စစ်ကောင်စီ၏ အခိုင်အမာစခန်းတစ်ခုဖြစ်သည့် ဖားကန့် ဝှေခါဗျူဟာကုန်းကို KIA/KPDF သိမ်းပိုက်ရရှိ၊ ဗိုလ်မှူးထွက်ပြေး

RNA_ဖားကန့် ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ဝှေခါဗျူဟာကုန်းကို ယနေ့ နံနက် (၇)နာရီ ဝန်းကျင်က KIA/KPDF မှ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း၊ ဗျူဟာကုန်းကို ဦးဆောင်နေသည့် ဗိုလ်မှူးထွက်ပြေးသွားကြောင်း Red News Agency သတင်းရင်းမြစ်ထံမှ သိရသည်။

“ဒီလ (၆)ရက်နေ့ကနေ စခန်းကုန်းရဖို့ ကြိုးစားခဲ့ကြတာ၊ (၁၅) ရက်မြောက်မှာ အောင်မြင်စွာ သိမ်းနိုင်ခဲ့တာပါ၊ ဝှေခါဗျူဟာဆိုတာ ဖားကန့်နဲ့အင်းတော်ကြီးဒေသကို ချိတ်ဆက်ထားတဲ့ အရေးပါတဲ့ စခန်းကုန်းတစ်ခုပါ၊ ‌ဗျူဟာက ဗိုလ်မှူးနဲ့အဖွဲ့တွေ ထွက်ပြေးတာကို လိုက်ဖမ်းတာနဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတာမို့ အခြေအနေအသေးစိတ်ကိုတော့ မထုတ်ပြန်နိုင်သေးပါဘူး”လို့ သတင်းရင်းမြစ်က ပြောထားသည်။



ဇန်နဝါရီ (၆)ရက်နေ့က စတင်သည့် ဝှေခါတိုက်ပွဲတွင် ဝှေခါရဲစခန်းကုန်းကိုရရှိပြီး စခန်းမှူးကို အရှင်မိခဲ့သော်လည်း စစ်ကောင်စီ၏ လေယာဉ်ပစ်ကူနှင့် ဖားကန့်ဗျူဟာမှ လက်နက်ကြီးပစ်ကူ အလွန်အကျွံအသုံးပြုခဲ့သည့်အတွက် စစ်တပ်အထိုင် ဝှေခါဗျူဟာကုန်း ရရှိရေး (၁၅) ရက်ကြာထိ ကြိုးစားခဲ့ရကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ၂၀၂၄ ခုနှစ်အတွက် စစ်တပ်အခိုင်အမာတပ်စွဲသည့် စခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး အခြားအခိုင်အမာအထိုင်ချထားသည့် ဖားကန့်ဗျူဟာ၊ လမောင်ကုန်းစခန်း၊ ယမ်းချက်စက်ရုံ၊ နန့်ယားစစ်တပ်ကုန်းနှင့် ကာမိုင်းဗျူဟာတို့ ကျန်ရှိနေသေးသည်။


“KIA တပ်မဟာ (၉)ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ ဖားကန့်က ရဲဘော်တွေ သင်ယူကြိုးစားခဲ့ကြတာဖြစ်ပါတယ်၊ ပြည်သူတွေအတွက် အောင်ပွဲတွေဆက်လက်ရယူပေးသွားမှာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်” ဟု KPDF တာဝန်ရှိသူက ပြောသည်။

တစ်ဦးတစ်ယောက်ကို မုန်း၍ တိုက်နေခြင်းမဟုတ်ကြောင်း၊ အာဏာရှင် စနစ်ဆိုးကို တိုက်ဖျက်နေခြင်း ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စိတ်ဓါတ်မကျပဲ ပူးပေါင်းကူညီကြရန် မေတ္တာရပ်ခံပြီး ယခုအောင်ပွဲမှ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်သည်အထိ အောင်ပွဲများရယူသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားထားသည်။

#RedNewsAgency

By Editor