သုခမြားမြောင်လူတို့ဘောင်

ယနေ့ခေတ်တော့ ကောလာဟလကို ပါးစပ်ဖြင့်သာမက လက်ကပါ တောက်တောက်တက်တက်လုပ်၍ ပြောဆိုဖြန့်ဝေလာနိုင်သည်။ဖုန်းဘေလ်တစ်ထောင် ရှိလျှင် အတော်များများဖြန့်ဝေလာနိုင်၏။ကောလာဟလက လူကို အတော်ဒုက္ခပေးပါသည်။တမာရွက်ကျိုသောက်လျှင် ကိုဗစ်-၁၉ ကာကွယ်သည် ဆိုသောကောလာဟလကြောင့် ကျွန်တော့်မိတ်ဆွေ လင်မယား ဒုက္ခရောက်သွားကြရ၏

အောင်မှူးဝေ

မိုက်ကယ်နှင့်တုံးတုံးတို့ လင်မယား ခေါင်းတုံး တုံးလိုက်ကြ၏။ ကိုဗစ်-၁၉ကို ကာကွယ်ကြဟန် တူသည်။သူတို့မျက်နှာကလေးတွေက နုနုငယ်ငယ်။ခေါင်းတုံးနှင့်လည်း လှကြ၏။တချို့ကျတော့ မျက်နှာရင့်ထော်နေရသည့်အထဲ ခေါင်းတုံး တုံးထားလိုက်လျှင် ကြောက်စရာကြီး ဖြစ် သွားတတ် သည်။ကျွန်တော့်သူငယ်ချင်း လွတ်လပ်မိုးနှင့်ကေဇော်မိုးတို့ဆိုလျှင် ခေါင်းတုံးနှင့်မလိုက်ပေ။နဂိုက ကျက်သရေတုံးရသည့်အထဲ ခေါင်းတုံးတုံးလိုက်တော့ လူညွန့်ပါတုံးသွားသယောင် ထင်ရ၏။

ကဗျာဆရာ(ကို)သစ်ငြိမ်းလည်း ခေါင်းတုံးနှင့်မလိုက်ပါ။သင်္ကန်းဝါဝါကြီးဝတ်ထားလျှင်ပိုဆိုးသည်။ဝါတော်တစ်ထောင်ရ မဟာဓားပြကထိကကြီးနှင့်သာ တူတော့၏။သင်္ကန်းအညိုကလေးနှင့် ဆိုလျှင်တော့ မဆိုးလှပေ။သူ့ကိုကြည့်ပြီး တစ်ခုတော့သိသွားသည်။ရုပ်ဆိုးတဲ့လူများ ဘာဝတ်ဝတ် မလှဘူးဆိုသော အသိပင်ဖြစ်၏။(တွယ်ရမှာပဲ ငါ့ညီလေးရယ်လို့ မုန့်ဖိုးမှမစွန့်တာကို)။
ကျွန်တော်လား။ဘာသင်္ကန်းဝတ်ဝတ် မချောသောကြောင့် လူဝတ်လဲလာခဲ့ရသည်မှာ ကြာပြီ။

ယခုနှစ်ကား ပုဏ္ဏမီစန်းယုန်ပွင့်နှင့်ဘားမားခေါင်းတုံးနက္ခတ်တို့ ယှဉ်ကြ လေသလာမပြောတတ်။ ဟိုနားသွား ခေါင်းတုံး၊သည်နားသွားခေါင်းတုံး။ကြည့်လေရာရာ ခေါင်းတုံး တွေချည်း ဖြစ်နေသည်။ ကိုဗစ်-၁၉ ကြောင့် ဒုလ္လဘလည်း ဝတ်၍မရ။သည်တော့ ကျောင်းမရောက်အိမ်မ ရောက်ခေါင်းတုံး တွေသာ ဖြစ်နေကြလေ၏။

“ မိန်းမ ခေါင်းတုံး တုံးချင်တယ်”

“ ဟာ ဘာအရူးထတာလဲကွာ။ဗိုက်ကြီးသည်နဲ့ ခေါင်းတုံးနဲ့ ဘယ်လိုမှ ကြည့်မလှပါဘူး”

“ ကြည့်မလှလည်း လှတဲ့လူသွားကြည့်ပေါ့။ခေါင်းတုံးမတုံးရရင်လည်း ဆံပင်တိုတိုလောက်တော့ ညှပ်မှာပဲ”
ကရင်မလည်း သည်ဗိုက်ကျမှ ဘာဖြစ်နေသည်မသိ။အတော်လှချင်ပချင်နေ၏။
“ မင်းသာ ခေါင်းတုံး တုံးလို့ကတော့ ထိုင်းဂန်ဒူးဘုန်းကြီးလိုလို အော့ဇ်ဝစ်အကျဉ်းစခန်းက ဂျူးမလိုလို ဖြစ်နေမှာပဲ” ဟု စာရင်းပိတ်စကား ပြောလိုက်ရသည်။

“ မျက်ခုံးမွေး ဆွဲချင်လာပြီ”

“ဆွဲပေါ့ မျက်ခုံးမွေးတင်မကဘူး ရှိသမျှအမွေးအကုန်ဆွဲပစ်”

“ မဟုတ်ဘူး၊မောင့်မျက်ခုံးမွေးကိုဆွဲချင်တာ”

“သောက်ကျိုးနည်းပဟ”
မျက်ခုံးမွေးဆွဲတံက မျက်နှာရှေ့ ဝဲ၍လာလေသည်။ မိန်းမသားတို့သည် ခက်၏။
သူတို့ကိုမှ ချစ်သလိုလို ခင်သလိုလိုဖြစ်မိသူ ကျွန်တော်တို့က ပိုခက်သည်။

ဪ..ဟော်..သုခမြားမြောင် လူတို့ဘောင်။

[ ၅]

ကိုဗစ်-၁၉ကြောင့် အိမ်မြဲနေရသည့်ကာလများ၌ စာအုပ်စင်ပေါ်က ပါဠိတော်၊ အဋ္ဌကထာ၊ဋီကာစာအုပ် တချို့ ဆွဲချပြီး ဖုန်သုတ်ရ၏။ဖုန်သုတ်ရင်း ဟိုစာမျက်နှာ လှန်ဖတ်၊သည်စာအုပ် လှန်ဖတ် လုပ်သည်။ထိုတွင် ကောလာဟလဆိုသည်ကို ဖတ်မိ၏။

ကောလာဟလ ၅ မျိုး

၁။ ကပ္ပကောလာဟလ- ကမ္ဘာပျက်မည့်အကြောင်း နှစ်ပေါင်းတစ်သိန်း ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ၊

၂။ စက္ကဝတ္တိကောလာဟလ- စကြာမင်းလောင်း ပေါ်မည့်အကြောင်း နှစ်ပေါင်းတစ်ရာ ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ၊

၃။ ဗုဒ္ဓကောလာဟလ- သဗ္ဗညုဘုရားရှင် ပွင့်ပေါ်မည့်အကြောင်း နှစ်ပေါင်းတစ်ထောင် ကြိုတင် ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ၊

၄။ မင်္ဂလကောလာဟလ- ဘုရားရှင် မင်္ဂလာတရား ဟောကြားမည့်အကြောင်း တစ်ဆယ့်နှစ်နှစ် ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ၊

၅။ မောနေယျကောလာဟလ- ရဟန်းတစ်ပါးက ဘုရားရှင်အား မောနေယျအကျင့် အကြောင်းကို မေးမြန်းလျှောက်ထားလိမ့်မည်ဟု ခုနစ်နှစ် ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ။

(ခုဒ္ဒက၊ဋ္ဌ။၁၀၁။) (သုတ္တနိ၊ဋ္ဌ၊၂။၃။)

သက်ပြင်းချမိသည်။
သည်နေ့ခေတ်က ဘုရားဟောထဲမပါသော ကောလာဟလတစ်ခု ထပ်တိုးနေ၏။ ဖေ့စ်ဘွတ်ခ် ကောလာဟလပင်ဖြစ်သည်။လူတွေက အားနေလျှင် တစ်ခုခုပြောနေချင်သောဝါသနာရှိကြ၏။စကားအနည်းဆုံး လူတောင်မှ တစ်နေ့စကားလုံး တစ်သောင်းခန့် ပြောချင်သည်ဟု သုတေသနတစ်ခုက ဆိုထားသည်။ဒါတောင် ပါးစပ်က တစ်ပေါက်တည်းပါ၍ တော်သေး၏။
“ မဟာဗြဟ္မေ လျှာကုဋေဖြင့်..” ဟု ဆိုသောစာကဲ့သို့ ပါးစပ်ကုဋေကုဋာ ၊လျှာကုဋေကုဋာ ဖန်ဆင်း၍ ပြောခွင့်ရှိလျှင် ယခုထက်ပို၍ ဆိုးပေလိမ့်မည်။
မောင်ကောင်းထိုက် မြန်မာပြန်သော ဟာသပဒေသါထဲ၌ ဖတ်ဖူးသည့် ဟာသကလေးတစ်ခု ရှိ၏။ မိန်းမနှစ်ယောက် ထောင်အနှစ်နှစ်ဆယ်စီ ကျသည်။ ထောင်ဘူးဝဝင်ကတည်းက မျက်စိချင်း စကားစပြောကြ၏။ထောင်ထဲရောက်တော့ စကားတွေအဆက်မပြတ်ပြောကြသည်။ ဘယ်လောက်တောင် ပြောလိုက်သလဲဆိုလျှင် ထောင်ကလွတ်၍ ဘူးဝကျော်သည့်တိုင်အောင် စကားစမပြတ်သေးသည်အထိ ပြောပစ်လိုက်ကြသော ဟူ၏။

မိန်းမများသာမဟုတ် ယောက်ျားများလည်း စကားများတတ်ပါသည်။ အဖော်အပေါင်း နှင့်အတူတူသောက်ကာစားကာ စကားပြောနေလျှင် အင်မတန်သိသာ၏။ မိန်းမတွေကမှ သူတို့စကားပြောနေတုန်း တခြားတစ်ယောက်စကားဖြတ်ပြောလျှင် သည်းခံကြသေးသည်။ ယောက်ျားများက မရပေ။
စကားမပြောရ မနေနိုင်သောလူတို့သည် ကောလာဟလသော ဘာသောညာသော ရွေးမနေဘဲ ရယ်ရယ်မောမော တသောသော ပြောမဆုံးပေါင် ပြောကြမည်သာဖြစ်၏။
ကောလာဟလသည် မြန်မာဝေါဟာရမဟုတ် ပါ။ပါဠိသက်ဝေါဟာရဖြစ်သည်။မြန်မာအဘိဓာန်၌ နာမ်ပုဒ်အဖြစ် ဖွင့်ဆိုထား၏။

၁။တစ်စုံတစ်ရာ ဖြစ်ပေါ်မည့်အကြောင်း ကြိုတင်သတိပေးသော ကြွေးကြော်စကား။ကြိုတင် ဖြစ်ပေါ်နေသော သတင်း။
၂။ အခြေအမြစ်မရှိသောသတင်း(ဥပမာ-၂၀၂၀ ရွေးကောက်ပွဲ တွင် ကျော်ကျော် နန္ဒသမ္မတဖြစ်လိမ့်မည်၊ခြိမ့်ကေကို ဒုသမ္မတ-၁၊မိုက်ကယ်သားစစ် ဒုသမ္မတ-၂နှင့် သားသခင် ပြန်ကြားရေးဝန်ကြီး၊ဒေးဗစ်လား သာသနာရေးဝန်ကြီး၊အောင်မှူးဝေ အိချောပို ယောက်ျား ဖြစ်လာလိမ့်မည်ဆိုသော သတင်းမျိုးတွေ)

ယနေ့ခေတ်တော့ ကောလာဟလကို ပါးစပ်ဖြင့်သာမက လက်ကပါ တောက်တောက်တက်တက်လုပ်၍ ပြောဆိုဖြန့်ဝေလာနိုင်သည်။ဖုန်းဘေလ်တစ်ထောင် ရှိလျှင် အတော်များများဖြန့်ဝေလာနိုင်၏။
ကောလာဟလက လူကို အတော်ဒုက္ခပေးပါသည်။တမာရွက်ကျိုသောက်လျှင် ကိုဗစ်-၁၉ ကာကွယ်သည် ဆိုသောကောလာဟလကြောင့် ကျွန်တော့်မိတ်ဆွေ လင်မယား ဒုက္ခရောက်သွားကြရ၏။ သားသမီးလိုချင် သူဇနီးသည်မှာ ကိုယ်ဝန်ရှိလာသည်။ပျော်ကြ၏။သို့သော် တမာရွက်ပြုပ်က လူ့လောကထဲဝင်လာခွင့်မပေးဘဲမောင်းထုတ်လိုက်လေသည်။တမာရွက်ပြုပ်တွေကို အဝသောက်ကြသည်ဆို၏။လိပ်ခေါင်းအခံရှိသော ယောက်ျားဖြစ်သူလည်း အချုပ်လွန်ပြီး ဖင်ကသွေးတွေ ယိုလာသည်။ လင်းရောမယားပါ နနွင်းတဝါဝါ။
“ ဘာလုပ်ရမှန်းမသိတော့ပါဘူး စာရေးဆရာရယ်”

“ လုပ်နေကျပဲဆက်လုပ်ပါကွာ အခုဆေးသစ်တစ်မျိုးပေါ်နေတယ် ဒီမိုကရက်တက် ဆာဒူးကြီး ရင်ကြားစေ့အားတိုးဆေးတဲ့ ဝယ်သောက်။တစ်က ပြန်စ”

“ခင်ဗျားကနောက်ပြီဗျာ”

“နောက်ဆို ကောလာဟလတွေကို မယုံကြပါနဲ့ကွာ”

ကျွန်တော်ကတော့ ကောလာဟလတွေကို လျှောက်ရှဲကြမည့်အစား ကိုယ့်ဖွားဖက်တော်ကိုယ် ကိုင်ထားကြပါဟုသာ ဆိုလိုက်ချင်တော့သည်။ တချို့သော ကောလာဟလတွေက လူကို သတ်ဖြတ်တတ်ပါ၏။

ဪ..ဟော်..သုခမြားမြောင် လူတို့ဘောင်။

[၆]
ကိုယ်ဝန်ဆောင်ရသည့် ဒုက္ခတစ်ဖက်၊ ကိုဗစ်ကြောက်ရတာက တစ်ဖက်၊ စားဝတ်နေရေး တွေး ပူရတာက တစ်ဖက်။သည်ကြားထဲမှာ တည်ငြိမ်နေသော ရဲဘော်ကရင်မကိုကြည့်ပြီး ကျွန်တော့်စိတ်ထဲဘယ်လိုခံစားနေရမှန်းမသိ။သူ့ဗိုက်ထဲက ကလေးကကော..။
အာထရာရိုက်သည့် နေ့ကို ပြန်သတိရမိသည်။
အမှန်တော့ ကျွန်တော့်စိတ်၌ သမီးမှ သားမှဟူ၍မရှိပါ။သမီးရရ သားရရ ယူရမည်သာဖြစ်သည်။
သားသမီးမွေးသည့်ကိစ္စမှာ ကိုယ်လိုချင်သည့် လိင်အမျိုးအစား ရွေးချယ်တပ်ဆင်နိုင်သော အတတ်ပညာမျိုးလည်း မရှိသေး။ ဘာကလေးပဲ မွေးလာမွေးလာ ကျွန်တော်ချစ်ရမည်။ကျွန်တော်စောင့်ရှောက်ရမည်၊ကာကွယ်ရမည်သာဖြစ်သည်။

“ သမီးဆိုတာ အနည်းဆုံးတော့ မိဘဆီဟင်းတစ်ခွက်ရောက်တယ်” ဟု ကရင်မကပြောသဖြင့် ကျွန်တော်အားပါးတရ ရယ်မိသည်။
“မင်းနဲ့တူရင်တော့ မရောက်လောက်ပါဘူးကွာ။မင်းက မအေတောင်မိုက်ကြေးခွဲနေတဲ့ဥစ္စာပဲ”
ဟု ပြောမိ၏။ မျက်စောင်းတစ်ချက် ဒိုင်းခနဲရောက်လာသည်။

မိန်းမတစ်ယောက်၏မျက်စောင်းကို ယခုမှကြုံဖူးသူမဟုတ်။ရင်ထဲဘယ့်နှယ်မှ မနေ။
သမီးလေးဟု သိရှိရချိန်တွင် နိုင်ငံကတလှုပ်လှုပ်၊တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ကာ တစ်ကမ္ဘာလုံးသို့ ခြေစကြာဖြန့်တော်မူသော ကိုဗစ်၁၉နတ်ဆိုးသည် ကျွန်တော်တို့ နိုင်ငံထဲ ဝင်ရောက်နေပေပြီ။မိန်းမကို အာထရာရိုက်ရန် ကျေးဇူးတော်ဆေးခန်းသို့ ခေါ်သွား၏။မြန်မာပြည်ဖွား ရဲဘော်၃၇မင်းတို့လည်း ကိုဗစ်ကို ဝေးရာသို့ မရှားစေနိုင်တော့ပြီလောဟု သားကလေးကို တင်းတင်းပွေ့ရင်း တွေးမိသည်။ ဆေးခန်းရှေ့သစ်ပင်ပေါ်က ဥဩတွန်သံကြားရ၏။

“ ဖေဖေ အဲ့ဒါ ရောဂါလား၊ရိုက်သတ်ရအောင်” ဟု သားတော်မောင်ကပြောသည်။
“ငှက်ပါသားရယ်၊ဥဩလို့ခေါ်တယ်” ရိုးရိုးပဲ ဖြေလိုက်ရသည်။

သားတော်မောင်ကတော့ ညီမလေးပဲလိုချင်တယ်ဟု ပြော၏။သူ့အထက်တွင်အစ်မ၊သူ့အောက်ဝယ် နှမ။ကွင်းနှစ်ကွင်းကြားက ဂျက်။သူတော့ဖြ င့်ဘယ်လိုနေမည်မသိသေး။ကျွန်တော့်တုန်းကတော့ ဝမ်းကွဲအစ်မတွေ နှမတွေ ကောင်းကောင်းမနေရအောင် ဒုက္ခပေးခဲ့သည်။ယခုအထိ မိရာလူ ဒုက္ခပေးနေဆဲ။

“သမီးကြီးက သူ့အဘွားသူ့အဒေါ်တွေနဲ့နေဖြစ်ဖို့များတယ်။ဒီသမီးလေးကျရင်တော့ မိန်းမအတွက် အဖော်ရတာပေါ့” ဟု ကရင်မက ပြော၏။ကျွန်တော်ကတော့ ကျွန်တော့်တုန်းကလို အလတ်ကောင်နေရာရောက်လာသည့် သားတော်မောင်ကို လျစ်လျူမရှုမိအောင်ကြိုးစားရမည်ဟု ကြိုတွေးထားလိုက်သည်။

သမီးမွေးလာလျှင်ဆိုသည့်ခံစားချက်က အနည်းငယ်ရင်ခုန် မိစေသည်။ကြောက်ရွံ့တုန် လှုပ်ခြင်း မျိုးတော့မဟုတ်။ဖအေတူ လူဆိုးမကလေးဖြစ်လာမည်လား။ မဆဲတတ်မဆိုတတ်နှင့် သူ့အဖေလို လူယဉ်ကျေးမလေးဖြစ်အောင် ငယ်စဉ်ကတည်းက စနစ်တကျ ဆုံးမရမည်ဟု ကရင်မက ရိနေ၏။ ဆဲတော့ကော ဘာဖြစ်သေးသနည်း။ အောင်မှူးဝေသမီးတဲ့ဟေ့ ထဘီခါးတောင်းကျိုက်ပြီး ဆဲနေတယ်ဟု တစ်စုံတစ်ယောက်က ဆိုလာလျှင် ထိုတစ်စုံတစ်ယောက်ကို ကျွန်တော် ထပ်ဆဲလိုက်ဦးမည်။တစ်စုံတစ်ယောက်သည် မည်သူပင်ဖြစ်နေစေကာမူ ကျွန်တော်ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

ဪ.. ဟော်..သုခမြားမြောင် လူတို့ဘောင်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *