RNA_မတ်(၁၆)၊၂၀၂၆ခုနှစ်။
ပြည်သူများ၏ ဆန္ဒမပါသော ရွေးကောက်ပွဲကို အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြုလုပ်ပြီးနောက် ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင် ဦးဆောင်ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီကို ရွေးချယ်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်အောင်အုန်းကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကော်မရှင်က၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို အပိုင်း ၃ ပွဲခွဲကာ ကျင်းပခဲ့ပြီးနောက် တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ စတင်ကျင်းပခဲ့တာဖြစ်ပြီး သဘာပတိအဖြစ် ဒဂုံမဲဆန္ဒနယ် ဦးနန္ဒကျော်စွာမှာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇေယျာသီရိမဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် ဦးခင်ရီကိုတင်သွင်းခဲ့တာဖြစ်ပြီး ကန့်ကွက်သူမရှိ၊ ပြိုင်ဘက်မရှိခဲ့သည့်အတွက် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်သဘာပတိက အတည်ပြုကြေညာခဲ့ခြင်းဖြစ်ပြီး၊ ဒုဥက္ကဋ္ဌအဖြစ် နေပြည်တော် တပ်ကုန်းမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းအား တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်သူ မရှိသည့်အတွက် ပြည်သူ့ လွှတ်တော်ဒုက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ကသဘာပတိက အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် တတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို လာမည့် မတ်လ ၁၈ ရက်၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အစည်းအဝေးကို မတ်လ ၂၀ ရက်၌ ကျင်းပသွားမည်ကြောင်း အာဏာသိမ်းစစ်တပ်ဦးဆောင်သည့် စစ်ကော်မရှင်က ထုတ်ပြန်သည်။
