” ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံရေးမြင်ကွင်းထဲ၌ ဇာတ်တူသားစားသော လူစုတ်များကို တွေ့ရသည်။နိုင်ငံကောင်းစားဖို့ထက် ငါကောင်းစားဖို့ကို ပိုဦးစားပေးသူများလည်း တွေ့ရ၏။နိုင်ငံအတွက် အလုပ်လုပ်ဖို့ထက်၊နိုင်ငံရေးလုပ်ကွက်က ရရှိလာမည့်အကျိုးအမြတ်ကို ကောက်ရိုးလှည်းနောက်က တကောက်ကောက်လိုက်နေ့သည့် နွားငတ်လို တစ်မျှင်ရတစ်မျှင်စား လုပ်နေသောငနွားတွေသာ နေရာတကာ တစိုးတမိုးတွေ့လာရသည် “
အောင်မှူးဝေ
ကိုမောင်မောင်ငြိမ်းချမ်းတစ်ယောက် ကိုဗစ်၁၉ကြောင့် အိမ်ထဲအောင်းရချိန်ကြာသည်နှင့်အမျှ စိတ်ကယောက်ကယက်ဖြစ်လာ၏။အိမ်ဝင်းထဲက ရေကန်ထဲမှာ ငါးမျိုးစုံထည့်မွေးထားသည်ကို သတိရသဖြင့်ပျော်သွားသည်။
” ငါးမျှားမယ်”
ငါးမျှားတံ၌ငါးမျှားကြိုးငါးမျှားချိတ်တပ်နေသည့် ကိုမောင်မောင်ငြိမ်းချမ်း၏ ပြောင်လျက်ဝင်းလျက်ရှိနေသော နဖူးကြီးကိုကြည့်ပြီး သူ့မိန်းမက တိုးတိုးရေရွတ်၏။
” ဝေဘါဂီကို ပို့လိုက်ရင် ဆံပင်တွေများပြန်ပေါက်လာလေမလား”
ကိုမောင်မောင်ငြိမ်းချမ်းတစ်ယောက် ငါးမျှားတံပြင်ဆင်ပြီး ခြံထဲဆင်းသွားသည်။သူ့မိန်းမက သူ့နောက်ကနေကြည့်နေ၏။
” ဒီပုံစံနဲ့ဆို ဝေဘါဂီနဲ့မရဘူး ရွာသာကြီးပါပို့ရတော့မယ်”
ဟု ပြောလိုက်သည်။ကိုမောင်မောင်ငြိမ်းချမ်းက ငါးမျှားတံကို ဟန်ပါပါကိုင်ထားရင်း မေးကလေးငေါ့ကာငေါ့ကာ” ဘာဖြစ်လို့လဲကွ” ဟု မေး၏။
” ရှင်က ငါးမျှားချိတ်မှာ ဆီးဖြူသီးတပ်မျှားနေတာ ဘယ်လိုလုပ်ငါးမိမလဲ။တီကောင်တို့ ဘာတို့လည်း မဟုတ်”
ကိုမောင်မောင်ငြိမ်းချမ်းက မဟာပညာရှိအပြုံးမျိုး ပြုံးချလိုက်သည်။
” မင်း ဘာသိလို့လဲမိန်းမရာ ခံတွင်းပျက်နေတယ်ငါးဆိုရင် မိလာမှာပေါ့။မှုတ်ဘူးလား အဟဲ”
ဟု ပြောလေ၏။
ဪ..ဟော်..သုခမြားမြောင် လူတို့ဘောင်။
(၈)
ကျွန်တော်သည် နိုင်ငံရေးနှင့် နိုင်ငံရေးပညာတို့ကို အလွန်ဝါသနာပါခဲ့ဖူး၏။အမေက နင်ဟာထောင်စာ တန်းစာကလေးပဲဟု ပြောယူရသည်အထိ ရူးဖူးသည်။ဝါသနာပါသည့်အလျောက် လက်လှမ်းမီသမျှလေ့လာဖူး၏။လေ့လာဖူးသည့်အလျောက် တစ်နိုင်ဝန်ကလေးလည်း နိုင်ငံရေးလုပ်ဖူးသည်။
ကျွန်တော်သဘောကျသော နိုင်ငံရေးမှာ လက်နက်နှင့်ဉာဏ်ပညာတို့ကို အချိုးကျ ပေါင်းစပ်ထားသည့်နိုင် ငံရေးမျိုးဖြစ်၏။ကျွန်တော့်မူဝါဒက ကျွန်တော့်နိုင်ငံကောင်းမည့်အလုပ်ကို လုပ်မည်။ကျွန်တော့်မူဝါဒကို အကောင်အထည်ဖော်ရာ၌ လက်နက်သုံးသင့်သည့်နေရာတွင် လက်နက်သုံးမည်။ဉာဏ်ပညာသုံးသင့်သည့်နေရာတွင် ဉာဏ်ပညာသုံးမည်။
ကျွန်တော်တစ်ယောက်တည်း ကောင်းစားရေးအတွက် ဘာတစ်ခုမျှမလုပ်။
သို့သော် ဆောင်းဦးတစ်ည၊သေးပေါက်ချင်၍လန့်နိုးလာသောအိပ်မက်ပမာ နိုင်ငံရေးအိပ်မက်သည် ကျွန်တော့်ဘဝထဲက ထွက်ခွာသွားခဲ့၏။
ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံရေးမြင်ကွင်းထဲ၌ ဇာတ်တူသားစားသော လူစုတ်များကို တွေ့ရသည်။နိုင်ငံကောင်းစားဖို့ထက် ငါကောင်းစားဖို့ကို ပိုဦးစားပေးသူများလည်း တွေ့ရ၏။နိုင်ငံအတွက် အလုပ်လုပ်ဖို့ထက်၊နိုင်ငံရေးလုပ်ကွက်က ရရှိလာမည့်အကျိုးအမြတ်ကို ကောက်ရိုးလှည်းနောက်က တကောက်ကောက်လိုက်နေ့သည့် နွားငတ်လို တစ်မျှင်ရတစ်မျှင်စား လုပ်နေသောငနွားတွေသာ နေရာတကာ တစိုးတမိုးတွေ့လာရသည်။
နိုင်ငံအတွက်တကယ်လုပ်ခဲ့သူများထက် မိုးထဲရေထဲတုန်းက ထဘီလျှောက်ခိုးနေသူများ နေရာပိုရနေကြ၏။ နိုင်ငံရေး၌ စိုက်ပျိုးသူနှင့်ရိတ်သိမ်းသူတို့ အရေအတွက်ချင်း မတူပါ။တစ်ခါတစ်ရံ စိုက်ပျိုးသူကတစ်ယောက် ရိတ်သိမ်းသူကတစ်ယောက်ပင် ဖြစ်နေလိုက်သေးသည်။သောက်ရှက်တစ်ပြားသားမျှမကျန်အောင် မိုက်သူတွေလည်း တွေ့ရသည်။
ကျွန်တော်တို့ နိုင်ငံရေးက ကျွန်တော့်ယောက္ခမကြီး ပဲပုပ်လှန်းသည်နှင့် အလွန်တူ၏။ပဲပုပ်စိမ်းတွေဝယ်၊ဒယ်ကြီးထဲထည့်ပြုတ်။မောင်းထဲထည့်ထောင်း။နှီးကြောဖျာကြီးခင်း၊ပဲပုပ်များကို ပြားကာပြားကာ နေလှန်း။ပဲပုပ်များနေသွေ့ချိန်ကျတော့ ရပ်ကွက်ထဲအလေနတော လွှတ်ကျောင်းထားသည့် နွားတွေက ဝင်စားသွားလေသည်။
ယခုအခါ
ကျွန်တော်စာရေးစားပွဲသည်သာ ကျွန်တော့်နိုင်ငံရေးဟု သတ်မှတ်ထားလိုက်၏။
” အောင်မယ်”
ပြတင်းပေါက်က လှမ်းမြင်ရသော လမ်းပေါ်တွင် ရပ်ကွက်နွားနီလေးတစ်ကောင် ပဲပုပ်ဖျာဆီသွားနေသည်ကိုတွေ့ရ ပြန်လေသည်။စကားပြောနဲ့စကားပြေသာ မကွဲတာ စာတတ်တဲ့ကောင်လက်ညှိုးထောင်ဆို သူထိပ်ဆုံးက..ဆိုသည့် နွားနီကလေး။
ဪ..သုခမြားမြောင် လူတို့ဘောင်။
(၉)
ကိုဗစ်၁၉ကြောင့် အိမ်ထဲအောင်းကြရသည့်ကာလသည် အလှပြင်၊ဆယ်လ်ဖီဆွဲ၊ပုံတင်ရန်အကောင်းဆုံး ကာလကြီးပေတည်း။ဟိုမှာလည်း အလှပုံ၊သည်မှာလည်း အလှပုံ။facebook ပေါ်၌ အလှပုံကလေးများ ပလူပျံနေ၏။တချို့ကျတော့လည်း အလှပုံတင်ရုံသာမက ” ငါကလှတယ်လေ ” ဟု စာတန်းကလေးပင် ထိုးလိုက်သေးသည်။
” လှတာမကောင်းဘူးလား ငမှူးရဲ့”
” သိပ်ကောင်းဗျာ၊တကယ်လှရင်ပေါ့ အဟဲ”
အလှဆိုလေမှ ကျွန်တော်ဖတ်ဖူးသည့် စာတစ်ပုဒ်ထဲကအကြောင်းကို သတိရမိ၏။မဟတ္တမဂန္ဓီနှင့်ရာဘင်ဒြာနသ်တဂိုးတို့အကြောင်း ဖြစ်သည်။
တစ်ခါတုန်းက အဟိံသာသမား ဂန္ဓီဂျီးသည် အနုပညာသမားတဂိုး၏ သျှန်တိနိကေတန်ကျောင်းသို့ သွားရောက်လည်ပတ်၏။ညနေဘက် နှစ်ယောက်သား လမ်းလျှောက်ထွက်ကြရန် ပြင်ဆင်ခိုက် တဂိုးက” ခဏလေးနော် ဆံပင်ဖြီးလိုက်ဦးမယ်” ဆိုပြီး အခန်းထဲသို့ ပြန်ဝင်သွားသည်။တဂိုး၏ ဆံပင်ဖြီးလိုက်ဦးမယ်ဟူသောစကားကြောင့် ဂန္ဓီဂျီးမျက်နှာတစ်ချက်ပျက်သွား၏။
” ဒီအရွယ်ကြီးကျမှ ဘာဆံပင်ဖြီးစရာလိုသလဲ။ဆံပင်ဆိုတာ သိပ်ရှုပ်ထာ။တကယ်တော့ ဆံပင်ဆိုတာ ထားစရာကိုမလိုတော့တာ” ဟု ဂန္ဓီဂျီးက တွေးနေသည်။
တဂိုးက ခဏပဲကြာမည်ဟုဆိုခဲ့သော်လည်း ၁၀မိနစ်ကြာသည်အထိကို ပြန်ထွက်မလာသေး။
တဂိုးသည် မှန်ရှေ့ရောက်သွားသောအခါ ဈာန်ဝင်စားသလိုလိုဖြစ်သွား၏။၁၅မိနစ်ခန့် ကြာပြီ။ဂန္ဓီကြီး မစောင့်နိုင်တော့သဖြင့် ပြတင်းပေါက်ကနေ သွား၍ကြည့်သည်။တဂိုးသည် တစ်ခုခုထဲတွင်နစ်မြောနေဟန် ရှိ၏။ဂန္ဓီဂျီးနှင့်အတူတူ လမ်းလျှောက်သွားကြမည့်ကိစ္စကိုပင် မေ့လျော့နေသယောင်ရှိသည်။တဂိုးသည် အေးအေးဆေးဆေး ဆံပင်ဖြီးလျက် ရှိနေဆဲ။
” လမ်းလျှောက်သွားကြမယ်လေဗျာ။အိုကြီးအိုမအရွယ်ကျမှ ဘာအပိုတွေလုပ်နေတာလဲ” ဟု ဂန္ဓီကြီးက လှမ်းပြော၏။တဂိုးက ပြုံးလျက်ပင် အခန်းပြင်သို့ထွက်လာသည်။
” ဒီအရွယ်ကြီးကျမှ ဒီလောက်ပြင်နေစရာလိုလို့လားဗျာ” ဟု ဂန္ဓီဂျီးက ထပ်ပြော၏။
” အရွယ်ကောင်းနေတုန်းကတော့ ဘယ်လုပ်လိမ့်မလဲဗျာ။လုပ်ဖို့လည်း မလိုအပ်ဘူးလေ။ဒီအတိုင်း ထသွားလိုက်တာပဲ။ဘယ်လိုနေနေ လှပတင့်တယ်နေတာကိုး။အခုတော့ ဂရုစိုက်ရတယ်ဗျို့။ပြင်ပြင်ဆင်ဆင်နေရတယ်လေ။တကယ်လို့ တစ်စုံတစ်ယောက်က ကျွန်တော့်ကိုမြင်တဲ့အခါ သူ့အမြင်မှာ ကျွန်တော်အိုစာနာကျနေပြီ၊ရုပ်ဆိုးအကျည်းတန်နေပြီလို့ သနားစရာ ခံစားချက် ဖြစ်သွားရင် ကျွန်တော်ကသူ့ကိုစိတ်ဆင်းရဲအောင် ဟိံသာလုပ်လိုက်တာပဲ။ညှဉ်းဆဲလိုက်တာပဲ။ကျွန်တော် အဲ့ဒီလိုခံယူတယ်။တစ်စုံတစ်ယောက်ရဲ့အမြင်မှာ ကျွန်တော်ဟာ လှပတယ်၊ကျက်သရေရှိတယ်၊ခံ့တယ်ဆိုရင် သူတစ်ပါးကိုမညှဉ်းဆဲရောက်တယ်။အဟိံသာဖြစ်တယ်ပေါ့ဗျာ။ ” ဟု တဂိုးက ပြန်ပြောလိုက်လေသည်။အဟိံသာသမား ဂန္ဓီဂျီး ဘာမျှထပ်မပြောတော့ပေ။
ဝိုင်ချိုသည် သနပ်ခါးအဖွေးသားပုံ တစ်ပုံကို facebookပေါ် ဘတ်ခနဲပစ်တင်လိုက်၏။ကြည့်ပြီး Likeပေးလိုက်သည်။စိတ်ညစ်သော်လည်း မဆဲလိုက်မိတော့ပါ။
ဪ.. ဟော်..သုခမြားမြောင် လူတို့ဘောင်။
Red News Agency