Tag: ဖားကန့်ဝှေခါ
-

ဖားကန့် ဝှေ့ခါဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲပြန်ရဲဘော်များ အောင်ပွဲခံ
RNA_ဇန်နဝါရီ(၂၇)၊၂၀၂၄ခုနှစ်။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ၏ ဝှေခါဗျူဟာကုန်းကို KIA/KPDF များက ဝင်ရောက်တိုက်ခိုက်သိမ်းအပြီးတွင် ဒေသခံပြည်သူတချို့က အောင်သပြေနှင့်အတူ ကြိုဆိုခဲ့ကြပြီး ရဲဘော်များ အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။“KIA တပ်မဟာ (၉)ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ ဖားကန့်က ရဲဘော်တွေ သင်ယူကြိုးစားခဲ့ကြတာဖြစ်ပါတယ်၊ ပြည်သူတွေအတွက် အောင်ပွဲတွေဆက်လက်ရယူပေးသွားမှာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်” ဟု KPDF တာဝန်ရှိသူတဦးက ဗျူဟာကုန်းတိုက်ပွဲအပြီးတွင် Red News Agecny ကိုပြောကြားထားသည်။ -

ဝှေခါဗျူဟာကုန်းတိုက်ပွဲအတွင်းမှ စစ်ကောင်စီလက်အောက်ခံ အလောင်းများအား မြေမြှုပ်သင်္ဂြိုလ်ပေးနေရ
RNA_ဖားကန့် ဇန်နဝါရီလ ၂၂ ရက်၊၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီ၏ ဝှေခါဗျူဟာကုန်းအား KIA/KPDF များက ဇန်နဝါရီ ၂၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ တပ်သားများ၏ အလောင်းများအား မြေမြှုပ်သင်္ဂြိုလ်ပေးနေရကြောင်း သိရသည်။
“မနေ့က (၁၂) လောင်း မြေမြှုပ်ပေးခဲ့ရတယ်၊ ငါတို့ရွာထဲအိမ်စောင့် ကျန်နေတဲ့သူတွေလိုက်ခေါ်လို့ သွားမြှုပ်ပေးတာ၊ စခန်းကုန်းပေါ်က မဟုတ်ဘူး၊ အောက်ချိုင့်လျှိုထဲကရတာ”ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

ဝှေခါစခန်းကုန်းပေါ်မှ လက်နက်ကြီးပစ်ကူ လေယာဉ်ပစ်ကူဖြင့် စခန်းစွန့်ခွာထွက်ပြေးသည့်အတွက် စခန်းကုန်းပေါ်၌ စကစ အလောင်းသိပ်မတွေ့ရပဲ ချိုင့်ထဲလျှိုထဲထိလိုက်လံတိုက်ခိုက်ရာမှ သေဆုံးသည့် စကစ ရုပ်အလောင်းများ ကျန်ရှိနေနိုင်သေးသဖြင့် ရှာဖွေနေရဆဲဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးသည့် ဗိုလ်မှူးစံလွင်သည်လည်း လွတ်မြောက်သွားသည်လား၊ သေဆုံးသွားသည်လားကို ယနေ့ အထိ အတည်မပြုနိုင်သေးကြောင်း KIA/KPDF သတင်းရင်းမြစ်ထံမှ သိရသည်။
-

စစ်ကောင်စီ၏ အခိုင်အမာစခန်းတစ်ခုဖြစ်သည့် ဖားကန့် ဝှေခါဗျူဟာကုန်းကို KIA/KPDF သိမ်းပိုက်ရရှိ၊ ဗိုလ်မှူးထွက်ပြေး
RNA_ဖားကန့် ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ဝှေခါဗျူဟာကုန်းကို ယနေ့ နံနက် (၇)နာရီ ဝန်းကျင်က KIA/KPDF မှ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း၊ ဗျူဟာကုန်းကို ဦးဆောင်နေသည့် ဗိုလ်မှူးထွက်ပြေးသွားကြောင်း Red News Agency သတင်းရင်းမြစ်ထံမှ သိရသည်။
“ဒီလ (၆)ရက်နေ့ကနေ စခန်းကုန်းရဖို့ ကြိုးစားခဲ့ကြတာ၊ (၁၅) ရက်မြောက်မှာ အောင်မြင်စွာ သိမ်းနိုင်ခဲ့တာပါ၊ ဝှေခါဗျူဟာဆိုတာ ဖားကန့်နဲ့အင်းတော်ကြီးဒေသကို ချိတ်ဆက်ထားတဲ့ အရေးပါတဲ့ စခန်းကုန်းတစ်ခုပါ၊ ဗျူဟာက ဗိုလ်မှူးနဲ့အဖွဲ့တွေ ထွက်ပြေးတာကို လိုက်ဖမ်းတာနဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတာမို့ အခြေအနေအသေးစိတ်ကိုတော့ မထုတ်ပြန်နိုင်သေးပါဘူး”လို့ သတင်းရင်းမြစ်က ပြောထားသည်။