အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တရားခံ စစ်ကောင်စီအနေဖြင့် နမ့်နိန်းရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ၎င်းတို့အပြစ်ကို ဖုံးကွယ်ကာ တော်လှန်ရေးအဖွဲ့များကို အပစ်လွှဲချနေသော်လည်း အချက်အလက်များအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီက ကျူးလွန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော် (၃) ပါး၊ အမျိုးသား (၁၈) ဦးနှင့် အမျိုးသမီး (၁) ဦးတို့အား စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်ကို ဖုံးကွယ်ကာ ဘာသာရေး၊ လူမျိုးရေး ပြဿနာများဖြစ်ပွားအောင် နည်းမျိုးစုံဖြင့် စစ်ကောင်စီက ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။ မြေပြင် နီးစပ်သူများကို ဖုန်းဆက်မေးမြန်းရာတွင် ပျောက်ဆုံးနေသည့် ရွာသူရွာသား ၁၁ ဦး ရှိနေသေးကြောင်း လည်း သိရှိရသည်။
● အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဖုံးကွယ်ရန်ကြိုးစားခြင်း
မတ်လ (၁၀) ရက်နေ့က ပင်လောင်းမြို့နယ် နမ့်နိမ်းရွာအနီးတွင် ဒေသတွင်း မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် နမ့်နိန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးလာခဲ့သည်။ လက်နက်ကြီးကျည် ကျရောက်ခြင်းကြောင့် နေအိမ်မီးလောင်မှုများနှင့် ဘုန်းကြီး ကျောင်းအတွင်း ခိုလှုံနေသည့် အရပ်သားတဦး သေဆုံးခဲ့ကြောင်းကို ပအိုဝ်းသတင်းဌာနဖြစ်သည့် The People’s Voice – ခမ်းသားငေါဝ်း Burmese Version သတင်း ( ပုံ – ၁ )တွင် ဖော်ပြထားသည်။ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းတွင် လက်နက်ကြီးပစ်ကူများ လေကြောင်းပစ်ကူများ အသုံးပြုကာ ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့သည်။
( ပုံ – ၁ )
● နမ့်နိန်းရွာ ပထမဆုံး သတင်းဖြစ်စဉ်
စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီးနောက် နမ့်နိမ်းရွာ ဘုန်းကြီးကျောင်းအတွင်းအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့်ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ PDF များကို စစ်ကောင်စီတပ်က သတ်ဖြတ်နိုင်မှုအဖြစ် အစုလိုက်အပြုံလိုက်သေဆုံးနေသည့်ဓာတ်ပုံများကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက ဖြန့်ဝေခြင်းဖြစ်သည်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တခုဖြစ်သည့် Ko Thet – Telegram တွင် မတ်လ ၁၁ ညနေ ၆ နာရီ နောက်ပိုင်းကစတင်ကာ ဘုန်းကြီးကျောင်းဝန်းအတွင်း ပစ်ခတ်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ဓာတ်ပုံများကိုအသုံးပြုကာ “ဒါက အမြည်း ခေါင်းတွေ၊ နဖူးတွေ၊ ဘက်သီးတွေ ပုံတွေအများကြီးကျန်သေးတယ်” စသဖြင့် သတ်ဖြတ်ခံထားရသည့် ၃ ဦးပုံ စတင် တင်ခဲ့ပြီး “ဘုရားပေါ်မှာ Beer သောက်ပြီး စစ်တပ်ကိုပစ်တဲ့ ကယားပဒက်တွေကတော့ မြင်တဲ့အတိုင်းပဲ .. Sniper မိထားတာ .. ဒါ အမြည်းနော် ပြီးမှ စုတင်မယ် ..” ဆ ဆိုကာ နောက်ထပ်သတ်ဖြတ်ခံရသူ ၃ ဦးပုံ တင်ခဲ့သည်။ ထို့နောက် ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် ရုပ်အလောင်းများပေါ် လက်လုပ်သေနတ်များတင်ထားသည့် ပုံများဖြင့် “ကယားပဒက်များ၏ နိဂုံး” ဆိုသည့် အကြောင်းအရာကိုတင်ခဲ့သည်။( ပုံ – ၂ )
( ပုံ – ၂ )
စစ်ကောင်စီဝါဒဖြန့်ချန်နယ်ပါ အရပ်သားများကို ကယား PDF ဟု စွပ်စွဲသတ်ဖြတ်ထားသည့်ပုံ စစ်ကောင်စီဝါဒဖြန့် ချန်နယ်များတွင် တင်ထားသည့် အချက်အလက်များကို စစ်ဆေးကြည့်သည့်အခါ သတ်ဖြတ်ခံရသူများသည် စစ်ယူနီဖောင်း၊ ဘောင်းဘီ ဝတ်ဆင်ထားခြင်းမရှိဘဲ အများစုမှာ ပုဆိုးများသာ ဝတ်ဆင်ထားသည် ကိုတွေ့ရသည်။
(more…)