ့ပေါ့ကွာ ဘာဖြစ်သေးလဲ။ကားခဘာရှိတာမှတ်လို့။ပြောကြပေလိမ့်မယ်။မဖြစ်ဘူးဗျ။အထိုင်များတာရော၊အရက်သောက်ခဲ့တဲ့ဒဏ်တွေရောကြောင့်ထင်တယ်။ကျွန်တော့်မှာ ဆီးရောဂါဖြစ်နေတယ်။ယောက်ျားနဲ့ဆီးကတော့ မဟာမိတ်ပေါ့ဗျာ။ခဏခဏဆီးသွားချင်နေတာပြဿနာ။နာရီဝက်လေးဆယ့်ငါးမိနစ်တစ်ခါ အဝေးပြေးကားက ဘယ်ရပ်ပေးနိုင်မှာလဲ။လေပေါ်ကပျံဖို့ကျတော့လည်း ငွေအဆင်မပြေဘူးလေ။ငှက်သွင်ပျံကြွမတတ်သော်လို့ ညည်းရတော့မှာပဲ။ ထားပါ။
ကျွန်တော့်မြို့က မီးခွက်ဈေးအကြောင်း ပြောပြချင်တယ်။ဒါပေတဲ့ အများကြီးတော့မသိပါဘူး။ညနေခင်း မမှောင့်တမှောင်ဆို နေရာလာဦးကြတယ်။ဆာလာအိတ်ကလေးတွေကို အုတ်ခဲနဲ့ဖိလိုက်လို့ နေရာခင်းကြတယ်။မနက်အရုဏ်တက်လောက်ဆို ရေနံဆီမီးခွက်ကလေးတွေထွန်းပြီး ရောင်းကြချကြတယ်။အဲ့ဒီလိုနဲ့ မီးခွက်ဈေးတွင်ခဲ့တာပဲထင်ပါတယ်။အခုတော့ ဖယောင်းတိုင်တို့။ဘက်ထရီမီးတို့ထွန်းပြီးရောင်းကြသလားမပြောတတ်ဘူး။ကျွန်တော်မသေခင် ဇာတိမြို့ကလေးကိုပြန်ရောက်ဖြစ်ရင်တော့ အသေအချာလေ့လာဦးမယ်။ဆရာမြဆင့်ချယ်၊မြရွက်၊မောင်ကံချို(ကလေး)တို့ ဒီဈေးကလေးအကြောင်း ရေးခဲ့သလား၊တခြားဆရာတွေကော မှတ်တမ်းတင်ထားမျိုးရှိသလား။ကျွန်တော်မမေးမိဘူး။မရှိသေးရင်လည်း သေသေချာချာလေ့လာပြီး တိတိကျကျရေးပေးစေချင်ပါတယ်။ကျွန်တော်ကတော့ လယ်ကြွက်ပေါ်ချိန် ဖားပေါ်ချိန် မီးခွက်ဈေးထဲက ကြွက်ကင်နံ့ကလေးကို ပြန်ရမိနေသလိုပဲ။ကိုကံချိုနဲ့အဲ့ဒီဈေးကလေးထဲခဏခဏလျှောက်ဖူးတယ်။တစ်နေ့ကျဝေးသွားရမယ်ဆိုတာကြိုမသိခင်ကပေါ့။လွမ်းဆွတ်ရာအရပ်ဆီခွဲခွာသွားရမယ်မှန်းသိခဲ့ရင် မီးခွက်ဈေးထဲ ခင်ဗျားနဲ့အတူမလျှောက်ခဲ့ပါဘူး အစ်ကိုကံချို။အခုတော့ ခင်ဗျားနဲ့သေခွဲ ခွဲရသလို မီးခွက်ဈေးကလေးနဲ့လည်း ရှင်ခွဲခွဲနေရတယ်ဗျာ။
ကိုကံချိုနဲ့စတွေ့တာ ၂၀၀၄ခုနှစ်၊ဆရာမောင်ချောနွယ်ကွယ်လွန်ခြင်း ၂နှစ်ပြည့်ပွဲကလေးမှာ စတွေ့ကြတာပဲ။ကျွန်တော်ကမြန်မာပြည်မြောက်ဖျားကနေ ဇာတိမြို့ကလေးဆီပြန်လာတယ်။ကဗျာလေး ဘာလေးရေးမယ်ပေါ့။နယ်ခံဇာတိသားစာသမားကဗျာသမားတွေနဲ့ပြန်လည်ချိတ်ဆက်ဖို့လိုလာတာမို့ အဆက်အသွယ်ရှာရတယ်။ကံကောင်းချင်တော့ ကျွန်တော်နဲ့ကျွန်တော့်အဖေတို့ထိုင်နေကျ ရွှေဟင်္သာကဖေးမှာ မောင်ချောနွယ်အမှတ်တရပွဲလုပ်တာနဲ့ကြုံတယ်။ရွှေဟင်္သာက ပရိဘောဂဦးသန်းလှရဲ့ဆိုင်ပေါ့။ဒီလူက လူဖလံလေးပါ။သူ့မိန်းမကတော့အရပ်ရှည်ရှည်ပဲ။သူ့သမီးတွေနဲ့ကျွန်တော်က တော်တော်ခင်တယ်။ဆိုင်က မြစည်တော်ရိပ်သာထိပ်၊ကလေးဝလမ်းနံဘေး။အရီးကြည်တိုက်နဲ့မျက်စောင်းထိုးလောက်ဖြစ်မယ်။ဆရာမြဆင့်ချယ်က မြစည်တော်မှာနေနေခိုက်မို့ အဲ့ဒီဆိုင်ကိုရွေးချယ်လိုက်ကြတာလားတော့မသိဘူးပေါ့။ပွဲမှာ ကျွန်တော့်ဝမ်းကွဲအစ်ကို စမ်းကိုပါတယ်။ဝမ်းကွဲညီ ချစ်ကိုကိုပါတယ်။ဒီမောင်တွေလည်း ကဗျာရေးကြတာပဲ။နာမည်တွေကအပျံစားတွေ ချစ်စမ်းကို ချစ်ကိုကိုတဲ့။သူတို့အထက်မှာ ချစ်စမ်းမောင်ဆိုတာရှိသေး။အစ်ကိုစမ်းမောင်က ဝတ္ထုတိုရေးတာကောင်းတယ်။အခုတော့ ဆုံးသွားတာကြာပါပြီ။စမ်းမောင်အထက်က အစ်မတစ်ယောက်။သူကတော့ စာပေသိပ်ဝါသနာမပါဘူး။ကျွန်တော်တို့တစ်မျိုးလုံးစာပေသွေးရှိကြပေမဲ့သူ့မှာတော့ရှိဟန်မတူဘူး။ကျွန်တော်နဲ့သွေးအနီးဆုံးအစ်မကြီးအမိရာဆိုပေတဲ့လို့ ကျွန်တော်ကသတိမရမိပါဘူး။သူ့ကိုသတိရတဲ့အခါ နာကျင်ရတာတွေရှိလို့ပါပဲ။
ရွှေဟင်္သာကဖေးမှာ ဆရာမောင်ချောနွယ် အမှတ်တရပွဲလုပ်တော့ နန်းကြီးသုပ်ကျွေးတယ်။ကိုဆူး ချင်းတောင်ခြေလည်း အခုလောက်ထိပ်မပြောင်သေးဘူး။ဆရာဝင်းလည်း မာမာချာချာပဲ။ဆရာမြဆင့်ချယ်၊ဆရာမြရွက်၊မောင်ကံချို(ကလေး)၊သော်တာစံ(ကလေး)၊မောင်ကိုမောင်(ကလေး)၊လင်းဖွဲ့အိမ်၊ယွန်းအိမ်၊သစ်မှိုင်းလွင်(ယောမြေ)၊ကိုဇော်(ကလေးမြို့)၊အောင်မူး(ကလေး)ကျွန်တော်တို့ ညီအစ်ကို သုံးယောက်။တခြား ကျွန်တော်မမှတ်မိတဲ့ဆရာတွေလည်းပါလိမ့်မယ်။အဲ့ဒီပွဲကစပြီး ကျွန်တော်နဲ့တော်တော်ခင် သွားသူက ကိုသော်တာစံပဲ။သူ့ဆီက စာအုပ်ကလေးတွေငှါးဖတ်ခွင့်ရတယ်။ဆရာဝင်းကတော့ သိပ်မမိုက်ပါဘူး။သူ့ မြသန်းတင့်စာအုပ်ကလေး ကိုင်မိတာကို မင်းနဲ့တန်သလား ဘာညာဟောက်ခံရတယ်။သူ့ပါးစပ်က ဝသီဖြစ်နေတာ။စိတ်ထဲကပါလို့တော့လည်း မဟုတ်ဘူး။သူ့အဖြူထဲကအဖြူဝတ္ထုတိုကလေး ကလျာမှာပါလာတော့ စနေစာပေဝိုင်းမှာ တစ်မျက်နှာဝတ္ထုအကြောင်း အကျယ်အပြန့်ဆွေးနွေးကြတယ်။အဲ့ဒီတုန်းက စနေစာပေဝိုင်းမှာ ကျွန်တော်အသက်အငယ်ဆုံးလို့ထင်ပါတယ်။ကျွန်တော့်ညီ ချစ်ကိုကိုကလည်း စနေဝိုင်းကို လာမထိုင်ဘူးလေ။သည်တော့ အငယ်ဆုံးက ကျွန်တော်ပဲဖြစ်နေတော့တာပေါ့။
စနေစာပေဝိုင်းကလေးက ကျွန်တော့်စာပေဘဝအတွက် တကယ့်ခွန်အားပါ။စနေနေ့ညနေဆို ဗိုလ်ချုပ်လမ်း၊ဗလီတိုက်တန်း ဝေသင်းညကဖေးလေးမှာ ကလေးမြို့စာသမားတွေစုကြတယ်။ဝေသင်းကဖေးက မြဝတီစံစာပေရှေ့ပလက်ဖောင်းပေါ် ခုံခင်းတယ်။ဘေးချင်းကပ်ဝင်းသူဇာဆိုင်ရှေ့မှာတော့ ထမင်းပေါင်း ထမင်းကြော် ကော်ရည်ခေါက်ဆွဲဆိုင်ကလေး။ကျွန်တော်က အဲ့ဒါတွေမစားနိုင်ပါဘူး။ညနေမစောင်းမီကတည်းက ကိုသော်တာစံအိမ်ရောက်တယ်။စာအုပ်ငှါးတယ်။သူမုန့်ညှစ်တာထိုင်ကြည့်တယ်။စာအကြောင်းပေအကြောင်းပြောတယ်။ဘယ်မဂ္ဂဇင်းစာမူပို့ထားတယ်၊ရွေးစာရင်းမှာပါတယ် စသဖြင့်တွေပေါ့။ပြီးရင် သူ့နှမ မခင်စန်းမူသုပ်ကျွေးတဲ့ မုန့်ဟင်းခါးလက်သုပ်အဝစားရတယ်။သူတို့က မုန့်ဖိုကိုး။ဒေါ်တင်ကြည်မုန့်ဖိုဆိုတာ ကျွန်တော်တို့မြို့မှာ ထင်ရှားတယ်။ကိုသော်တာစံအလုပ်သိမ်း ရေမိုးချိုးပြီးပြီဆိုရင် နှစ်ယောက်အတူတူ စနေစာပေဝိုင်းကလေးဆီ လမ်းလျှောက်သွားကြတယ်။တစ်ခါတလေလည်း ဇွဲဆုပန်(ဆားလင်းကြီး)က သူ့ဆိုင်ကယ်လေးနဲ့လာခေါ်တတ်တယ်။ကျွန်တော်တို့လက်ထဲမှာ စာပေဝိုင်းက ရေးလာခဲ့ခိုင်းတဲ့ ကဗျာ၊စကားပြေ စာမူတစ်ခုခုတော့ လိပ်လျက်သားပါလာလေ့ရှိတယ်။ဒါက မရေးလို့မရဘူး။စာပေဝိုင်းရဲ့ထုံးစံပဲ။ဝိုင်းရောက်တဲ့အခါ သူ့စာမူကိုယ်ဖတ် ကိုယ့်စာမူသူဖတ်၊သူ့အမြင်ကိုယ့်အမြင်ဖလှယ်၊ပြင်သင့်တာဖြည့်သင့်တာတွေ ပြောကြဆိုကြ ပျော်စရာ။နောက် ရန်ကုန်မဂ္ဂဇင်းတိုက်တွေဆီစာမူပို့နေကျဖြစ်တဲ့ကိုကံချိုက ဘယ်စာမူတော့ ဘယ်တိုက်ပို့ရင်ကောင်းမယ် ဆိုတာမျိုး အကြံပေးတတ်တယ်။
စစ်ကိုင်းစာပေရောင်းရင်းတွေ စုစည်းထုတ်ဝေတဲ့အမေနေ့အထိမ်းမှတ်ကဗျာစာအုပ်မှာ ကျွန်တော်တို့ကလေးမြို့စနေစာပေဝိုင်းတော်သားတွေရဲ့ကဗျာ တော်တော်များများ ပါဝင်ခဲ့ကြတယ်။ဆရာမြဆင့်ချယ်ကတော့ ဘယ်လိုရေး၊ဘယ်ကိုပို့ သိပ်မပြောပါဘူး။သူက ကလောင်တွေအများကြီးနဲ့ စာပေါင်းစုံကိုရေးနေရတာ။ဆရာချိုတကူးကလည်း ကျွန်တော် တို့ဝိုင်းကိုမလာပါဘူး။သူ့အိမ်နဲ့စာပေဝိုင်းက ဝေးလှတော့ အသက်အရွယ်အရ မလာတာနေမှာပါ။ဘာရယ်တော့မဟုတ်ဘူးပေါ့ဗျာ။ကျွန်တော်တို့က လူငယ်တွေမဟုတ်လား။ကိုယ့်ရှေ့ကလူကြီးသူမတွေရဲ့နွေးထွေးမှုအားပေးမှုကလေးတွေလိုချင်ခဲ့တာပါ။ဆရာမြင့်နိုင်အိန်ကတော့ တာဝန်နဲ့အဝေးမှာမို့ထားပါတော့။ဆရာတွာခဲင်းန်မန်လည်း ကလေးမြို့မှာ မရှိ။ရန်ကုန်ရောက်နေပြီ။ဆရာမြရွက်ကတော့ ကျွန်တော်တို့နဲ့လက်ပွန်းတတီးရှိခဲ့ပါတယ်။ပြီးတော့ ဆရာမောင်ကိုမောင်ပေါ့။တစ်ခါတလေ သူနဲ့ကျွန်တော်နှစ်ယောက်တည်း။စနေညတော့မဟုတ်ဘူးပေါ့။ဝေသင်းကဖေးမှာ ရောက်တတ်ရာရာ ဘဝအကြောင်း စာအကြောင်းတွေပြောကြဆိုကြပေါ့။ရွှေဥဒေါင်းဆေးပေါ့လိပ်ကလေးတွေ ကိုယ်စီဖွာ၊ဆောင်းညကို တစိမ့်စိမ့်ခံစားရင်း ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်နေတဲ့အခါလည်းငြိမ်လို့ပေါ့။
” ကြယ်ဖြစ်တာအရေးမကြီးကွ ကြွေတတ်ဖို့ အရေးကြီးတယ်” ဆရာမောင်ကိုမောင်က ခပ်လေးလေး စကားဆိုတယ်။ကျွန်တော်က နှုတ်ခမ်းကိုတွန့်ရုံပြုံးတယ်။” တချို့ကြယ်တွေက သေနေတာတောင်မှမကြွေကြပါဘူးအစ်ကို”
ကျွန်တော့်အဖေက ဆရာချိုတကူးနဲ့ကျောင်းနေဖက် ဆိုတော့ သူ့သူငယ်ချင်းရေးခဲ့တာလေးတွေဖတ်ခိုင်းလေ့ရှိတယ်။အိမ်မှာ မဂ္ဂဇင်းဟောင်းသုံးလေးအုပ် ရှိရဲ့။ရင်ခုန်ပွင့်ပါ။ဆရာချိုတကူးအများဆုံးရေးခဲ့တဲ့မဂ္ဂဇင်းလို့ဆိုနိုင်ပါတယ်။ကျွန်တော်လေ့လာမိသလောက်ပြောပါတယ်။ကျွန်တော်ဆောင်းညထဲ အိမ်ကိုလမ်းလျှောက်ပြန်တိုင်း ဆရာချိုတကူးအိမ်ကို ဆယ့်ငါးမိနစ်လောက်တော့ ရပ်ကြည့်တတ်တယ်။ဒါ ငါတို့မြို့က စာရေးဆရာချိုတကူးရဲ့အိမ်။ကျွန်တော်က ကျွန်တော့်မြို့က စာပေသယံဇာတတွေကို သိပ်ချစ် တဲ့ကောင်စားပါ။ကျွန်တော့်ကို မုန်းကြသည့်တိုင်ပေါ့လေ။မိုက်တိမိုက်ကန်းနဲ့နှင်းဆီသူရဲကောင်းတို့မြို့ကလေးစာအုပ်တို့။အမှတ်တရမြကံချိုစာအုပ်ကလေးတို့ ကျွန်တော်ထုတ်ခဲ့ဖူးပါတယ်။ကျွန်တော့်မြို့ကလူ အကုန်နီးပါးရဲ့စာမူတွေပါတယ်။တချို့က စာမူတောင်းမရလို့ကျန်ခဲ့တာ။အဲ့ဒီတုန်းက လှသန်းရဲ့ဒီပရင်္ဂကဗျာကို ဘယ်သူ့မှဂရုမစိုက်ဘဲထည့်ထုတ် ပစ်လိုက်လို့ အတော်ရှင်းလိုက်ရသေးတယ်။ဖိုးမောင်က ကျွန်တော့်ဆီလာနေခိုက်ဆိုတော့ ဖိုးမောင်ကို ပြောရတယ်။
“တကယ်လို့ လာဖမ်းရင် ကျွန်တော် အောင်မှူးဝေပါလို့ပြောပြီး လိုက်သွားကွာ” မောင်မင်းကြီးသားမောင်ဖိုးမောင်ကလည်း အားကိုးရပါတယ်။အားတက် သရော ခေါင်းခါရှာတယ်။
“လုပ်ပါနဲ့ယာ လုပ်ပါနဲ့ယာ”တဲ့။
ဆရာမြဆင့်ချယ်က မြစည်တော်မှာနေတယ်။အခန်းနဲ့တော့မဟုတ်ဘူး။နှစ်ထပ်ကျောင်းဆောင်ရဲ့အောက် ထပ်မှာပဲ။သူ့အိပ်ရာဝန်းကျင်မှာ စာအုပ်တွေ အထပ်လိုက်အထပ်လိုက်ပုံထားတယ်။သူရတီမဂ္ဂဇင်းမှာ လူရှိုင်းတွေအကြောင်းအခန်းဆက်ရေးနေတဲ့ကာလပါပဲ။စာအုပ်တွေလျှောက်မကိုင်နဲ့ ငါက ငါ့အမှတ်အသားနဲ့ငါထားတာလို့ပြောတယ်။သူက ကျွန်တော့် အမေနဲ့ငယ်သူငယ်ချင်းမို့ အမေက အားကိုးတယ်ထင်ပါတယ်။စာပေနဲ့ပတ်သက်ရင် ဒီကလေးကို စောင့်ရှောက်ပေးပါလို့ အပ်တယ်။မြဆင့်ချယ်ကတော့ နကမ္ပတိပါပဲ။သူက သူ့အာရုံနဲ့သူလေ။ကျွန်တော့်ကို ဂရုစိုက်ဖို့နေနေသာသာ သူ့ကျန်းမာရေးတောင် သူဂရုစိုက်နိုင်တာမဟုတ်ဘူး။ချောင်းတဟွပ်ဟွပ် ဆိုးနေတာ ဆေးခန်းမပြဘူး။သူ့ဆီက စာမူခေါင်းစီးတပ်တာလေးတွေ စာလုံးအလှရေးတာလေးတွေ ကျွန်တော်ရလိုက်တယ်။
“ကိုယ့်လမ်းကိုယ်လျှောက်ရတာ၊ကြိုးစားလျှောက်ပေါ့ကွ။ငါထည့်ပေးလို့ကဗျာပါတာဆိုရင် အခုနေတော့မင်းပျော်မှာပေါ့။အသက်ကြီးလာမှ မင်းနောင်တရသလိုလို ဘာလိုလိုဖြစ်မယ်”မြဆင့်ချယ် ပြောခဲ့တယ်။
ကလေးမြို့စာပေသမိုင်းမှာ ကာလေးအရှင်ပဒုမကနေ မိုဃ်းဇက်သော်အထိ ဘယ်ဆရာကြီး ဆရာမကြီးကိုအားကိုးပြီး စာရေးဆရာ ကဗျာဆရာဖြစ်လာပါတယ်လို့ လက်ညှိုးထိုးပြစရာမရှိပါဘူး။ကျွန်တော်တို့မြို့သား ဇာတိမှန် သန္ဓေမှန် သန္ဓေကောင်း ဝမ်းစာပြည့်သူ မှန်ရင် ဘယ်သူ့အမှာစာ ဘယ်သူ့ချီးမြှောက်မှုကိုမှ မလိုအပ်ဘူး။ ကလေးသူကလေးသားဟာ ကိုယ့်အားကိုယ်ကိုးတဲ့ သတ္တိခဲတွေသာဖြစ်တယ်။ကျွန်တော်အပိုမပြောပါဘူး။လေ့လာကြည့်ပါ။
အေး..ရှိနေတာပဲဗျာ ဒီမှာဘယ်သူ့တော့ကြည့်ပါလားလို့ လာပြရင် အဲ့ဒါ ငပေါတစ်ကောင်ကောင် ကလေးမြို့သူ ကလေးမြို့သားယောင်ဆောင်ထားတာလို့ ကျွန်တော်ပြောလိုက်မယ်။ကျွန်တော်က အားနာတတ်တဲ့ကောင်မဟုတ်ဘူး။ဒီမယ်..သူများတွဲတင်မှ စင်ပေါ်ရောက်မယ့် စာပေဒုက္ခိတတွေကို ကျွန်တော့်မြို့သားတွေလို့ သေတောင်မပြောဘူး။
ကျွန်တော်တို့စာပေလောကထဲ ဝင်မယ်ဆိုတော့ လမ်းပြခဲ့သူတွေ အခု သက်ရှိထင်ရှားမရှိကြတော့ပါဘူး။ အထူးသဖြင့်တော့ မောင်ကံချို(ကလေး)ပေါ့။ ကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့ရှာပြီ။မကွယ်လွန်ခင်ကလေးကို ကျွန်တော်နဲ့တစ်ခေါက်တွေ့လိုက်သေးတယ်။ ကျွန်တော်စာသင်နေတဲ့ မုံရွာအသောကာရုံကျောင်း စိန်ပန်းဆောင်ကို တကူးတကန့်သူရောက်လာတယ်။အားပေးတယ်။မုံရွာစာသမားတွေနဲ့ချိတ်ဆက်ပြီး သင့်သင့်မြတ်မြတ်နေဖို့ပေါ့။သူစစ်ကိုင်း သီတဂူဆေးရုံလား ဝါးချက်ဆေးရုံလားမသိ သွားပြတယ်။အပြန်လည်းတစ်ခေါက်ထပ်ဝင်လာသေးတယ်။ပြုံးနေတာပါပဲ။
” စိန်ပန်းဆောင်က လူဆိုးတွေထားတာလို့ပြောတယ်” လို့ ကျွန်တော့်အဆောင်ကို ကြည့်ပြီးရယ်မောပြောဆိုနေတယ်။ရောဂါက သက်သာတယ်လို့ပြောတာနဲ့ ကျွန်တော်လည်း အမှတ်တမဲ့နေမိတယ်။
” အုတ်တံတိုင်းကျော်တာကောင်းကောင်းတတ်နေပြီဗျ” လို့အလိုက်သင့် ပြန်ပြောရတယ်။သူချစ်တဲ့သူ့ဇနီး မမချိုကလည်း အဝေးမှာရောက်နေချိန်ကြီးဗျာ။သူ အေးအေးဆေးဆေးထွက်ခွာသွားခဲ့တယ်။
ကိုကံချိုအကြောင်းပြောရရင်တော့ အများကြီးပါပဲ။သဘောထားပြည့်ဝပြီး စာနာတတ်သူ၊အားနာတတ်သူတွေထဲမတော့ နှစ်ယောက်မရှိဘူးဆိုရမယ်။ဒါပေတဲ့ ခပ်ပျော့ပျော့တော့မဟုတ်ဘူး။မာစရာရှိရင်သူများထက်ပိုမာတယ်။လူငယ်တွေလမ်းမှားရောက်မယ့်အရေးဆို ပြတ်ပြတ်သားသားကို တားတယ်။ကျွန်တော်က ကိုယ်တွေ့။ကျွန်တော်ဟာ အဲ့ဒီအချိန်တုန်း ဘာလုပ်ရမှန်းမသိအောင်ကို လမ်းပျောက်နေတာ။ငယ်သူငယ်ချင်းတွေနဲ့ဟိုဟိုဒီဒီလျှောက်လိုက်၊ဒီကောင်တွေ ခွင်မိလို့ပွဲခံရင်လိုက်စား။ဖင်စီဒိုင်း၊အရက်၊နံပါတ်ဖိုး အကုန်တွယ်တာပဲ။နံပါတ်ဖိုးဆိုရင် နားထင်ကို ဘလိတ်ဓားနဲ့ရှပ်ခွဲပြီးသိပ်ရတာကို သဘောကျတယ်။တစ်နေ့ ကျွန်တော်အတော်ကွဲပြီး တာဟန်းဘက်ကနေလမ်းလျှောက်ပြန်လာတယ်။ တံတားဦးကနေချိုးချ၊ပင်လုံလမ်းမတော်အတိုင်း ကလေးဝလမ်းဘက်ကို ထောင်တက်လာတာပေါ့။ပြည်ချစ်သူဆီဆိုင်နားရောက်တော့ ကားတိုက်ခံရတော့မလိုဖြစ်တယ်။ကိုကံချိုထွက်ဆွဲတာမြန်လို့ပေါ့။မဟုတ်ရင်ဒီအချိန် ကလေးမြို့ပြင်သာသုသာန်မှာ မြေပုံကလေးတစ်ပုံအပိုင်စားရနေလောက်ပြီ။ကျွန်တော့်အိမ်ကို ကိုကံချိုလိုက်ပို့တယ်။အဖေကလည်း ငါမနိုင်ဘူးကွာ မင်းညီကို မင်းပဲဆုံးမပါလို့အပ်သတဲ့။နောက်နေ့ကျတော့ ကိုကံချိုရှိတဲ့ပြည်ချစ်သူဆီဆိုင်ကို ကျွန်တော်သွားတယ်။ရက်စက်ပြင်းထန်တဲ့ စကားလုံးတွေဟာ မြားတွေလိုပဲ။
” ငါက မင်းကို စာသမားတစ်ယောက်အဖြစ်မျှော်လင့်ထားတာ မင်းဖိုးသမားဘဝနဲ့အမှိုက်ပုံမှာသေမယ်ဆုံးဖြတ်ထားရင် ငါ့ဆီဘယ်တော့မှမလာခဲ့နဲ့”
” ကျွန်တော်စွဲနေတာမဟုတ်ပါဘူးအစ်ကို”
” ဒါမျိုးက အစမလုပ်တာအကောင်းဆုံးပဲ”
” နောက် တစ်သက်လုံး မဖြစ်စေရပါဘူး”
“မင်းကတိပေးသလား”
” ပေးပါတယ်အစ်ကို” သူထိုင်နေကျ ခုံတန်းကလေးပေါ် ပိတောက်ရွက်ခြောက်တွေ တဖြုတ်ဖြုတ်ကြွေလို့။နွေကလည်း နွေအခါကိုး။ ကိုကံချိုနဲ့ ကိုအောင်မူးတို့က မျက်စောင်းထိုး လမ်းဟိုဘက်ဒီဘက်။ကိုအောင်မူးပန်းချီဆိုင် နံဘေးမှာ မြင်းလှည်းဂိတ်။နောက်တော့ ကိုအောင်မူးပန်းချီဆိုင်ကလေးဟာ ကိုကံချိုရဲ့ပြည်ချစ်သူဆီဆိုင်ဘေးပြောင်းလာတယ်။ကျွန်တော်နေ့တိုင်းလိုလို ရောက်ဖြစ်တယ်။တစ်ခါတလေ ရန်ကုန်က ကဗျာဆရာမ မရီဝေလည်းရောက်လာတတ်တယ်။သူက ဗေဒင်လည်းဟောတာမို့ သမုတိသစ္စာမင်းသားကြီးတို့ဘက် အရောက်များပုံပါ။စာပေလောကထဲဝင်မယ်ဆိုရင် ဘယ်လိုရှိတယ် ဆောင်ရန်ရှောင်ရန်တွေ ပြောပြတယ်။နောက်ပိုင်း ကျွန်တော်ရန်ကုန်ရောက်လာတော့လည်းပဲ လေထန်ကုန်းမှာ မရီဝေပဲ ကဗျာဆရာ စာရေးဆရာတွေနဲ့မိတ်ဆက်ပေးခဲ့တယ်။သူ့သား ဗညားဦးက ပန်းအလင်္ကာမှာ အလုပ်လုပ်နေတယ်။ကဗျာဆရာပါပဲ။ကျွန်တော့်သူငယ်ချင်းတွေထဲမတော့ အအူဆုံးကောင်ပါ။ရဲစခန်းထဲ ချဲရောင်းမယ်ဆိုတဲ့ကောင်မျိုး။ မိန်းမကိုကြောက်တာကလည်း ပျာလို့။
စာရေးစရာစက္ကူ၊ဘောလ်ပင်န်ကအစ ကူညီထောက်ပံ့ပေးတတ်သူ၊မြောင်းထဲကျနေတဲ့သစ်ရွက်ကို ဆယ်ယူပေးသလို ကျွန်တော့်ဘဝကို ဆယ်ယူပေးခဲ့သူ၊မောင်ကံချို(ကလေး)။နွေရွက်ဦး(ကလေး)။ကံရော ဉာဏ်ရော ဝီရိယရော မေတ္တာပါချိုပါတယ်အစ်ကိုရာ။ခင်ဗျား အစောကြီးထွက်သွားတာကို ကျွန်တော်တို့မှာ နှမြောမဆုံးဖြစ်နေကြရတာပါ။ထမင်းဘူးကလေး ဖွင့်လိုက်ရင် ခရမ်းချဉ်သီးနဲ့ငါးခြောက်။ကျွန်တော်ကတစ်ဝက်ခွဲစား။အကြမ်းရေးထားတဲ့သူ့ကဗျာကလေးတွေယူဖတ်။သူက ပန်းချီလည်းနည်းနည်းပါးပါးဆွဲတယ်။သူ့ပုံကြမ်းကလေးတွေယူကြည့်။
” ညီလေးရ စာပေသမားတွေရယ် စာအုပ်ဆိုင်တွေရယ်ဆိုတာ မြို့တစ်မြို့ရဲ့အကိုက်အခဲပျောက်ဆေးပဲကွ။ မြို့တိုင်းဟာ နိုင်ငံရေး စီးပွားရေး လူမှုရေး အစရှိတာတွေနဲ့အစဉ်သဖြင့်ကိုက်ခဲနေတတ်တာကိုး။အကိုက်အခဲဖြေပေးဖို့ဆိုတာ စာပေသမားနဲ့စာအုပ်ဆိုင်တွေရဲ့တာဝန်ပေါ့ကွာ” လို့ သူပြောတာလေးတွေ လိုက်မှတ်။ညနေတိုင်တော့ သူနဲ့ကျွန်တော် လမ်းလျှောက်ပြီး မြဝတီစံရှေ့ စာပေဝိုင်းကလေးဆီသွား။ညနက်တော့ သူက ကြောင်ပန်းကျောင်းနားက သူ့အိမ်ကိုပြန်။ပင်လုံလမ်းမတော်ထိပ်မှာ လမ်းခွဲကြ။နှင်းမှုန်မှုန် ကလေးမြို့ညတွေ။ကျွန်တော်က ကျေးလက်ဆန်တဲ့ရပ်ကွက်ကလေးဆီပြန်။
” အခုတော့ အကိုက်အခဲပျောက်ဆေးတွေကိုယ်တိုင် ကိုက်ခဲနေကြပြီလား။ကျွန်တော်မသိတော့ဘူး ကိုကံချို။ကျေးလက်ဆန်တဲ့ မြို့ပြင် ရပ်ကွက်ကလေးဆီလည်း ကျွန်တော်ပြန်မရောက်ဖြစ်သေးဘူး” ကိုကံချိုရေ.. အစ်ကိုပေးတဲ့ ဒိုင်ယာရီစာအုပ်ထဲမှာ ကျွန်တော်ပထမဆုံးရေးဖူးတဲ့ကဗျာလေးနဲ့ပဲ ဒီစာစုကိုနိဂုံးချုပ်လိုက်တယ်ဗျာ။ရောက်လေရာဘုံဌာနကနေ ကျွန်တော်တို့ အစ်ကို့ကိုလွမ်းဆွတ်နေတဲ့အကြောင်း ကြားသိပါနိုင်ပါစေ။ ။
ဒိုင်ယာရီ
————————-
မီဦးမလားလို့ အပြေးလိုက်မိတယ်
ငွေရေးကြေးရေးက
သံလမ်းကိုခလုတ်တိုက်လဲတာနဲ့
သူ ကျကျန်ရစ်တဲ့ဥသြသံကိုပဲ
စာအုပ်ကြားထဲ ကောက်ညှပ်ပြီးတော့ ပြန်ခဲ့ရပါတယ်။ ။
အလွမ်းများဝေးကြပါစေ ။ ။
Red News Agency