နမ့်နိန်းကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအတွင်း ပျောက်ဆုံးနေသည့် ၁၁ ဦးရှာမတွေ့သေး

RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။
 
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ စစ်ကောင်စီတပ်ဝင်စီးပြီး ဘုန်းတော်ကြီးကျောင်းအတွင်း သံဃာ(၃) ပါးနှင့် အမျိုးသမီး (၁)ဦး၊ အမျိုးသား (၁၈)ဦးတို့ကို သတ်ဖြတ်သွားသည့်အပြင် ပျောက်ဆုံးနေသည့် ကျေးရွာသား (၁၁) ဦးယနေ့အထိ မတွေ့ရှိသေးကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်)မှ တာဝန်ရှိသူတဦးကပြောသည်။
 
စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ (၁၁) ရက်နေ့ညနေက လက်နက်ကြီးပစ်ကူများ၊ လေကြောင်းပစ်ကူများယူကာ နမ့်နိန်းကျေးရွာအတွင်း ဝင်စီးပြီး သံဃာတော် (၃)ပါးနှင့် အရပ်သား (၁၉) ဦးကို ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေရာမှ ဆွဲထုတ်ပြီး ဓား၊သေနတ်တို့အသုံးပြုကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ကို သက်ဆိုင်ရာအဖွဲ့အစည်းများက အတည်ပြုထားသည်။

” သေဆုံးသူက အခုအတည်ပြုနိုင်တာ ၂၂ ဦးပါ၊ ပထမ ဘုန်းကြီးကျောင်းအတွင်းမှာ ၂၁ ဦးတွေ့တယ်၊ နောက်ထပ်ထပ်ရှာတဲ့အချိန် ဘုန်းကြီး ကျောင်းဘေး မြောင်းထဲမှာ ၁ လောင်းထပ်တွေ့တယ်၊ အတည်ပြုနိုင်တာက ၂၂ ဦးပါ၊ ဒါပေမဲ့ ရွာထဲမှာ ပျောက်ဆုံးနေသူတွေရှိတယ် အဲဒါက ၁၁ ဦးပါ ဒီနေ့ထိ မတွေ့သေးဘူး၊ အချို့စာရင်းဇယားတွေက ပျောက်နေတဲ့သူတွေကိုပါ တွက်တာဖြစ်လိမ့်မယ် ပျောက်နေတဲ့သူတွေကောဆိုရင် ၃၃ ဦးပေါ့” ဟု ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်)မှ တာဝန်ရှိသူတဦး Red News Agency ယနေ့ မေးမြန်းချက်ကို ဖြေကြားထားသည်။
 
NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက စုံစမ်းကောက်ယူထားသည့် အချက်အလက်အရ နမ့်နိန်းကျေးရွာဖြစ်စဉ်တွင် စစ်ကောင်စီတပ် တောင်ကြီးမြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းကွပ်ကဲသော ဌာနချုပ်မှူး ဗိုလ်မှူးချုပ်နေလင်းအောင် ကွပ်ကဲသော ဖယ်ခုံမြို့ အခြေစိုက် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှု (စကခ-၇)၊ (ခကစ-၁၈) စစ်ကြောင်းမှ အင်အား ၂၀၀ ခန့်က MA1 သေနတ်နှင့်ဓားကို အသုံးပြုကာ သံဃာ (၃) ပါးနှင့် အရပ်သားပြည်သူ (၁၉) ဦးကို သတ်ဖြတ်သွားသည်ဟု ထုတ်ပြန်ထားသည်။
 
စစ်ကောင်စီတာဝန်ရှိသူများက နမ့်နိန်းကျေးရွာဖြစ်စဉ်ကို KNDF/KNPP ကိုလွဲချထားပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားအောင် လုပ်ဆောင်နေကြောင်း၊ ယနေ့ တောင်ကြီးမြို့တွင်လည်း ပအိုဝ်း ပြည်သူ့စစ်ကဦးဆောင်ပြီး ပြည်သူများ မလာမနေရ အဓမ္မဆန္ဒပြခိုင်းကြောင်း သိရသည်။
 
#RedNewsAgency
By Editor