စာပြင်စာတည်း၏မှတ်စုများ

မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

အောင်မှူးဝေ

ထားဝယ်_________ဤမြို့၏အမည်ကို မြန်မာစာများ၌ ဒါးဝယ်၊ထားဝယ်၊ဓားဝယ်ဟု အမျိုးမျိုး ရေးခဲ့ကြ၏။ထိုသို့ရေးကြခြင်းမှာ စကား၏ အကြောင်းအတ္ထုပ္ပတ္တိကို မသိသောကြောင့် ရေးကြခြင်းဖြစ်သည်။မြတ်စွာဘုရား ထားဝယ်မြို့သို့ကြွတော်မူသောအခါ တင်ပျဥ်ခွေထိုင်တော်မူ၏။တင်ပျဥ်ခွေထိုင်ခြင်းကို မွန်ဘာသာဖြင့် ဓဝဲါ ဟုခေါ်သည်။ဓဝိုင်ဟူ၍ အသံထွက်ရ၏။စာတွင် ဓဝဲါဟု ရေးသည်ကိုမြန်မာတို့က ပီအောင်မဖတ်နိုင်သောကြောင့် ၏ဓဝိုင် မဖြစ်ဘဲ ဓဝယ် ဖြစ်သွားရသည်။ဓဝယ်တခြား၊ယိုးဒယားတလိုက်…သုံးထောင့်အိုင် အိုင်ချင်းရှေးစာ စသည်တို့၌ ဓဝယ်ဟု ရေး၏။ယနေ့ခေတ်( ၂၀၁၉)သတ်ပုံ၌ ထားဝယ်ဟူ၍ ရှိပါသည်။

မိုး/ မိုဃ်း_________မေဃသဒ္ဒါကိုထောက်၍မိုဃ်းဟု ဃကြီးသတ်၍ မိုဃ်းဟုရေးကြသည်။သို့သော် တချို့ပညာရှင်တို့က ဃကြီးသတ်လျှင် မိုးသံမထွက်၊မိုက်ဟူသောအသံသာထွက်မည်ဖြစ်၍ ဃကြီးသတ်သည်ကို မနှစ်သက်ကြပေ။လွှမ်းခြုံ/ခြုံ___________
ဂြုမ္ဘ ဟူသော သက္ကတစကားမှဆင်းသက်သည်ဟု ဝေါဟာရလီနတ္ထဆရာက မိန့်သည်။
ရင်ရစ်စဦး_________စုလည်းသစ်နှင့်ရင်ရစ်စဦးချစ်ကြည်နူးကရွှင်မြူးနွှဲအုံးမှီရုံးလက်တင်( စစ်ချီရတု…မှ) အပျိုဖြစ်စအရွယ်ကလေးကို ရင်ရစ်စဦးဟု ခေါ်သည်။ ရှေးက မြန်မာတစ်ပြည်လုံးသည် စစ်တပ်ကြီးဖြစ်၏။ စစ်တိုက်ရန်ရှိသောအခါ၌ စစ်တိုက်နိုင်သူ ယောက်ျားမှန်သမျှ စစ်မြေပြင်သို့လိုက်ကြရသည်။ထိုအခါမျိုးမှာ လူပျိုပေါက်စများလည်း စစ်ထဲပါသွားကြတော့သည်။စစ်မြေရောက် လူပျိုပေါက်စက ဇာတိမြေတွင်ကျန်ရစ်ခဲ့သော ချစ်သူ အပျိုပေါက်မကလေးထံ ရတုရေး၍ လွမ်းကြောင်းရည်ရာဝယ် ရင်ရစ်ဦးစ ဟူသောအသုံးအနှုန်းကို သုံးခဲ့ခြင်းဖြစ်၏။ယနေ့ခေတ်အလိုဆိုပါလျှင် ဘရာစီယာ စတင်ဝတ်ဆင်သောအရွယ်ကို ရင်ရစ်ဦးစ အရွယ်ဟု ဆိုရမည်ဖြစ်သည်။ရတုထဲ၌ ရှေးမြန်မာအမျိုးသမီးငယ်တို့၏ ဝတ်စားဆင်ယင်မှုသမိုင်းကို တွေ့ရ၏။သူတို့ကိုယ်တိုင်သော်လည်းကောင်း၊မိခင်အစ်မ၊အဒေါ်စသူတို့က လည်းကောင်း သမီးငယ်ညီမငယ်အတွက် ရင်ရစ်အထည် အဝတ်ရအောင်အားထုတ်ကြပုံနှင့်ဝတ်ဆင်ကြပုံကိုလည်း မြင်ယောင်မိလေသည်။

စစ်နှင့်ဆောင်း____________

ချစ်သူ့မြွက်ခြည်၊နှုတ်ပျံ့ကြည်နှင့်၊ငယ်မည်ထုတ်ဆို၊ခေါ်မြဲကိုလည်း၊ချစ်ရိုသေမြတ်၊ထူးမိချွတ်ခဲ့၊ဆွတ်လွတ်ခွေပျောင်း၊စစ်နှင့်ဆောင်းလည်း၊တစ်ပေါင်းတည်းပြီ့း၊လွမ်းရာညှိသို့၊ခါသိပန်းမန်၊ချိန်တန်လင့်ကြ၊ချီချန်မျှလျက်၊ဆိုင်းမြရွက်ကျင်၊မင်းလွင်လိုလို၊လေချိုရစ်လု၊ဝန်းစပြုသော်၊ရတုမျိုးဝယ်၊သို့လွမ်းဖွယ်ကို၊နောင့်နှယ်တရူ၊ဘယ်သူထိမ်ဝှက်၊ရှုဝံ့ရက်လိမ့်၊ဖြည်းသက်ဝေ့လည်၊ချမ်းစိမ့်ရည်သည်၊ ၊လေပြည်လည်းလောင်း နှင်းလည်းလောင်း။ (ရွှေမောဓောဘုရားတိုင်ရတုမှ)
ထမင်း/ဓမင်း မြန်မာသက္ကရာဇ် ၁၀၄၂ ခုနှစ်၊ပင်းယ သဒ္ဓမ္မလင်္ကါရဆရာတော် စီရင်သည့် ရတနာကရဝတ္ထု(ဓမ္မပဒ)-*အရှင်မင်းကြီး၏သားတော်သည် ယခု ခွက်လက်စွဲ၍ အိမ်တိုင်း ဓမင်းခံသည်ဟူ၍ တွေ့ရ၏။ထမင်းဟု မသုံးနှုန်းဘဲ ဓမင်းဟု သုံးခဲ့ပုံ သာဓကဖြစ်သည်။ယခုအခါ ပင်းယတစ်ဝိုက် အမင်း ဓမင်းဟု သုံးစွဲသူများ ရှိပါသေးသည်။

ဇီဝဇိုဝ်း—–ဇီဝဇိုဝ်းဟူသော စကားသည် ဇီဝဇီဝဟူသော ပါဠိဘာသာမှ ဖြစ်လာသည်။၎င်းငှက်မှာ ဆန်းကြယ်သောအတောင်ပံရှိသည်။ဥဒေါင်းငှက်လောက်ကြီးသည်။ဇီဝဇီဝဟူ၍ မြည်တတ်ကြောင်း အဘိဓာန်ဋီကာ၌ ဖွင့်ဆိုထားသည်။`အသက်…အသက်..အသက်ဟူသောအသံသာ စိုးမိုးထားသည့် ငှက်´ ဟူလို။

တန်ပိုး/ တံပိုးယနေ့ ၂၀၁၉ တည်းဖြတ် မြန်မာသတ်ပုံ၌ တံပိုးဟူ၍ ရှိသည်။မြန်မာစာပေညွန့်ပေါင်း၊စာ- ၁၀၈ အောက်ခြေမှတ်စုမှာ တည်းဖြတ်သူများ ဆုံးဖြတ်ထားချက်မှာမူ တံပိုးကား မှား၏၊တန်ပိုးက မှန်သည်ဟူ တွေ့ရပါသည်။*တန်ပိုး(ပေါရာဏ)ရေလှိုင်း။ဤ၌ တန် ဟူသော ပေါရာဏစကားသည် ရေကိုဆိုလိုသည်။တန်ဆယ်၊တန်စမ်း၊တန်လဲ စသည်တို့၌ကဲ့သို့တည်း။ပိုးဆိုသည်မှာ တက်စီးသည်ဟု ဆိုလိုသည်။ရေမျက်နှာပြင်၌ တက်စီးသကဲ့သို့ ကြွသောကြောင့် လှိုင်းကိုတန်ပိုးဟုခေါ်သည်။ထို့ကြောင့် တံပိုးဟု သေးသေးတင်ဖြင့်ရေးကြခြင်းသည် မှားသည်။

စံပယ်ရွှင်_____မြန်မာသက္ကရာဇ် ၁၁၅၂ ခုနှစ်။လယုန်လ။ဘိုးတော်မင်းတရား အောင်ပင်လယ်၌ လယ်ထွန်မင်္ဂလာ ဆင်ယင်၏။*နန်းလုံးငယ်မျက်ရှင်၊ရွှေစက်တော်တင်၊စံပယ်ရွှင် ရှဉ်းစုံကသည်နှင့်လေး…ဟု ရွှေတိုက်စာရေး မောင်မင်းအောင်က တျာချင်းဖွဲ့သည်။တျာချင်းထဲကစံပယ်ရွှင်ဟူသည်မှာ ထိုခေတ်က နွားဖြူကို မှည့်ခေါ်ထားသောအမည်ပင်ဖြစ်၏။

Red News Agency – ဆက်လက်ဖော်ပြမည်။

By Editor

Leave a Reply

Your email address will not be published. Required fields are marked *