သူတစ်ပါးတို့အပေါ် အနိုင်မယူသင့်ဘဲ အနိုင်ယူခြင်းသည် အနိုင်ကျင့်ခြင်းဖြစ်၏။အနိုင်ကျင့်ခြင်းသည် သားရဲတိရစ္ဆာန်တို့၏ နိုင်ရာစားအပြုအမူနှင့်ဘာမျှမခြားနားပေ။လူ့ဘောင်လူ့လောက၌ အနိုင်ရတိုင်းလည်း အခါခပ်သိမ်းကောင်းသည်မဟုတ်ပါ။
အောင်မှူးဝေ
(၁)
ကျွန်တော်တို့ ပုထုဇဉ်လောက၌ အနိုင်နှင့်အရှုံးသည် စကားများစွာပြော၏။နိုင်မှဖြစ်မည်၊ ရှုံး၍မဖြစ်ဟူသော အမှတ်တံဆိပ်ကို ဦးနှောက်မှာ၊စိတ်အသိမှာ ထင်းခနဲနေပြီးတစ်သက်လုံးစွဲအောင် ရဲရဲနီရိုးရာအသိတရားဖြင့် ရိုက်နှိပ်ပေးလိုက်၏။အနိုင်ရရေးသည် လူ့ဘဝအတွက် ကြီးမားသောအရေးပါအရာရောက်မှုဟု သေသည်အထိမှတ်စွဲသွားစေ၏။လူသားထုအတွက် လူ့သမိုင်းကို အနိုင်ရသူများသာ ရေးကြ၏။ဘာလုပ်လုပ် သူတစ်ပါးထက်သာရမည်။ဘယ်သူနှင့်ပြိုင်ပြိုင် မိမိသာနိုင်ရမည်။မိမိအနိုင်ရမှ အရာရာသည်ကောင်း၏။မိမိရှုံးလျှင် ဘယ်အရာမျှမကောင်း။
အနိုင်ရမည်သာဆိုလျှင်…
တရားသောနည်းဖြင့် အနိုင်ရသည်ဖြစ်စေ၊မတရားသောနည်းဖြင့် အနိုင်ရသည်ဖြစ်စေ။အသေရသော အနိုင်ရမှုဖြစ်စေ၊အရှင်ရသော အနိုင်ရမှုဖြစ်စေ၊မသေမရှင်ရသော အနိုင်ရမှုဖြစ်စေ။လတ်ဆတ်သင်းမြသော အနိုင်ရမှုဖြစ်စေ၊သိုးပုပ်နံစော်သော အနိုင်ရမှုဖြစ်စေ။လှပသောအနိုင်ရမှုဖြစ်စေ၊ရုပ်ဆိုးသော အနိုင်ရမှုဖြစ်စေ။ ဘယ်လိုဖြစ်ဖြစ် နိုင်သည်ဆို ပြီးစတမ်းပင် ပုထုဇဉ်သဘာဝ မက်မောတတ်ပါ၏။ပုထုဇဉ်ဆိုရာတွင်အန္ဓပုထုဇဉ် များဖြစ်ကြသည့်-
၁။ ပသာဒမျက်စိဖြင့် မြင်လေ့မရှိသော အန္ဓပုထုဇဉ်ပုဂ္ဂိုလ်၊
၂။ ဉာဏ် မျက်စိဖြင့် မြင်လေ့မရှိသော အန္ဓပုထုဇဉ်ပုဂ္ဂိုလ်။
(မ၊ဋ္ဌ၊၁။၂၂။)
ထိုပုထုဇဉ် နှစ်မျိုးတို့ကိုသာ အဓိက ရည်ညွှန်းလိုပါ၏။ထိုအကန်း ပုထုဇဉ်နှစ်မျိုးတို့သည် အနိုင်ရလိုဇောဖြင့် လူ့လောကကို ဒုက္ခအကြီးကြီးပေးလေ့ရှိကြောင်း လူ့သမိုင်းဖြစ်ရပ်များတွင် တွေ့ရှိနိုင်ပါ၏။
ပုထုဇဉ်အကန်းတို့သည် ပုထုဇဉ်အကောင်းတို့ထက် ပို၍ ပလွှားတတ်ကြ၏။လူတကာက သူ့ကို အတော်ဆုံး အနိုင်အရဆုံးပုဂ္ဂိုလ်ဟုလည်း အထင်ရောက်စေလို၏။သူ့ကိုအရှုံးသမားဟု မြင်သူဆိုလျှင် ဒုက္ခပေးရန် ဝန်မလေးလှပေ။သူ၏စိတ်ထဲတွင် သူတစ်ပါးကို စိတ်ဆင်းရဲကိုယ်ဆင်းရဲပေးနိုင်လေ လူဖြစ်ရကျိုးနပ်လေလေဟူ၍ ခံယူထားလေ့ရှိ၏။
” ငါ့ကြောင့်သူတစ်ပါး ဆင်းရဲရောက်တာ မကောင်းဘူး။လူမဆန်ရာကျတယ်” ဟူသော အခြေခံ လူ့အကောင်းမြင်စိတ်မရှိ။လူပီသသော နှလုံးသွင်းကောင်းမရှိ။အကောင်းကိုလည်း နှလုံးမသွင်း။ဘာမဆိုအဆိုးဘက်ကကြည့်၍ နှလုံးသွင်း၏။
” ငါကစ်ထဲ့လိုက်တာ ပျာခံသွားတာပဲ” ဟူ၍ မိမိ၏ လူသားမဆန်မှုကို တဂုဏ်တအင် အမွှမ်းတင်ကြွားဝါနေတတ်ပါသေး၏။
ပုထုဇဉ်အကောင်းတို့ထက် ပုထုဇဉ်အကန်းတို့က အရေအတွက်ပိုမိုထွန်းကားနေသည့် လူ့လောကမြေမဟီတွင် ချမ်းသာခြင်းသစ်ပင်များ သေဆုံးလျော့နည်းပြီး၊ဆင်းရဲခြင်းသစ်ပင်များသာ တစ်နေ့တခြား တိုးပွားလာနေ၏။ဆန်းသည့်ကိစ္စမဟုတ်သောကြောင့် မည်သူကမျှ ဆန်းသည်ဟု မဆိုကြပါ။
လူသားတို့၏ဦးခေါင်းနှင့် နှလုံးသားထဲမှာ မိမိဘဝနှင့်နီးစပ်သူများကိုသာ ဂရုတစိုက်ရှိကြ၏။မိမိနှ့င်မကင်းရာမကင်းကြောင်းများ ဆင်းရဲရောက်မှသာ လက်သည်းဆိတ်လက်ထိပ်နာတတ်ကြ၏။မိမိနှင့်မနီးစပ်သူများကိုတော့ စိတ်မျှပင် ဝင်စားဖော်မရကြပေ။သူ့ဘာသာ ဘယ်လိုနေနေ ဘယ်လိုသေသေ။လောကကြီး ဘာဖြစ်နေနေ ပုထုဇဉ်အကန်းကတော့ ဆက်၍ဆက်ကာ ကန်းနေဦးမည်သာ ဖြစ်၏။ကန်းသည့်အားလျော်စွာ မည်သူ့ကိုမဆို မည်သည့်နည်းဖြင့် အနိုင်ရသည်ဖြစ်စေ အနိုင်ယူရန်ကြိုးစားနေဦးမည်သာ ဖြစ်ပါ၏။
(၂)
သူတစ်ပါးတို့အပေါ် အနိုင်မယူသင့်ဘဲ အနိုင်ယူခြင်းသည် အနိုင်ကျင့်ခြင်းဖြစ်၏။အနိုင်ကျင့်ခြင်းသည် သားရဲတိရစ္ဆာန်တို့၏ နိုင်ရာစားအပြုအမူနှင့်ဘာမျှမခြားနားပေ။လူ့ဘောင်လူ့လောက၌ အနိုင်ရတိုင်းလည်း အခါခပ်သိမ်းကောင်းသည်မဟုတ်ပါ။
တစ်စုံတစ်ယောက်အပေါ် အနိုင်ယူတော့မည်၊အနိုင်ကျင့်တော့မည် ဆိုလျှင် ကျွန်တော်တို့ သတိထားစရာ ဆင်ခြင်စရာတွေ အများအပြားပင် ရှိနေ၏။
-ငါ့အတွက် လိုအပ်သလား
-ငါ့မိသားစုအတွက် လိုအပ်သလား
-ငါ့ရပ် ငါ့ရွာ ငါ့မြို့အတွက်လိုအပ်သလား
-ငါ့တိုင်းပြည်အတွက် လိုအပ်သလား
-သူ့ကိုအနိုင်ရလျှင် ကုသိုလ်၊ပညာ၊ဥစ္စာ တစ်ခုခုရမှာလား စသည်ဖြင့် ဘက်ပေါင်းစုံကို သတိထားရမည် ဖြစ်၏။မလိုအပ်ဘူးဆိုသောအဖြေ ထွက်လာလျှင် အနိုင်မယူဘဲနေလိုက်သည်မှာ အကောင်းဆုံး ဖြစ်၏။ထိုသို့ သတိတရားလက်ကိုင်ထားကာ အနိုင်မယူသင့်သည်ကို အနိုင်မယူဘဲ နေလိုက်ခြင်းသည်ပင်လျှင် အနိုင်ကိုပယ်စွန့်လိုက်သည်ဟု ဆိုရ၏။ကိုယ့်အိတ်ထဲက စိုက်ထုတ်ပယ်စွန့်လိုက်ရသည်မဟုတ်ပါ။အခြေအနေကို သင့်လျော်သောနှလုံးသွင်းဖြင့် စီမံခန့်ခွဲလိုက်ခြင်းသာ ဖြစ်၏။
အနိုင်က ဒင်္ဂါးပြား၏ခေါင်းဘက် ဆိုလျှင် အရှုံးကား ဒင်္ဂါးပြား၏ ပန်းဘက်ဖြစ်၏။လောကီနယ်တွင် အနိုင်နှင့်အရှုံးတို့သည် ကျောချင်းကပ်လျက်ရှိကြ၏။အနိုင်ကိုပယ်စွန့်လိုက်ခြင်းအားဖြင့် သူနှင့်တွဲလျက်ရှိသော အရှုံးပေးရခြင်းကိုလည်း ပယ်စွန့်ပြီးသား ဖြစ်သွားပါ၏။
လောကီနယ်တွင်အရေးပါသည်ဟု ထင်မှတ်ထားသော အနိုင်နှင့်အရှုံးတို့ကို ပယ်စွန့်သည့်အလုပ်မှာ ဘုရားအစရှိသောသူတော်ကောင်းတို့၏ အလုပ်မျိုးဖြစ်၏။အနည်းဆုံးတော့ ကလျာဏပုထုဇဉ်ဟု ဆိုအပ်သော ပုထုဇဉ်အကောင်းစားတို့ ပြုလုပ်လေ့ရှိသော အလုပ်မျိုးဖြစ်၏။ပုထုဇဉ်အကန်းတို့ကား ထိုအနိုင်အရှုံးတို့ကို မပယ်နိုင်ကြ။အရှုံးကိုခါးခါးသီးသီးမုန်း၍ အနိုင်ကိုချိုချိုမြမြ မက်မောကြလေ၏။
အနိုင်အရှုံးနှင့်ပတ်သက်၍ တုဘက်မဲ့ဖြစ်တော်မူသော မြတ်ဗုဒ္ဓ၏ဒေသနာတော်တစ်ခု ရှိ၏။
-အနိုင်ရသောသူသည် ရန်များလာတတ်၏။ရှုံးသောသူသည်လည်း ဆင်းရဲစွာနေရ၏။ကိလေသာငြိမ်းပြီးသောသူသည် အနိုင်အရှုံးကို ပယ်စွန့်၍ ချမ်းသာစွာနေရ၏။(ဓမ္မပဒ၊၂၀၁၊) -ဟူသော ဒေသနာတော် ဖြစ်၏။ အထက်ပါဒေသနာ ဉာဏ်အလွန်ထိုင်းပြီး အလိုက်ကန်းဆိုးမသိတတ်သော ပဿေ နဒီ ကောသလမင်းကို အကြောင်းပြု၍ ဟောတော်မူသော ဒေသနာဖြစ်၏။
ပဿေ နဒီကောသလမင်း၏ခမည်းတော် မဟာကောသလမင်းကြီးတွင် ပဿေ နဒီကောသလမင်းသားနှင့်ဝေဒေဟီမင်းသမီးဟူသော သားသမီးနှစ်ယောက်ရှိ၏။မဟာကောသလမင်းကြီးသည် သမီးတော်ဝေဒေဟီကို နိုင်ငံနီးချင်းဖြစ်သော မဂဓတိုင်းရှင်ဗိမ္ဗိသာရနှင့်လက်ထပ်ပေး၏။ကောသလတိုင်း-မဂဓတိုင်း နယ်စပ်ရှိ ကာသိရွာကြီးကို သမီးအတွက် နံ့သာမှုန့်ဖိုး သနပ်ခါးဖိုး အခွန်စားရွာမြေအဖြစ်လက်ဖွဲ့လိုက်၏။
မဟာကောသလမင်းကြီး နတ်ရွာစံသောအခါ သားတော် ပဿေ နဒီကောသလ နန်းတက်လာ၏။
ပဿေ နဒီကောသလသည် သနပ်ခါးဖိုးမြေကာသိရွာကြီးကို မိမိ၏ကောသလတိုင်းထဲသို့ ပြန်လည်ထည့်သွင်းလို၏။နှမဖြစ်သူ ဝေဒေဟီက မပေးပေ။ဖခင်ပေးခဲ့သော သနပ်ခါးဖိုးမြေ အမွေအနှစ်ကို အသက်တမျှ တန်ဖိုးထား၏။မောင်ဖြစ်သူရွှေနန်းရှင်မှာ မြေတွေအများကြီးရှိသား။ဒါလေးတော့ချမ်းသာပေးပါဟု ငြင်း၏။ပဿေ နဒီကောသလ၏ယောက်ဖတော် ဗိမ္ဗိသာရမင်းကတော့ သည်မြေလောက်ကို ဂရုမစိုက်။ဝေဒေဟီမိဖုရားက သူ့မောင်ကို ကာသိရွာကြီးပြန်ပေးလိုက်လျှင်လည်း ဗိမ္ဗိသာရအဖို့ ဘာမျှမဖြစ်။သူ့အတွက် ထိုမြေသည် အရေးမကြီးလှပေ။သူသည် မဂဓတိုင်း၏အရှင်သခင်။မဟာမဂဓသည် မြေယာပေါများကျယ်ပြန့်သည့်တိုင်းကြီး။ ပြီးတော့ ဗိမ္ဗိသာရသည် ပဿေ နဒီကောသလကဲ့သို့ အကန်းပုထုဇဉ်မဟုတ်။အကန်းပုထုဇဉ်ထက် ပို၍အဆင့်မြင့်သည့် သောတာပန်အရိယာ။
ဤနေရာ၌ ဗဟုသုတအလို့ငှာ သောတာပန်ငါးမျိုးကို ထည့်သွင်းဖော်ပြလိုက်၏။
သောတာပန် ၅ မျိုး
၁။ ဧကဗီဇီ သောတာပန်- တစ်ကြိမ်သာလျှင် ပဋိသန္ဓေနေခြင်းဟူသော မျိုးစေ့ရှိသော သောတာပန်၊
၂။ ကောလံကောလ သောတာပန်- မြင့်မြတ်သော အမျိုးမှ မြင့်မြတ်သော အမျိုးသို့ သွားသော သောတာပန်၊
၃။ သတ္တက္ခတ္တုပရမ သောတာပန်- ခုနစ်ကြိမ် သာလျှင် ပဋိသန္ဓေနေခြင်းရှိသော သောတာပန်၊
၄။ သဒ္ဓါနုသာရီသောတာပန်- သဒ္ဓါတရားကို အဖန်တလဲလဲ အောက်မေ့တတ်သော သောတာပန်၊
၅။ ဓမ္မာနုသာရီ သောတာပန်- ဝိပဿနာ ပညာတရားဖြင့် အရိယမဂ်ဟူသော အယဉ်သို့ ရောက်သော သောတာပန်။
(နေတ္တိ၊ဋ္ဌ။၁၆၄။)
ကျွန်းကြီးလေးကျွန်းကိုအစိုးရသော စကြဝတေးမင်း၏ချမ်းသာထက် သောတာပန်အရိယာ၏မဂ်ချမ်းသာဖိုလ်ချမ်းသာက အဆပေါင်းများစွာ သာလွန်ကောင်းမြတ်၏။သည်တော့ ကာသိရွာကြီးနှင့်ပတ်သက်၍ ဗိမ္ဗိသာရက အာရုံမလာ။စိတ်မဝင်စား။ပဿေ နဒီကောသလ ပြန်ယူချင်ယူ မယူချင်နေ။
ဗိမ္ဗိသာရမင်းတရားသည် လောကီဓလေ့ အကန်းပုထုဇဉ်တို့မက်မောလှသော၊အာရုံစိုက်မှု အထူးပြုကြသော ပိုင်ဆိုင်မှုများ၊အပေါစါး အနိုင်အရှုံးများကို ကျော်လွန်ကာ လောကုတ္တရာနယ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်၏။
(၃)
ကောသလတိုင်းနှင့်မဂဓတိုင်း နယ်စပ်၊ဝေဒေဟီမိဖုရားပိုင်ဆိုင်သော သနပ်ခါးဖိုးမြေ ကာသိရွာကြီး၏တိုင်းရေးပြည်ရာ မိုးကောင်းကင်သည် စစ်ရိပ်စစ်ငွေ့များ တိမ်အုပ်စုဖွဲ့ကာ ညို့ညိုမှိုင်းလျက်ရှိ၏။ ရွာကြီး၏စနေထောင့်အရပ် သုသာန်တစပြင်မှ ကျီးအာသံများ ကြားနေရ၏။လူအသေအပျောက်များလာတော့မည့် အတိတ်နိမိတ်ပင်ဖြစ်၏။ကာသိရွာသူများသည် ရက်ကန်းစင်မှ ရက်လက်စ အထည်များ၊ချည်များကို ဖြုတ်ယူ သိမ်းဆည်းကြ၏။အဆင်သင့် လွယ်လင့်တကူ စားသောက်၍ရမည့် ရိက္ခာခြောက်များကို စုဆောင်းနေကြ၏။ကာသိရွာကြီးသားများ ဆောင်ဓားကိုကျောက်တင်၍ သွေးနေကြ၏။လှံသွားကို ဖ ယောင်းတိုက်၍သကြ၏။ထိုသို့ပြုလုပ်နေကြခြင်းသည် ကောသလတိုင်းဘက်ကသော်လည်းကောင်း မဂဓတိုင်းဘက်ကသော်လည်းကောင်း ကာသိရွာသားများ ပါဝင်တိုက်ခိုက်ကြရန် ပြင်ဆင်နေကြသည်မဟုတ်ပါ။
ကာသိရွာသားတို့သည်စစ်ကိုစိတ်မဝင်စားကြပါ။မိရိုးဖလာလယ်ယာချောင်းမြောင်းကို ဓားမဦးချ အေးအေးဆေးဆေးလုပ်ကိုင်စားသောက်လိုသူများသာဖြစ်ကြ၏။စစ်ကိုရှောင်လိုကြ၏။သို့သော် စစ်လမ်းကြောင်းကျနေ၍ ရှောင်မရ။
ရှောင်မရလျှင် ရင်ဆိုင်ရန်သာရှိ၏။ကာသိရွာသားတို့သည် တိုင်းကြီးနှစ်တိုင်းကချီတက်လာမည့် စစ်သည်တော်များကိုမကြောက်ပါ။သူတို့သည် သူတို့ကရန်သူဟုသတ်မှတ်ထားသော တစ်ဖက်စစ်သည်များကိုသာ တိုက်ခိုက်ကြပေမည်။ကာသိရွာသားတို့ကြောက်ကြသည်မှာ ကောသလတပ်နှင့်အတူတူပါလာမည့် စစ်သည်အယောင်ဆောင်ဓားပြတောကြောင်များ၊မဂဓတပ်နှင့်အတူတူပါလာမည့်စစ်သည်အယောင်ဆောင် ဓားပြတောကြောင်များ။ကာသိရွာကြီးအနီးဝန်းကျင်က ကာသိကိုအငြိုးထားစောင့်ကြည့်နေသော ရွာနီးနားချင်းတောကြောင်များ။ထိုရန်သူများကိုကာကွယ်ရန် ကာသိသားများလည်းစစ်ပြင်ကြရ၏။မိန်းကလေးကအစ ဓားလွတ်ကိုင်စွဲကာ အဆင်သင့်ရှိနေ၏။
စစ်သတင်းကို လေညင်းက စိတ်ညစ်ဖွယ် သယ် ဆောင်လာရုံရှိသေး….
အဝေးက စစ်စည်စစ်မောင်းသံ ကြားရရုံရှိသေး၊ကာသိရွာကြီး၏လန်းဆန်းသည့်အသွင်အပြင်သည် ရုတ်တရက်ညှိုးငယ် သွါးတော့၏။ကာသိရွာ၏ မည်သည့်အရပ်သို့ ကြည့်သည်ဖြစ်စေ မှိုင်းမှုန်ဝေဝါးခြင်းအတိသာ စိုးမိုးလျက်ရှိ၏။
” မကောင်းတာတွေ ဖြစ်တော့မယ်ဟေ့”
အဝတ်မဝတ်သောတက္ကတွန်းတစ်ယောက်ကအော်၏။ထို့နောက်ရွာအနောက် တောအုပ်ဆီသို့ပြေးထွက်သွား၏။သူ့ငယ်ပါ၌ချိတ်ဆွဲထားသောချူလုံးကလေးများကအသံမြည်သဖြင့် ရွာခွေးတစ်အုပ် တက္ကတွန်းနောက်သို့အပြေးလိုက်သွားကြသည်ကို တွေ့ရလေ၏။
(၄)
မဂဓတိုင်းကို အစိုးရသော အရိယာမင်းတရား၊ဝေဠုဝန်ကျောင်းဒါယကာသည် သားတော်အဇာတသတ်၏ပယောဂဖြင့် နတ်ရွာစံကံတော်ကုန်ခဲ့လေပြီ။အဇာတသတ်သည် မဂဓထီးနန်းကိုသိမ်းပိုက်အုပ်ချုပ်လေပြီ။အဇာတသတ်၏မယ်တော်၊ပ ဿေ နဒီကောသလမင်း၏နှမတော် ဝေဒေဟီမိဖုရားကြီးသည်လည်း ကာလသာ ခြား၍ ချစ်လှစွာသော ခင်ပွန်းသည်နောက် လိုက်သွား၏။
ဗိမ္ဗိသာရမင်းနှင့်ဝေဒေဟီမိဖုရားတို့မရှိကြတော့သောအခါ ပ ေ ဿ နဒီ ကောသလမင်းသည် တူတော်မောင်အဇာတသတ်ကို နို့နံ့မစင်သေးသည့် နို့စို့ဘုရင်ကလေးဟု အထင်သေးသည့်အားလျော်စွာ ကာသိရွာငါ့ကိုပြန်ပေးဆိုလေ၏။အဇာတသတ်က မပေးပေ။ပ ဿေ နဒီကောသလမင်းက သူ၏စစ်တပ်ကို နယ်စပ်ဒေသ ကာသိရွာကြီးမှာ သွားရောက်တပ်စွဲခိုင်းထားလိုက်၏။မဂဓဘုရင်သစ် အဇာတသတ်က ဒါမျိုးတော့ ဆွေမျိုးမကလို့ ဘာဖြစ်နေနေ လက်မခံ၊မဂဓ၏တိုက်စွမ်းရည်အကောင်းဆုံး တပ်မကြီးများ အမြန်ဆုံးစေလွှတ်ကာ ကောသလကျူးကျော်စစ်တပ်ကိုချေမှုန်း၏။ကောသလစစ်သည်တို့သည် မဂဓစစ်သည်တို့၏ တရကြမ်းတိုက်ခိုက်မှုကို မခံနိုင်ကြချေ။သနပ်ခါးဖိုးမြေမှသာဝတ္ထိသို့အရောက် ခွေးပြေးပြေးကြရလေ၏။
မဂဓ-ကောသလ နှစ်နိုင်ငံစစ်ဖြစ်ကြသည်ကို အခွင့်ကောင်းယူ၍ ကာသိရွာကြီး၏စည်းစိမ်ကို ဝင်ရောက်လုယက်သည့်တောကြောင်များအဖို့လည်း မသက်သာလှပါ။ကာသိရွာသူရွာသားများ၏ ဓားချက်လှံချက်များဖြင့်အသက်ထွက်ကုန်ကြ၏။သာမန်ကြည့်လျှင် စစ်ပွဲက တစ်ပွဲတည်းဟု ထင်ရ၏။တကယ်တော့ စစ်ပွဲနှစ်ပွဲ။စစ်မျက်နှာနှစ်ခု။တစ်ချိန်တည်း တိုက်ခိုက်သွား၏။မဂဓနှင့်ကောသလတိုင်းတို့၏နယ်မြေလုသောစစ်ပွဲက တစ်ပွဲ။စစ်ကိုအခွင့်ကောင်းယူပြီးကာသိရွာကြီးကိုလုယက်လိုသူတောကြောင်များနှင့်ကာသိကိုကာကွယ်သူများတိုက်ကြသော စစ်ပွဲကတစ်ပွဲ။တောမီးလောင်ခိုက် လက်ခမောင်းဝင်ခတ်လိုသူတောကြောင်များကို ကာသိရွာသားများက လက်မောင်းရိုက်ချိုးလွှတ်လိုက်နိုင်ကြ၏။ကောင်းကင်၌ သေဆုံးသူတို့ကိုစားသောက်ရန် ပျံဝဲနေသော သိမ်းစွန်ငှက်များ၊လင်းတများ၊ကျီးကန်းများ။တောအာပ်အစပ်မှာတောခွေးများ။အဇာတသတ်၏မဂဓစစ်တပ် အောင်ပန်းဆင်၏။ပ ဿေ နဒီကောသလ၏စစ်တပ် ရှုံးပန်းဆင်ကာထွက်ပြေးရလေ၏။
ကောသလမင်းသည် သူ၏စစ်တပ်ကို အင်အားဖြည့်တင်း၏။စစ်နည်းဗျူဟာ မကျွမ်းကျင်သော တပ်မှူးများနေရာတွင် စစ်နည်းဗျူဟာကျွမ်းကျင်သောအရာရှိများ အစားထိုးခန့်ထား၏။တိုက်ရည်ခိုက်ရည်မြင့်မားသော စစ်သည်တော်များကို အထူးတပ် ဖွဲ့စည်းကာ ရှေ့ကချီစေ၏။အစစအရာရာပြင်ဆင်ပြီးသောအခါ ကာသိရွာသို့ စစ်ချီပြန်လေ၏။နို့စို့ဘုရင် အဇာတသတ်ကို အပြတ်ချေမှုန်းပြီး ဝေဒေဟီ၏သနပ်ခါးဖိုးမြေကာသိရွာကြီးကို သိမ်းပိုက်ရန် အပြင်းချီတက်လာ၏။အဇာတသတ်၏မဂဓစစ်တပ်သည် ကာသိ၌တပ်စွဲကာ ဒေသခံများကို ကောင်းကောင်းစည်းရုံးထား၏။တိုက်စွမ်းရည်ကောင်းတာချင်းတူလျှင် စည်းရုံးရေးကောင်းသူက သာစမြဲ။မဂဓစစ်သည်များနှင့်ကာသိရွာသားများပူးပေါင်းပြီး ကောသလမင်း၏စစ်တပ်ကို ချေမှုန်းကြလေ၏။အဇာတသတ်ကိုလျှော့တွက်မိသူ ကောသလမင်းသည် ဝေဒေဟီ၏သနပ်ခါးဖိုးမြေကာသိရွာကြီး သုံးကြိမ်တိုင်တိုင် မရှုမလှစစ်ရှုံးရလေ၏။
“နို့နံ့တောင်မစင်သေးတဲ့ နို့စို့ဘုရင်ကလေးကို စစ်ရှုံးရလေခြင်း” ဟု စိတ်ဆင်းရဲခြင်း ကြီးစွာဖြစ်ကာ ကောသလမင်းအိပ်ရာထဲလှဲနေတော့၏။အခါတိုင်း ဆန်တစ်စိတ်ချက်ကုန်အောင်စားလေ့ရှိသောကောသလမင်းသည် ပွဲတော်မတည်တော့ပေ။ ထိုအခါတွင် မြတ်ဗုဒ္ဓက အနိုင်အရှုံးနှင့်ပတ်သက်သော ဒေသနာကိုဟောတော်မူခြင်းဖြစ်ပါ၏။
ကောသလမင်းသည် အစားကောင်းအသောက်ကောင်း ခုံမင်၏။အစားလည်းကြီး၏။ဆန်တစ်စိတ်ချက်ကုန်အောင်စားသည်ဟုအဋ္ဌကထာ၌ဆို၏။စစ်ရှုံးပြီးအိပ်ရာလှဲနေတာကမှ ခပ်ကောင်းကောင်းဟုဆိုရမလိုလို ဖြစ်၏။နံနက်စာတနင့်တပိုးစားသောက်ပြီးသောအခါ နန်းတော်မှာကောင်းကောင်းမနေ။ဘုရားမျက်စိနောက်အောင် ဘုရားရှေ့၌တရားနာသလိုလိုနှင့်အိပ်ငိုက်နေတတ်၏။မြတ်ဗုဒ္ဓက ကောသလမင်းကြီးအစားလျှော့စားစေရန်-
“မင်းကြီး…အခါခပ်သိမ်း သတိတရားလက်ကိုင်ထားရမယ်။စားသောက်ခွင့်ရတဲ့အစားအသောက်တွေ စားကောင်းတိုင်းနင်းကန်မစားရဘူး။အတိုင်းအရှည်ပမာဏ ချင့်ချိန်ပြီးတော့မှ စနစ်တကျစားသောက်ရမယ်။ဒါမှ ရောဂါဝေဒနာ နည်းပါးမယ်။စားလိုက်တဲ့ အစားအစာဟာလည်း အသက်ကိုစောင့်ရှောက်လို့မို့ နူးညံ့စွာကြေညက်တယ်” ဟူသော ထမင်းစားသတိပေးတရား ဟောတော်မူရ၏။ထမင်းစားနည်းက အစ သင်ပေးနေရသောဘုရင် စစ်ရှုံးသည်မှာ ဘာဆန်းသနည်း။ကောသလမင်းသည် ဉာဏ်ထိုင်း၏။ထမင်းစားသတိပေးတရားကို မမှတ်မိ။တူတော်သော သုဒဿနလုလင်က ပွဲတော်တည်တိုင်း ဘေးကရပ်ပြီးရွတ်ပြရ၏။သို့ဖြင့် ကောသလမင်းသည် ဆန်တစ်စိတ်ချက်စားရာမှဆန်တစ်စလယ်(နို့ဆီနှစ်ဘူးချက်)အထိလျှော့စားလာနိုင်ကာ ဝိတ်တွေကျလာ၏။နေလို့ထိုင်လို့ကောင်းလာလေ၏။
အနေအထိုင်ချမ်းသာ၊ကျန်းမာသွက်လက်လာသူ ကောသလမင်းသည် မြတ်ဗုဒ္ဓထံရောက်လာ၏။ဝေဒေဟီ၏သနပ်ခါးဖိုးမြေစစ်ပွဲ၏နိဂုံးပိုင်းအပါအဝင်တခြားသောစကားများ မြတ်ဗုဒ္ဓကိုလျှောက်ထားလေ၏။
“အရှင်ဘုရား.. အခုဆိုရင် တပည့်တော် အတော်ချမ်းသာလာပြီဘုရား။တပည့်တော် အမဲလိုက်တောကစားထွက်တဲ့အခါ သမင်တွေကို ဒီလိုဒီလိုပြေးပြက်ပြီး ကောင်းကောင်းဖမ်းနိုင်ပြီဘုရား။အရင်က ဝေဒေဟီရဲ့သနပ်ခါးဖိုးမြေကာသိရွာကြီးကို ပြန်ရချင်လို့မို့ တူတော်မောင်အဇာတသတ်နဲ့စစ်အကြိမ်ကြိမ်တိုက်ခဲ့ကြရတယ်ဘုရား။အခုတော့ အဲဒီစစ်ပွဲတွေလည်းပြီးဆုံးခဲ့ပါပြီ။သမီးတော် ဝဇီရကုမာရီကို တူတော်မောင်အဇာတသတ်နဲ့ပေးစားလိုက်တယ်ဘုရား။ကာသိရွာကြီးကို သမီးတော်ဝဇီရကုမာရီအတွက် ရေချိုးဆပ်ပြာဖိုးအဖြစ်လက်ဖွဲ့လိုက်တယ်ဘုရား။ဘိုးစဉ်ဘောင်ဆက် အမွေဆက်ခံလာခဲ့တဲ့ နန်းစဉ်ပတ္တမြားကြီးပျောက်နေတာလည်းပြန်ရှာတွေ့ပြီဘုရား။အရှင်ဘုရားတို့နဲ့အမျိုးတော်စပ်အကျွမ်းဝင်အောင် ကပိလဝတ်က သာကီဝင်မင်းသမီးတစ်ယောက်ကိုလည်းမိဖုရားမြှောက်နိုင်ခဲ့ပြီဘုရား။အဲ့ဒါကြောင့် အခုဆိုတပည့်တော်ချမ်းသာနေပြီဘုရား”
သနပ်ခါးဖိုးမြေစစ်ပွဲတွင်သုံးကြိမ်တိုင်အောင် စစ်တဝကြီးရှုံးခဲ့သူ ဘုရင်အိုကြီးသည် သူပြောချင်တာတွေပြောဆိုပြီးနောက် မြတ်ဗုဒ္ဓရှေ့မှ ထပြန်သွား၏။
“မင်းကြီး..အနာရောဂါကင်းခြင်းဟာ အလွန်ကဲဆုံးလာဘ်ပဲ။ရောင့်ရဲခြင်းဟာ အလွန်ကဲဆုံး ဥစ္စာပဲ။ချစ်ကျွမ်းဝင်သူဟာ အလွန်ကဲဆုံးဆွေမျိုးပဲ။နိဗ္ဗာန်ဟာ အလွန်ကဲဆုံး ချမ်းသာပဲ” ဟု မြတ်ဗုဒ္ဓက ဟောတော်မူသော်လည်း ဉာဏ်ထိုင်းသော ကောသလဘုရင် သဘောမပေါက်။တရားလည်း နာပြီးသည့်နောက်မေ့ပျောက်သွားလေသတည်း။ ။
ကျမ်းကိုး။ ။ဓမ္မပဒဋ္ဌကထာ၊သုခဝဂ္ဂ
Red News Agency