စစ်ကောင်စီကျရှုံးတော့မှာ ဘာ့ကြောင့် သေချာနေရတာလဲ

“လက်နက်ကိုင်တော်လှန်ရေးဟာ ၃ နှစ်ကျော်ကာလအကြာမှာပဲ သမိုင်းအဆက်ဆက် သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်တွေကို ထိခိုက်ကျရှုံးလောက်အောင်၊ ပုံပျက်ယိုင်နဲ့ပြီး ပြိုကျလာအောင်အထိ စွမ်းဆောင်ပြနိုင်လာခဲ့ပါပြီ”

ကေဂျီ – Wiper

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဟိုင်ဂင်အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ချိန်မှာတော့ ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းမြောက်မှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တော့တာဆိုလို့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနဲ့ မှုဆယ် ၅ မြို့ သာကျန်ရှိပါတော့တယ်။ အပစ်အခတ်ရပ်စဲပြီး ၅ လ ကျော်လာချိန်မှာတော့ စစ်ကောင်စီနဲ့ ညီနောင် ၃ ဖော်တို့ရဲ့ အသီးသီး စစ်ရေးပြင်ဆင်လာမှုတွေကို တွေ့မြင်လာရပြီး ဘယ်အချိန် ထပေါက်ကွဲမယ်မသိရတဲ့ ဖျက်အားပြင်း ဗုံးတလုံးလို အနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဇွန်လ ၁၂ရက်နေ့ လောက်ကစပြီး လားရှိုးမူဆယ် လမ်းပေါ်က ကောင်းဟုန်၊ နမ့်ဖ၊ မန်နားရွာအနီးက လမ်းများနဲ့ နမ္မတူသီပေါ လမ်းပိုင်းနေရာတချို့ကို မြေတူးစက်နဲ့ တူးပြီးဖျက်ဆီးကာ သွားလာလို့ မရနိုင်အောင် လုပ်ဆောင်လာခဲ့ပါတယ်။ လားရှိုးမြို့ပေါ်မှာလည်း စစ်ကောင်စီဟာ လက်နက်ကြီးတွေ၊ တရုတ်ထုတ်နဲ့ ရုရှားထုတ် ဒရုန်းတွေကို ပြင်ဆင်ထားပြီး မြို့အပြင်မှာရှိတဲ့ စစ်စခန်းတွေကိုလည်း အင်အားဖြည့်တင်းနေပါတယ်။ စစ်ကောင်စီဟာ  ဟိုင်ဂင်သဘောတူညီချက်များကို သွေဖီပြီး ကိုးကန့်နဲ့ တအာင်းဒေသတွေကို လက်နက်ကြီး ပစ်တာတွေ၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။

တအာင်းဒေသ မိုးမိတ်မြို့နယ် ပန်တင်နဲ့ မန်ပိန်းရွာကြားက TNLA တပ်စခန်းတစ်ခုကို ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီး ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး၊ လေယာဉ်က ပေါင် ၅၀၀ ဗုံး နှစ်ကြိမ်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ အပစ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီမှုရယူပြီး နောက်ပိုင်းမှာ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး တပ်သားစုဆောင်းခဲ့ပါတယ်။ TNLA MNDAA တို့ကလည်း ၁၀၂၇ စစ်ဆင်ရေးအပြီး ရရှိခဲ့ကြတဲ့ သိမ်းပိုက်ဒေသအတွင်းမှာ အုပ်ချုပ်ရေး ယန္တရားထူထောင်နိုင်ခဲ့ပြီး အင်အားသစ်စုဆောင်းမွေးထုတ်မှုများ ပြုလုပ်နိုင်ခဲ့ကြပါတယ်။

လားရှိုးမြို့အနီးကို TNLA တပ်များအပြင် ကိုးကန့်တပ် MNDAA တပ်များပါ ဇွန်လ ၁၄ ရက်နေ့က အင်အားအလုံးအရင်းနဲ့ ရောက်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အ‌‌ရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်များအားလုံး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေတယ်ဆိုတဲ့ တစ်ကျော့ပြန် နှစ်ဖက်စစ်ရေးတင်းမာမှုကို ပြန်လည်တွေ့မြင်နေရပါတယ်။ ဒီတစ်ကြိမ် ရှမ်းမြောက်မှာတိုက်ပွဲတွေ စတင်လာခဲ့ရင်တော့ ပထမအကြိမ် ၁၀၂၇ စစ်ဆင်ရေးထက် ပိုမိုပြင်းထန်မှာ ဖြစ်တာကိုတော့ နှစ်ဖက်စလုံးရဲ့ ကြိုတင်ပြင်ဆင်မှု အနေအထားကို သုံးသပ်ကြည့်ရင် တွေးမြင်နိုင်မှာ ဖြစ်ပါတယ်။

ရှမ်းမြောက်စစ်ရေး ပြင်ဆင်မှုတွေထဲမှာ အာရက္ခတပ်တော်လည်း ပါဝင်နေပါတယ်။ မူဆယ် ၁၀၅ မိုင်အနီးဝန်းကျင်မှာဆိုရင် အာရက္ခတပ်တော် ရဲဘော်များလည်း ရှိနေတယ်လို့သိရပါတယ်။ အာရက္ခတပ်တော် AA က ရခိုင်ပြည်နယ်အတွင်းမှာလည်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ စစ်ဗိုလ်ချုပ်များရဲ့ အကျိုးစီးပွားအများအပြားရှိနေတဲ့ ငပလီကမ်းခြေအပါအဝင် သံတွဲမြို့မကျစေရေးအတွက် ရေတပ်အထူးတိုက်ခိုက်ရေးတပ်ဖွဲ (Navy Seals) များကိုပါ ထုတ်သုံးနေရတယ်လို့ ဇွန်လ ၇ ရက်နေ့က AA ရဲ့ သတင်းထုတ်ပြန်မှုမှာ တွေ့မြင်ရပါတယ်။

အမ်းမြို့နယ်မှာလည်း တိုက်ပွဲပြင်းထန်နေသလို့ သံတွဲ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲဝင် ရာကျော် သေဆုံးသွားပြီး စစ်ကောင်စီတပ်ဖွဲဝင်တွေရဲ့ အလောင်းအမြောက်အမြား၊ လက်နက်ခဲယမ်းအများအပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့သလို ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေကို ကမ်းခြေတစ်လျှောက် လိုက်လံရှင်းလင်းနေတယ်လို့ AA ရဲ့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ ရေတပ်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (Navy Seals) တွေဟာလည်း အခြေအနေ မကောင်းတော့တာကို တွေ့မြင်နေရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအဖြစ် စတင်လာခဲ့ပြီး ၇ လကျော် ကာလအတွင်း အာရက္ခတပ်တော် – AA ဟာ မြိုနယ် ၁၀ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အမ်း၊ သံတွဲ၊ တောင်ကုတ် မြို့နယ်တွေမှာ စစ်ရှုံးကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီအတွက်တော့ ရခိုင်ပြည်နယ်တိုက်ပွဲများအပြင် မြန်မာနိုင်ငံ အထက်ပိုင်းက ကချင်‌ဒေသမှာလည်း ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို အလူးအလှိမ့်ခံနေရပါတယ်။ ဇွန်လ ၁၃ ရက်နေ့အထိ ၀၃၀၇ စစ်ဆင်ရေးကာလအတွင်း KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေဟာ စစ်ကောင်စီရဲ့ အဓိကစစ်စခန်းကြီးများအပါအဝင် စခန်းပေါင်း ၁၂၅ ခုကို သိမ်းပိုက်ရရှိထားပါတယ်။ တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့၊ ဆင်ဘိုမြို့၊ ဆွမ်ပရာဘွမ်မြို့၊ ဆဒုံးမြို့နဲ့ မြို့လှမြို့ကိုလည်း  KIO က အပြည့်အ၀ ထိန်းချုပ်ထားနိုင်ပါသေးတယ်။

ဝိုင်းမော်ချီဖွေ လမ်းပေါ်က ဆနီခူးတပ်စခန်း ၂ ခုကို ဇွန်လ ၁၃ ရက်နေ့က သိမ်းပိုက်ပြီး၊ ဇွန်လ ၁၄ ရက်နေ့မှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့် (BGF)စခန်းဖြစ်တဲ့  ရှငေါ် ပြည်သူ့စစ်စခန်းနဲ့ မန်ဒေါင်နယ်ခြားစောင့်စခန်းတွေကို ထပ်မံသိမ်းပိုက် ရရှိခဲ့ပါတယ်။ KIA ဟာ ဇွန်လ ၁၄ ရက်နေ့မှာ အမှတ် ၁၂ တပ်ရင်းနဲ့ အမှတ် ၂၇ တပ်ရင်းတို့ကို ပူးပေါင်းပြီး KIA တပ်မဟာ ၁၁ ကို တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးအရ အရေးပါတဲ့ ဒေသတစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အစပ် ရွှေလီချိုင့်ဝှမ်းဒေသ၊ အူလောင်းပါနဲ့ ရွှေကူဒေသကို ထိန်းချုပ်သွားဦးမှာဖြစ်ပါတယ်။

စစ်ကောင်စီအတွက်တော့ ကချင်ပြည်နယ်မှာလည်း အခြေအနေမကောင်းဖြစ်နေရပါပြီ။ KIAရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် မြစ်ကြီးနား၊ ဆော့လော်၊ တနိုင်း၊ ပူတာအို၊ ဖားကန့်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊  ရွှေကူနဲ့ ဝိုင်းမော်မြိုနယ်တွေမှာလည်း တိုက်ပွဲတွေဆက်လက် ဖြစ်ပွားလျက်ရှိနေပြီး ကချင်ပြည်နယ်အတွင်းက လမ်းပန်း ဆက်သွယ်ရေး လမ်းမကြီးများနဲ့ ကျေးလက်ဒေသအားလုံးနီးပါးကို  KIA က ထိန်းချုပ်ထားနိုင်ပြီလို့လဲ သိရှိရပါတယ်။ စစ်ကောင်စီအတွက် မြို့ပေါ်ကစခန်းများနဲ့ တပ်ရင်းဌာနချုပ်များအတွင်းသာ စိုးမိုးထားနိုင်တဲ့ အခြေအနေဖြစ်နေပါပြီ။

ကချင်ပြည်နယ် စစ်ရေးရှုံးနိမ့်နေရုံနဲ့ မပြီးသေးပါဘူး စစ်ကောင်စီအတွက်တော့ ချင်းပြည်နယ်မှာလည်း မြို့ပေါ်တွေလောက်သာ စိုးမိုးထားနိုင်တဲ့အခြေအနေမှာ အခုတော့ ချင်းကာကွယ်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြတာကိုလည်း မြင်တွေ့နေရပါပြီး။ မတူပီမြို့ကို သိမ်းပိုက်နိုင်ဖို့ အတွက် ချင်းညီနောင်စစ်ဆင်ရေးကို ဇွန်လ ၁၃ ရက်နေ့မှာ စတင်ခဲ့ပြီဖြစ်ပါတယ်။ မဟာမိတ်တွေထဲမှာ AA လည်းပူးပေါင်းပြီး တိုက်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်။ ဇွန်လ ၁၇ရက်နေ့မှာ မတူပီ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်က သိမ်းပိုက်နိုင်ခဲ့ပေမယ့် ကျန်ရှိနေတဲ့ စစ်ကောင်စီဗျူဟာနဲ့ ခလရ ၁၄၀ တပ်ရင်းကို အပြိုင်သိမ်းပိုက်နိုင်ဖို့ ချင်းလန်းကောင်စီနဲ့ ချင်းညီနောင်တို့ အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လဲ သိရပါတယ်။

ချင်းလန်းကောင်စီနဲ့ ချင်းညီနောင်တို့ အချင်းချင်းပြဿနာကြောင့် စစ်ကောင်စီတပ်တွေအတွက် အနည်းငယ် အသက်ရှုချောင်သွားတယ်လို့ ဆိုနိုင်ပေမယ့် ဘုံရန်သူတူညီတဲ့ အနေအထားမှာ AA အပါအဝင် ချင်းခေါင်းဆောင်ပိုင်းတွေရဲ့ ပူးပေါင်းလုပ်ဆောင်နေကြတာဖြစ်တဲ့အတွက် ပြန်လည်သင့်မြတ်အောင် ငြှိနှိုင်းဖို့ကိစ္စဟာ သိပ်တော့ မခက်ခဲနိုင်ဘူးဆိုတာကို တွေးကြည့်နိုင်ပါတယ်။ ချင်းလန်းကောင်စီနဲ့ ချင်းညီနောင်တို့ကြားက ပြဿနာတွေကလည်း စစ်အာဏာရှင်ကို ဖြိုခွင်းဖို့အတွက်တော့ အဟန့်အတား ဖြစ်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် စစ်ကောင်စီအတွက်တော့ အနှေးနဲ့အမြန် ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ခံရအုံးမှာဖြစ်ပါတယ်။ ချင်းညီနောင်အဖွဲ့တွေကတော့ ရည်ရွယ်ချက်ပြည့်အောင် လုပ်ဆောင်မှာဖြစ်ပါတယ်။

ချင်းကာကွယ်ရေးတပ်တွေက ချင်းပြည်နယ်အတွင်းမှာ ကျင်ဒွေး၊ တွန်းဇံတို့လို မြို့တွေအပြင် မြန်မာအိန္ဒိယ နယ်စပ်မြို့တွေဖြစ်တဲ့ ရိဒ်ခေါဒါရ်၊ လိုင်လင်းပီ၊ နှာရိန်းစတဲ့ နယ်စပ်မြို့တွေကိုလည်း သိမ်းပိုက်ထားပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၃ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ် ၉ မြို့နယ်ထဲ မြို့ ၉ မြို့ထက်မနည်းကို ချင်းကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီးတဲ့နောက် မြို့နယ်အဆင့်တွေကိုပါ သိမ်းပိုက်လာနိုင်တဲ့အထိ စစ်ရေးအရှိန်သိသိသာသာ မြင့်တက်လာတာကတော့ သေချာနေပါတယ်။

ချင်းပြည်နယ်တိုက်ပွဲများအတွင်း မဟာမိတ် AA ပါနေသလို နယ်မြေချင်းထိစပ်နေတဲ့ အညာဒေသက ရဲဘော်များကလည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေသလို မကွေးတိုင်းအတွင်းမှာလည်း ချင်းညီနောင်များရဲ့ ပူးပေါင်းပါဝင်တဲ့ တိုက်ပွဲတွေကလည်း မနည်းလှပါဘူး။ နောက်တခုက မကွေးတိုင်းတွင်းရှိ အရှိုချင်းတွေကလည်း တိုက်ပွဲဖော်ဆောင်မှု အားကောင်းနေတာ ဖြစ်ပါတယ်။ အညာဒေသတွင်းမှာလည်း များပြားလှတဲ့ တော်လှန်ရေးအင်အားစုများရဲ့ပျောက်ကြားစစ်ဆင်ရေးကြောင့် စစ်ကောင်စီလက်အောက်ခံ စစ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီး၊ ပြည်သူ့စစ်တွေရဲ့ သေဆုံးရတဲ့ သတင်းတွေဟာ နေ့စဉ် သတင်းတွေမှာ မပါမဖြစ် ကဏ္ဍလိုတောင် ဖြစ်နေတဲ့တာကိုတွေ့မြင်ရပါတယ်။

စစ်အာဏာရှင် တော်လှန်ရေးစိတ်ဓာတ် ပြင်းထန်ပြီး၊ လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာတဲ့ စစ်ကိုင်းတိုင်း အတွင်းမှာ ဆိုရင်လည်း မြို့ကြီးအချို့နဲ့ မြို့ပေါ်က နေရာတွေမှာပဲ စစ်ကောင်စီ အုပ်ချုပ်နိုင်ပြီး စစ်တပ်ထောက်ခံတဲ့ ပျူစောထီး အားကောင်းတဲ့ ကျေးရွာတွေကလွဲပြီး ကျေးရွာတော်တော်များများကို တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားနိုင်တဲ့ အထိ နယ်မြေစိုးမိုးမှု အားကောင်းနေပါတယ်။ ၃ နှစ်ကျော်ကာလမှာ အညာဒေသ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့ရဲ့ စစ်ရေးပိုင်း တိုးတက်အားကောင်းလာမှုကို KIA ရဲ့ ဦးဆောင်မှု၊ AA ရဲ့ ပူးပေါင်းပါဝင်မှုတို့နဲ့အတူ စစ်ရေးအရှိန်ကိုသာ ထိထိမိမိ မြှင့်တင်နိုင်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသဟာ စစ်ကောင်စီကင်းစင်နယ်မြေတွေ အများအပြား ဖြစ်ပေါ်လာဖို့ မကြာတော့ဘူးလို့ စစ်ရေး၊ နိုင်ငံရေး ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

မြန်မာပြည် အလယ်ပိုင်းက စစ်ရေးအားကောင်းပြီး စိုးမိုးနယ်မြေများ ကျယ်ပြန့်လာသုလိ မြန်မာပြည်တောင်ပိုင်း ကရင်ပြည်နယ်တွင်းမှာလည်း စစ်ကောင်စီရဲ့ စခန်းတွေဟာ  သိမ်းပိုက်ခံနေရပြီး နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကြီးဟာလည်း အထိအခိုက်အကျအဆုံး များစွာနဲ့ တိတ်တိတ်ဆိတ်ဆိတ်ပဲ မှေးမှိန်ပျောက်ကွယ်သွားခဲ့ရပါတယ်။ တနင်္သလာရီတိုင်းနဲ့ မွန်ပြည်နယ်မှာလည်း တော်လှန်ရေးအင်အားစုတွေက အဓိကလမ်းမကြီးတွေအထိ စိုးမိုးထားနိုင်တာ တွေ့မြင်နေရပါပြီ။ ဒါ့အပြင် ကယားပြည်နယ်မှာလည်း တစ်လေးလုံး စစ်ဆင်ရေးကာလအတွင်း လွိင်ကော်မြို့တော်ရဲ့ နေရာအများစုအထိ ကရင်နီ ပူးပေါင်းတပ်ဖွဲတွေက ထိန်းချုပ်ထားနိုင်ခဲ့ပြီး ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း မြို ()မြိုအပါအဝင် ကယားပြည်နယ်ရဲ့ နယ်မြေ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းသိမ်းနိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။

စစ်ရေးအရကော လူထုထောက်ခံမှုအရကော တော်လှန်ရေးအင်အားစုတွေဆက် တခုချင်းပြောရင် မကုန်နိုင်ဖွယ်အောင်မြင်မှုများဖြစ်ပါတယ်။ စစ်ကောင်စီအတွက်တော့ နေပြည်တော်ထိ ခြိမ်းခြောက်ခံထားရတယ်ဆိုတာလည်း အားလုံအသိဖြစ်ပါတယ်။ ဇွန်လ ၁၀ ရက်နေ့က KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ စောသာအယ်စိုးရဲ့ ပြောဆိုချက်အရဆိုရင်

စစ်ကောင်စီ အခြေချရုံးစိုက်ရာ နေပြည်တော်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် () ဗျူဟာကို တပ်ရင်းသုံးရင်းနဲ့ တိုးချဲ့ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီအတွက်တော့ အချိန်ကြာလာတာနဲ့အမျှ နေပြည်တော်ဟာ တော်လှန်ရေးအင်အားစုတွေ ပတ်လည်ဝိုင်းထားတဲ့ မြို့တစ်ခုအထိ ဖြစ်လာနိုင်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်ရဲ့ အကြမ်းဖက် အာဏာသိမ်းကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ၃ နှစ်ကျော်ကာလအကြာမှာပဲ သမိုင်းအဆက်ဆက် သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်တွေကို ထိခိုက်ကျရှုံးလောက်အောင်၊ ပုံပျက်ယိုင်နဲ့ပြီး ပြိုကျလာအောင်အထိ စွမ်းဆောင်ပြနိုင်လာခဲ့ပါပြီ။ ဒီလိုအောင်မြင်မှုတွေဟာ ပြည်သူလူထုရဲ့ ထောက်ခံအား‌ပေးမှုနဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မဆုတ်မနစ် ကြိုးစားရုန်းကန် တိုက်ခိုက်မှုတို့ကနေ ရရှိလာခဲ့တဲ့ ရလဒ်ကောင်းတွေပဲ ဖြစ်ပါတယ်။ မြန်မာ့မြေပေါ်မှာ စစ်အာဏာရှင်များကိုအပြီးတိုင် ပပျောက်အောင် နိုမ်နင်းနိုင်ရေးဟာ ပထမ ဦးစားပေးဖြစ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းလာတာနဲ့အမျှ စစ်ကောင်စီရဲ့အနေအထားဟာ ကျရှုံးမှုက လွဲရင် တခြားရနိုင်စရာ ဘာတစ်ခုမှမရှိတော့တာ သေချာနေပါပြီ။ ။

Red News Agency

By Editor