”တီးကွက်နဲ့အတူလည်း မကနဲ့။ဘာနဲ့မှ မကနဲ့။နင်ဗိုက်ချောင်သွားရင် ထမင်းထပ်စားဦးမယ်မဟုတ်လား။ဆန်ကုန်တယ်။ကပ်ကြီးပြီးမှ ဝအောင်ကတော့ဟဲ့”
အောင်မှူးဝေ
[၁]
ကိုရီနိုင်သည် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် အိမ်ထဲအောင်းနေရသည့်အချိန် ကြာသည်နှင့်အမျှ စိတ်ကယောက်ကယက်ဖြစ်လာ၏။မြင်မြင်သမျှ အလိုမကျ၊ကြားကြားသမျှ အလိုမကျ၊နံနံသမျှအလိုမကျ၊စားစားသမျှ အလိုမကျ၊တွေ့ထိသမျှ အလိုမကျ ဖြစ်နေသည်။
” ဒီစာအုပ်တွေ ဒီနားထောင်ထားတာ အကြည့်ရဆိုးတယ်ဆိုတာ မသိဘူးလား ဟမ်။ဒီမိန်းမဟာ အသုံးကိုမကျဘူး”
” ဪ..ကိုကိုပဲ လူမြင်ကွင်းမှာမထားနဲ့ လူတွေက ငှားဖတ်ပြီး ပြန်မပေးကြဘူးဆို”
” လူတွေမှ ငွေရှာမရလို့ မွဲတော့မှာပါဆို ဘာကြောင့် နဂါးနီသီချင်းပဲ ထပ်ကာထပ်ကာဖွင့်နေရတာလဲ”
“ဪ..ကိုကိုပဲ ဇမ္ဗူဒိပ်နိမိတ်ဆို၊ဒီသီချင်းနေ့တိုင်းဖွင့်ရမယ်ဆို”
” တောက်..ဒီအနံ့ကြီးက ဘာအနံ့ကြီးလဲ။အန်တောင် အန်ချင်လာပြီကွာ”
” ဪ..ကိုကိုကြိုက်လို့ ကိုကိုဝယ်လာတဲ့ ဂျာမနီပရုတ်လုံးနံ့လေ။ကြွက်ပြေးတယ်ဆို”
” ကောင်းကွာ ကြွက်တော့မသိဘူး၊ငါတော့ သင်္ချိုင်းကုန်းကို ပြေးချင်နေပြီ”
ကိုရီနိုင်ကတော်သည် ထမင်းဝိုင်းပြင်နေ၏။အိမ်ထဲက အိမ်ပြင်မထွက်ရဲသောကြောင့် ရှိတာလေးဖြင့် ကြံဖန်ချက်ပြုတ်ထားရသည်။ကြက်ဥကြော်၊ဘဲဥချဉ်ရည်ဟင်း၊အသားတုဆီပြန်။ဥက္ကလာဒေါ်မိုးပြာ ငါးပိထောင်း၊တို့စရာ ခရမ်းကြွပ်သီး အဖြူလေးက နှစ်လုံး။မောင်တစ်ကိုက် မယ်တစ်ဖဲ့။
” မင့်ခရမ်းကြွပ်သီးတွေကလည်း ကိုဝိုင်ချိုသွေးကင်ဆာဖြစ်နေတဲ့ရုပ်နဲ့ကွာ..လခွီး”
” ဪ..ကိုကိုပဲ ကြိုက်လှချေရဲ့ဆိုပြီး မာယုသာဈေးခြင်းတောင်းထဲက အတင်းနှိုက်ယူထားလိုက်တဲ့ဟာပဲလေ၊တော်တော်အနှိုက်မြန်တဲ့ကိုကို ခစ်ခစ်”
လင်စုံမယားဖက် ထမင်းစားသောက်ပြီးသည့်နောက်၊ကိုရီနိုင် တစ်ယောက် ပက်လက်ကုလားထိုင်မှာထိုင်ပြီး ခံတွင်းချဉ်ပြေအောင် စီးကရက်ဖွာနေ၏။
” လူ့ဘဝကလည်း ခံတွင်းချဉ်စရာအများသား။ဗမာပြည်စီးကရက်တွေကလည်း သောက်လို့ကောင်းပြီဆိုရင် ဈေးတက်ရတာနဲ့ ကွာလတီလျှော့ရတာနဲ့ ကာစတန်မာကို ယီးထင်တဲ့အချိုးတွေချိုးနေကြတာပဲ။သောက်သုံးတစ်စက်မှမကျဘူး”
ကုလားထိုင်ဘေး စားပွဲပုလေးပေါ်က ဖတ်လက်စ ကဗျာစာအုပ်ကို ဆွဲယူကာ မဖတ်ချင် ဖတ်ချင်နှင့်ယူဖတ်လိုက်သည်။
” အောင်မယ့်..အောင်မှူးဝေရေးတဲ့နှင်းဆီလှိုင်ရဲ့စံပယ်တင်ယုတ်မာမှုတွေနဲ့ကမ္ဘာဆိုပါကလား။ဘာကောင်းတဲ့စာအုပ်တုန်း။သင်ဇာဝင့်ကျော်ပုံလည်း မပါဘူး သောက်လကားစာအုပ်”
မျက်လုံးက စင်းလာ၏။စာအုပ်ကို စားပွဲပေါ်ပစ်ချပြီး တစ်ရေးမှေးလိုက်ဦးမည့် အကြံ၊ကိုရီနိုင် ပခုံးပေါ်သို့ အေးစက်စက် လက်ကြီးနှစ်ဖက် ဘတ်ခနဲဆုပ်ကိုင်လိုက်လေသည်။
” အောင်မလေးဗျ..ဘာ..ဘာကြီးတုန်း”
” ဪ..အချစ်ရဲ့လက်များပေါ့ကိုကိုရဲ့။ကိုဗစ်ကာကွယ်ဖို့ လက်ခဏခဏဆေးရတာနဲ့ အေးစက်နေတာပါကွယ်”
”ဘာကွ၊ဘာတွေလာပြောနေတာလဲ”
နဂိုကမှ စိတ်ကယောက်ကယက်ဖြစ်နေသောကိုရီနိုင်။ထိတ်လန့်ရာမှ ဒေါသထွက်သည်အထိဖြစ်သွား၏။မိန်းမကို ရိုက်ပစ်လိုက်မည်ဟု လက်ကို အားကုန်မြှောက်လိုက်သည်။
သို့သော် မိန်းမပြောလိုက်သည့်စကားတစ်ခွန်းကြောင့် မရိုက်ဖြစ်တော့ပေ။
ကိုရီနိုင်၏ဒေါသမီးပုံကြီးကို ဟုတ်ခနဲငြိမ်းသေသွားစေသော ကိုရီနိုင်ကတော်၏ စကားရေစင်မှာ..
” ရိုက်ချင် ရိုက်ပါလား ကိုကို့မိန်းမပဲနာမှာပေါ့..လို့” ဟူသည်တည်း။
ဪ.. ဟော်..သုခမြားမြောင် လူတို့ဘောင်။ ။
[ ၂]
ကိုဝိုင်ချိုသည် ကိုဗစ်-၁၉ကြောင့် အိမ်ထဲ အောင်းနေရသည့်အချိန် ကြာလာသည်နှင့်အမျှ စိတ်ကယောက်ကယက်ဖြစ်လာ၏။သည် ၂၀၂၀ ခုနှစ်သည် သင်္ကြန်ဝိညာဉ်သေသောနှစ်လည်း ဖြစ်သည်။သင်္ကြန်မကဲရသဖြင့် ဥဩသံနှင့် ပိတောက်ပန်းတို့ကို အားနာမိ၏။ထို့ထက်ပို၍ ပိတောက်မကလေးကို အထူးအားနာမိသည်။ကိုကိုဟာ ယောက်ျားတစ်ယောက်မဖြစ်ထိုက်ပါဘူး အချစ်ကလေးရယ် ဂန်ဒူးပဲဖြစ်ထိုက်ပါတယ်။အချစ်ကိုသင်္ကြန်လိုက်မပို့နိုင်တဲ့ ဟောဒီနှစ်ကို မုန်းတယ်။ကိုဝိုင်ချို သက်ပြင်း တစ်ဆက်ရှင်န်ချလိုက်ပြီးနောက် အောက်စက်ထဲသို့ သင်္ကြန်သီချင်းခွေ တစ်ခွေထိုးထည့်လိုက်၏။
” ယိမ်း..နွဲ့ကာ..တီးကွက်နဲ့အတူ..ကစဉ်..လက်ခုပ်သံ စည်းချက်လိုက်မှာလား..”
” ဂွပ်..ဂွပ်..”
ကိုဝိုင်ချို့အမေက သူ၏ချစ်လှစွာသောသားကလေးခေါင်းကို စတီးဇလုံကြီးဖြင့် နှစ်ချက်ထုကာ စည်းချက်လိုက်ပေးလိုက်သည်။ရင်ကလေးမောက် ဖင်ကလေးကောက်ကာ အခန်းတစ်ပတ် လှည့်ကနေသောကိုဝိုင်ချိုခမျာ ဟန်ချက်ပျက်သွားရရှာ၏။
” တီးကွက်နဲ့အတူလည်း မကနဲ့။ဘာနဲ့မှ မကနဲ့။နင်ဗိုက်ချောင်သွားရင် ထမင်းထပ်စားဦးမယ်မဟုတ်လား။ဆန်ကုန်တယ်။ကပ်ကြီးပြီးမှ ဝအောင်ကတော့ဟဲ့”
” အမေကလည်း ဗျာ”
ကိုဝိုင်ချို မျက်ရည်များပင် စို့၍လာလေသည်။
ဪ..ဟော်…သုခမြားမြောင် လူတို့ဘောင်။
[ ၃]
မာယုသာသည် ကိုဗစ်-၁၉ကြောင့် အိမ်ထဲအောင်းနေရသည့် အချိန် ကြာလာသည်နှင့်အမျှ စိတ်ကယောက်ကယက်ဖြစ်လာ၏။တစ်ကမ္ဘာလုံး ကပ်သင့်နေချိန်ဖြစ်၍ အလုပ်အကိုင်ကလည်း အပေါက်အလမ်းမတည့်။မာယုသာက အပြားကလေးတွေကို အရမ်းစိတ်ဝင်စား၏။အလုံးတွေကို လုံးဝကြည့်မရ။အလယ်ကဖောင်းနေသော အပြားကလေးတွေဆို မာယုသာပိုကြိုက်သည် ။ဥပမာ မုန့်ပေါင်းလိုဟာမျိုး။သူ့စိတ်ဝင်စားမှုနှင့် အံကိုက်ဖြစ်သောအလုပ်တစ်ခု သူစမ်းသပ်လုပ်ကိုင်ခဲ့၏။ဦးထုပ်အပြားကလေးတွေ ရောင်းချသည့် အလုပ် ဖြစ်သည်။
ကမ္ဘာကျော် ရုရှားကဗျာဆရာ မာယာကော့ဖ်စကီးတို့ ဆောင်းလေ့ရှိသော ဦးထုပ်မျိုး။မြန်မာပြည်ကတော့ နံပြားဦးထုပ်ဟု ခေါ်သည်။ဟာသသရုပ်ဆောင်ကြီး ဦးစံမတူဆောင်းသောဦးထုပ်မို့ စံမတူဦးထုပ်ဟုလည်းခေါ်သေး၏။မာယုသာသည် ဦးထုပ်အပြားကလေးတွေကို ဓာတ်ပုံရိုက်ကာ facebookပေါ်တင်သည်။အရောင်းကြော်ငြာ ပို့စ်တင်ခြင်းဖြစ်၏။ဤနည်းဖြင့် ဝယ်လက်ရှာရသည်။အမှာရှိလျှင် အိမ်အရောက်ပို့ပေး၏။သူ့ပို့စ်အောက်တွင် လာမန့်သော ကောမန့်တစ်ခုကြောင့် အာရုံနှစ်ကျပ်ခွဲသားခန့်နောက်သွားရသည်။
” ရွာမှာ ပဲကောက်ရင်းဆောင်းချင်လို့ ခမောက်အဝိုင်းကြီးတွေရော မရောင်းဘူးလား။ရောင်းတယ်ဆိုရင် တပေကုလားရွာ ဦးသန်းရွှေအိမ်ကိုပို့ပေးပါ” ဆိုသော ကောမန့်ဖြစ်၏။
” ခမောက်တော့ မရောင်းပါဘူးဗျာ” ဟု စာပြန်လိုက်သည်။
မာယုသာသည် အတွေးအခေါ်ပါသောစာများကို ဖတ်ရှုလေ့ရှိသူတစ်ယောက်ဖြစ်၏။များသောအားဖြင့် ဂရိအတွေးအခေါ်ပညာရှင်ကြီး အရစ္စတိုတယ်၏စာများကို ခုံမင်မြတ်နိုးစွာဖတ်သည်။
ယနေ့တော့ မာယုသာအဖို့ ပြောင်းလဲချိန်တန်သွားပြီ။အရစ္စတိုတယ်စာအုပ်များကို အိမ်ရှေ့မြောင်းထဲသွား လွှင့်ပစ်လိုက်၏။
” သောက်လကားဆရာကြီး။ဘာတွေလျှောက်ရေးထားမှန်းမသိဘူး။သောက်တလွဲတွေ။တောက်..”
အားနှင့်ဆောင့်ပြီး တောက်ခတ်လိုက်သောကြောင့် ဒဏ်ရာရထားသည့် မာယုသာ၏ဦးခေါင်း အလွန်နာကျင်သွားသည်။မနေ့ညက ရလိုက်သောဦးခေါင်းဒဏ်ရာကြောင့် ယနေ့မှအသစ်ရောက်လာသော ဦးထုပ်ပြားကလေးများကို အစမ်းဆောင်းမကြည့်ရသေးပေ။
အရစ္စတိုတယ်က ရေး၏။
မိန်းမများသည် ယောက်ျားများထက် သွားအရေအတွက် နည်းသည်။
မာယုသာသည် အရစ္စတိုတယ်ပြောတာဟုတ်မှာပဲဟု ယုံကြည်ကာ အိပ်ပျော်နေ့သည့်သူ့မိန်းမ ပါးစပ်ကို ဖြဲကြည့်၏။ဟိုက ဘာအရူးထတာလဲ သေနာကျရဲ့ဟုအော်ကာ သနပ်ခါးတုံးဖြင့် ခြောက်ချက်ထုလိုက်လေသည်။မာယုသာတစ်ယောက် ဦးထုပ်အပြားအပါအဝင် ကမ္ဘာပေါ်ရှိအပြားမှန်သမျှတို့ကို တဒင်္ဂမေ့လျော့ကာ နေ၍ထိုင်၍ကောင်းသွားခဲ့လေသတည်း။
ဪ..ဟော်..သုခမြားမြောင် လူတို့ဘောင်။
Red News Agency