ဝှေခါဗျူဟာကုန်းတိုက်ပွဲအတွင်းမှ စစ်ကောင်စီလက်အောက်ခံ အလောင်းများအား မြေမြှုပ်သင်္ဂြိုလ်ပေးနေရ

RNA_ဖားကန့် ဇန်နဝါရီလ ၂၂ ရက်၊၂၀၂၄ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီ၏ ဝှေခါဗျူဟာကုန်းအား KIA/KPDF များက ဇန်နဝါရီ ၂၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ တပ်သားများ၏ အလောင်းများအား မြေမြှုပ်သင်္ဂြိုလ်ပေးနေရကြောင်း သိရသည်။

“မနေ့က (၁၂) လောင်း မြေမြှုပ်ပေးခဲ့ရတယ်၊ ငါတို့ရွာထဲအိမ်စောင့် ကျန်နေတဲ့သူတွေလိုက်ခေါ်လို့ သွားမြှုပ်ပေးတာ၊ စခန်းကုန်းပေါ်က မဟုတ်ဘူး၊ အောက်ချိုင့်လျှိုထဲကရတာ”ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

ဝှေခါစခန်းကုန်းပေါ်မှ လက်နက်ကြီးပစ်ကူ လေယာဉ်ပစ်ကူဖြင့် စခန်းစွန့်ခွာထွက်ပြေးသည့်အတွက် စခန်းကုန်းပေါ်၌ စကစ အလောင်းသိပ်မတွေ့ရပဲ ချိုင့်ထဲလျှိုထဲထိလိုက်လံတိုက်ခိုက်ရာမှ သေဆုံးသည့် စကစ ရုပ်အလောင်းများ ကျန်ရှိနေနိုင်သေးသဖြင့် ရှာဖွေနေရဆဲဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးသည့် ဗိုလ်မှူးစံလွင်သည်လည်း လွတ်မြောက်သွားသည်လား၊ သေဆုံးသွားသည်လားကို ယနေ့ အထိ အတည်မပြုနိုင်သေးကြောင်း KIA/KPDF သတင်းရင်းမြစ်ထံမှ သိရသည်။

“ဝှေခါကနေ ဆုတ်ပြေးတဲ့ ဗိုလ်မှူး စံလွင်ပါတဲ့အဖွဲ့က ဆိုင်းတောင် ဘာသာပေါင်းစုံသင်္ဂျိုင်းကုန်း အနားမှာ လမ်းပေါ်တက်လာတာ၊ ဖားကန့်နဲ့ဆိပ်မူကနေ လာကြိုတဲ့ စကစကား (၇)စီး အဲ့ဒီနေရာမှာ လာကြိုတာ၊ အဲ့ဒီနေရာမှာပဲ ကျနော်တို့ KIA/KPDF ကနေပြီး စကစ စစ်ကူလာမယ့်အဖွဲ့ကို ဖြတ်တောက်ရေးလုပ်မယ့်အဖွဲ့က ကြိုစောင့်နေတာ၊ အဲ့မှာထပ်တိုက်ကြတာပဲ၊ စကစဘက်က ကားတစ်စီး ပက်လက်လန်တယ်၊ အထိအခိုက်များတယ်၊ ဝှေခါက ဗိုလ်မှူးစံလွင် ကားနဲ့ပါသွားလို့ Kနဲ့P ကလည်း ‌ဆိုင်းတောင်ရွာ မှော်ရှန်ရပ်ကွက်အထိ လိုက်ပစ်ကြတာ၊ မှော်ရှန်ကနေ ရွာမထဲအထိကြတော့ ပြည်သူတွေ တအားထိမှာစိုးလို့ ရပ်လိုက်တာ၊ အဲ့ဗိုလ်မှူးက ကျည်ထိထားတယ်လို့တော့သိရတယ်၊ သေသလား ရှင်သလား မသိရတာ”ဟု Red News Agency ၏ သတင်းရင်းမြစ်က ပြောသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ (၂၀) ရက်နေ့က ဝှေခါဗျူဟာကုန်းနှင့် စကစ၏ လာကြိုသည့်အဖွဲ့အား တော်လှန်ရေး အက်အားစုများက တိုက်ခိုက်မှုတွင် စကစဘက်က အထိနာခဲ့ပြီး တောတောင်လျှိုမြောင်းများကြား သေဆုံးသူများရှိနေသည့်အတွက် စာရင်းအတိအကျကို မထုတ်ပြန်နိုင်သေးကြောင်း၊ ဆိုင်းတောင်ကျေးရွာအနီး ဖြတ်တောက်တိုက်ခိုက်မှုတွင် စကစ က လမ်းသွားလမ်းလာများအား ပစ်ခတ်ခဲ့မှုကြောင့် အရပ်သားပြည်သူ (၄) ဦး သေဆုံးပြီး လက်နက်ကြီးထိမှန်ပြီး မှော်ရှန်ကျေးရွာမှ ပြည်သူအချို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

#RedNewsAgency

By RNA Editor